ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် မုတ်သုံရာသီကိုအားတင်းဖြတ်ကျော်နေကြရသည့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာမိသားစုများ
မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင် နေအိမ်တွေ ဆုံးရှုံးခဲ့ရသည့် နေရပ်စွန့်ခွာ နေထိုင်သူ သိန်းနဲ့ချီ မိုးသည်းထန်မှုကြောင့် ပိုမို အခက်ကြုံ
နှစ်စဥ် ဇွန်လနှင့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တ၀န်းရှိ လူမှုအသိုင်းအ၀ိုင်းများသည် မုတ်သုံရာသီအတွင်း ဒေသအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။
ယခုနှစ်တွင် မုတ်သုံရာသီသည် တမူထူးသော စိန်ခေါ်မှုများကို သယ်ဆောင်လာမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း နာဂစ် နောက်ပိုင်း ယခုနှစ် မေလတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သည့် အပြင်းထန်ဆုံးမုန်တိုင်းဖြစ်သည့် ဆိုင်ကလုန်းမိုခါသည် ရခိုင်ကမ်းရိုးတန်းမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။
မြန်မာနိုင်ငံအနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းတို့ကို တိုက်ခတ်ဖျက်ဆီးခဲ့ပြီးနောက် နှစ်လကြာကာလထိ ပြည်နယ်၏ မြို့တော်စစ်တွေမြို့အတွင်း ဖြာထွက်နေသည့် လမ်းများတစ်လျှောက်တွင် ပျက်စီးဆုံးရှုံးမှုမြင်ကွင်းများ မြင်တွေ့နေရဆဲဖြစ်သည်။ နံရံများပြိုကျလျက်ရှိသည့် အဆောက်အဦများ၊ ခေါင်မိုးများပြုတ်ထွက်ခြင်းနှင့် ပြတင်းပေါက်များကျိုးပဲ့ခြင်း၊ ပြန့်ကျဲလျက်ရှိသည့် ပြိုကျနေသည့် လျှပ်စစ်ဓာတ်အားတိုင်များနှင့် အခြားသော ပျက်စီးနေသည့် အခြေခံအဆောက်အအုံများနှင့် ရောနှောလျက်ရှိသည့် မြင်ကွင်းကို တွေ့မြင်ရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်သည် ၂၀၁၂ ခုနှစ် မှစတင်၍ လူဦးရေထူထပ်သည့် နေရပ်စွန့်ခွာစခန်းများတွင် နေထိုင်နေရသော ရိုဟင်ဂျာ ၁၅၇,၀၀၀ အပါအဝင် လူမှုအသိုင်းအဝန်းအကြား လူမျိုးရေးပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် မိမိတို့၏ နေအိမ်များမှ အတင်းအဓမ္မနေရပ် စွန့်ခွာနေထိုင်ခဲ့ကြရသည့် ပြည်တွင်းနေရပ်စွန့်ခွာနေရသူပေါင်း ၂၂၈,၀၀၀ ကျော် နေထိုင်ရာနေရာဖြစ်သည်။
ဒါးပိုင်သည် နေရပ်စွန့်ခွာ ရိုဟင်ဂျာ ၁၂,၀၀၀ ကျော် နေထိုင်ရာစခန်းတစ်ခုဖြစ်ပြီး အပျက်အစီးများနှင့် ရေ တင်းကြမ်းပြည့်နေသည့် မြေလွှာကို မျက်စိတစ်ဆုံးမြင်နေရသည့် နေရာလည်း ဖြစ်သည်။ အဆိုပါစခန်းသည် ဆိုင်က လုန်းမုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရသည့် နေရာများအနက် တစ်နေရာဖြစ်ပြီး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဒါးပိုင် တည်ရှိရာ စစ်တွေမြို့နယ်သည် အိန္ဒိယသမုဒ္ဒရာထဲသို့ စီးဝင်သော မြစ်သုံးစင်းဖြစ်သည့် ကုလားတန်၊ လေးမြို့နှင့် မေယု ပေါင်းဆုံရာ မြစ်ဆုံဒေသ ဖြစ်သည်။ အဆိုပါ မြို့နယ်သည် ဆိုင်ကလုန်းမုန်တိုင်း တိုက်ရိုက် လမ်းကြောင်းကျရောက်ခဲ့ပြီး မုန်တိုင်းနှင့်အတူပါလာသော ပြင်းထန်သည့် ရေလှိုင်းများက မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်စေခဲ့ကာ၊ သေဆုံးသူအရေအတွက်ကို မသိရနိုင်သေးပေ။
ဒါးပိုင်တွင် နေထိုင်သည့် လူမှုအသိုက်အဝန်းအနေဖြင့် ပူဆွေးသောကဖြစ်ရန် အချိန်များများစားစား မရနိုင်ခဲ့ပေ။ မုတ်သုံမိုး စတင်နေပြီဖြစ်သောကြောင့် စခန်းတွင်းနေထိုင်သူများအဖို့ မိုးရာသီအလယ်သို့မရောက်မီ မိမိတို့ နေထိုင်ရာနေရာများကို တတ်စွမ်းသမျှ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးပမ်းကြရသည်။ သို့သော် ယခုအချိန်အထိ ထိခိုက်ပျက်စီးသွားသည့် နေအိမ်အမိုးအကာအနည်းငယ်မျှကိုသာ ပြန်လည်ပြုပြင်ပြီးဖြစ်ကာ ကျန်လူထောင်ပေါင်းများစွာတို့မှာ သဘာ၀၏ဘေးအန္တရာယ်ကို ခံစားနေရဆဲဖြစ်သည်။
“ကျမတို့ရဲ့လူမှုအသိုက်အ၀န်းက စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရပါတယ်။ လူတော်တော်များများက သူတို့ရဲ့ အမိုးအကာတွေကို ပြုပြင်နိုင်ဖို့ အကူအညီတွေ လိုအပ်နေပါသေးတယ်။ မိုးတွေကလဲ ရွာနေပြီဆိုတော့ ရေရှည်မှာ အခြေအနေတွေ ပိုပြီး ဆိုးလာမှာကို ကျမတို့ စိုးရိမ်နေပါတယ်။” ဟု စခန်းရှိ ရပ်ရွာစေတနာ့ဝန်ထမ်း Amraan က ပြောသည်။
မုတ်သုံရာသီသည် ကမ်းစပ်နေရာဒေသတွင် နေထိုင်လျက်ရှိသော လူမှုအသိုင်းအဝိုင်းများ ရင်ဆိုင်နေရသော အခက်အခဲများကို ထပ်ဆင့်ကဲစေသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများသည် ပြင်းထန်စွာ ခွဲခြားဆက်ဆံခံရမှုများနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏ အခြေခံအခွင့်အရေးများ ရရှိရေးကို အဟန့်အတားဖြစ်စေသည်။ အများစုသည် ဝင်ငွေရရှိနိုင်မှုနှင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အခြေခံဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်သည့် ၎င်းတို့၏ လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်ချက်များကြောင့် အလွန်အမင်း ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ(UNHCR)နှင့် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများသည် ဒေသခံ အာဏာပိုင်များမှ အကန့်အသတ်ဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ခွင့်ပေး ထားသည့် နေရာဒေသများမှ နေရပ်စွန့်ခွာသူများသာမက နေရပ်စွန့်ခွာသူများမဟုတ်သည့် လူမှုအသိုက်အ၀န်းများ အတွက် ယင်းတို့လုပ်ဆောင်လျက်ရှိသည့် ကူညီပံ့ပိုးမှုကို ဆတက်ထမ်းပိုး ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။
နေရပ်စွန့်ခွာစခန်းများနှင့် ကျေးရွာများတွင် တာပေါ်လင်များ အလျင်အမြန် ဖြန့်ဝေနိုင်ရေးနှင့် အများနေထိုင်သည့် အိမ်တန်းရှည်များ ပြန်လည်တည်ဆောက်နိုင်ရေးတို့အတွက် လုပ်ငန်းများ လုပ်ဆောင်လျက် ရှိနေပါသည်။ လက်ရှိ ကာလအထိ လူပေါင်း ၁၀၀,၀၀၀ ကျော် အတွက် နေအိမ်အမိုးအကာနှင့် အခြေခံအိမ်သုံးပစ္စည်းများဖြင့် ပံ့ပိုးကူညီ ပေးထားပါသည်။
"ဒီနှစ် မုတ်သုံရာသီအတွက် လိုအပ်ချက်တွေက အရမ်းများတယ်။" ဟု စစ်တွေမြို့ရှိ UNHCR ရုံး၏ အကြီးအကဲဖြစ်သူ Federico Sersale က ပြောသည်။ “ကျနော်တို့ လူအမြောက်အမြားကို ကူညီပေးနိုင်ဖို့ဆိုရင် သွားလာလုပ်ကိုင်ခွင့် ပိုမို ရရှိဖို့ လိုအပ်ပါတယ်၊ ဒါမှသာ ကျနော်တို့ လူမှုအသိုင်းအ၀ိုင်း အများအပြားထံ ပိုမို ရောက်ရှိနိုင်မှာဖြစ်ပြီး သူတို့ကို မိုးရာသီဒဏ်ကနေ ကာကွယ်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။”
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် ဆုံးရှုံးမှုများနှင့် ဆင်းရဲဒုက္ခများကြုံတွေ့ရသည့် ဖြစ်အင်များဖြင့် ပြည့်နှက် နေသည်။ ဘာဆာရာကျေးရွာမှ အသက် ၆၃နှစ်ရှိ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်သည့် အာဘီယာ ခါတုသည် ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်နှင့်တကွ ပစ္စည်းဥစ္စာများ ဆုံးရှုံးခဲ့ရသူဖြစ်သည်။ “(ဆိုင်ကလုန်းမုန်တိုင်းတိုက် ပြီးတဲ့နောက်) ကျမ အရမ်း တုန်လှုပ်သွားတယ်။ ကျွန်မရဲ့အိမ်ကိုတောင် ကျွန်မ ရှာမတွေ့တော့ဘူး။ အကုန်လုံး ပျက်စီးသွားတယ်။” ဟုပြောသည်။ ယခုအခါ သူမသည် UNHCR မှ ပံ့ပိုးကူညီပေးထားသည့် တာပေါ်လင်ကို အသုံးပြု၍ ဆောက်လုပ်ထားသည့် ယာယီတဲအိမ်တွင် နေထိုင်နေပါသည်။
တဲအိမ်အတွင်းဖက်တွင် UNHCR မှ ပံ့ပိုးပေးထားသည့် ဖျာ၊ ရေပုံး၊ စောင်နှင့် မီးဖိုချောင်သုံးပစ္စည်းများနှင့်အတူ တစ်ကိုယ်ရေသုံးပစ္စည်းအချို့ကို ကျပ်ကျပ်တည်းတည်း နေရာချထားသည်။ လူမှုအသိုင်းအ၀ိုင်းများမှ ယင်းတို့ ပိုင်ဆိုင်သည့် ပစ္စည်းများဆုံးရှုံးခဲ့ရခြင်းကို ပြေလည်စေနိုင်ရန်အတွက် အဆိုပါ အခြေခံအိမ်သုံးပစ္စည်းများကို UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကူညီပံ့ပိုးပေးထားခြင်း ဖြစ်ပါသည်။
ရေရှည်ဖြေရှင်းနည်းများ လိုအပ်
ဆိုင်ကလုန်းမုန်တိုင်းသည် သူ့လမ်းကြောင်းပေါ်ရှိ မည်သည့်လူမှုအသိုက်အဝန်းကိုမှ အလွတ်မပေးခဲ့ပါ။ စစ်တွေ မြို့လယ်ရှိ ငါးစင်ရိုင်းချောင်းကျောင်းတိုက်တွင် နေထိုင်သူများသည် အများပိုင် နေအိမ်အမိုးအကာနှင့် အဆောက်အအုံများ ပျက်စီးသွားသည့်အတွက် ရတက်မအေး ဖြစ်နေကြရသည်။ “ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒီမှာရှိတဲ့ အိမ်သာ ၁၂ လုံး ထဲက ၁၀ လုံး ပျက်စီးသွားတယ်။ အခုဆို မနက်တိုင်း အကြာကြီး စောင့်နေရတာ၊ ပြီးတော့ အမျိုးသမီးတွေအတွက်လဲ ရေချိုးဖို့နေရာတွေ မရှိတော့ဘူး”ဟု အသက် ၃၁ နှစ် အရွယ် မစိုးယိုင်က ပြောသည်။
အဆိုပါ ဘုန်းကြီးကျောင်းသည် ၂၀၂၀ ခုနှစ်တွင် ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ကြား ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ရခိုင်မိသားစု ၃၅ စုအတွက် ခိုလှုံရာနေရာတစ်ခုဖြစ်သည်။ ယင်းနေရာရှိ တစ်အိမ်လျှင် မိသားစုခြောက်စုအထိ နေထိုင်နိုင်သည့် အများပိုင် အိမ်တန်းရှည်များအားလုံးသည် မုန်တိုင်းဒဏ်ကြောင့် အတော်အသင့်မှ ပြင်းပြင်းထန်ထန် အခြေအနေအထိ ပျက်စီးခဲ့သည်။
“စိတ်မပူပဲ ဘယ်နေနိုင်ပါ့မလဲ။ မိုးရွာတိုင်း အိမ်ခေါင်မိုး မိုးယိုတယ်။ နောက်ထပ် မုန်တိုင်းဝင်လာခဲ့ရင် ကျွန်မအိမ်လေး ပြိုကျသွားနိုင်တယ်။ စိတ်ဆင်းရဲနေရတယ်” ဟု မစိုးယိုင်က ပြောသည်။
တာပေါ်လင်များ ဖြန့်ဝေပေးခြင်း၊ ပျက်စီးနေသော အမိုးအကာများ ပြန်လည်တည်ဆောက်ခြင်းနှင့် အများပိုင် အဆောက်အအုံများ ပြုပြင်ခြင်းတို့ သေချာစေရန် UNHCR သည် မိတ်ဖက်အဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
စက်ရုံစုရပ်ကွက်အနီးနားရှိ နေရပ်စွန့်ခွာ ရခိုင်လူမျိုးအနည်းစု ယာယီစစ်ဘေးရှောင်သည့်အနေဖြင့် လာရောက် နေထိုင်ရာနေရာမှ အသက် ၆၅ နှစ် ရှိ ဦးအေးဒွန်းသည် မုန်တိုင်းအတွင်း ပြိုကျခဲ့သည့် ယင်း၏ နေအိမ်အမိုးအကာကို မကြာမီက ပြန်လည် ဆောက်လုပ် ပြီးစီးခဲ့သည်။
UNHCR မှ ပံ့ပိုးကူညီပေးထားသည့် အဖြူရောင်တာပေါ်လင်ကို မိုးထားသည့် သူ၏ အိမ်ကို ပြန်လည်တည်ဆောက်ရန် နှစ်ပတ်ကျော် အချိန်ယူခဲ့ရသည်။ “အကုန်လုံး ကျွန်တော်ကိုယ်တိုင် ပြင်ထားတာ။ ကျွန်တော်က၀ါးလက်မှုပညာ ကျွမ်းကျင်တဲ့အတွက် နောက်ထပ်အလုပ်သမား ငှားစရာမလိုပဲ ကိုယ့်ဘာသာကိုယ် အကုန်ပြန်ဆောက်နိုင်တာ။ မဟုတ်ရင်တော့ အကုန်အကျ အရမ်း များမှာပေါ့” ဟု သူက ဆိုသည်။
သို့သော် နေ့စားအလုပ်သမားတစ်ဦးဖြစ်သူ ဦးအေးဒွန်းအတွက် နေအိမ်ပြန်ဆောက်နေစဥ်ကာလအတွင်း ၀င်ငွေ မရှာနိုင်ခဲ့ပေ။ စီးပွားရေးအရ ထိခိုက်နစ်နာလွယ်မှု ခံစားရသည့် အသိုက်အဝန်းရှိ အခြားသူများစွာသည်လည်း မုတ်သုံရာသီတွင် ခြောက်သွေ့စွာ နေနိုင်စေရန် ၎င်းတို့၏ အမိုးအကာများကို ပြင်ဆင်ရန် လိုအပ်သည့်အတွက် နေ့စဥ် လုပ်အားခကို စွန့်လွှတ်လိုက်ရသည့် အခက်အခဲအကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။
ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် ကုန်ဈေးနှုန်းများ တဟုန်ထိုးတက်သွားသဖြင့်၊ တာပေါ်လင်နှင့် အခြေခံအိမ်သုံး ပစ္စည်းများ ထောက်ပံ့ခြင်းကဲ့သို့ ထိခိုက်လွယ်သော မိသားစုများအတွက် အလိုအပ်ဆုံး ကယ်ဆယ်ရေးပစ္စည်းအချို့ကို ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဆောင်ရွက်စရာ များစွာ ကျန်ရှိနေပါသေးသည်။ မုန်တိုင်းမတိုက်ခတ်မီကရှိသည့် လူပေါင်း ၃၉၀,၀၀၀ အပါအ၀င် ရခိုင်ပြည်နယ်တ၀န်းရှိ လူပေါင်း ၆၅၇,၀၀၀ ထက်မနည်း အမိုးအကာဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ အများစုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ခွင့် ကန့်သတ်ထားသဖြင့် ရောက်ရှိရန်ခက်ခဲသည့် နေရာဒေသများမှ ဖြစ်သည်။
“အခုအချိန်မှာ ကျွန်တော်တို့ရဲ့ ဦးစားပေးက လူတွေကို သူတို့ရဲ့ ဦးခေါင်းထက်မှာ လုံခြုံတဲ့ အမိုးအကာ ရရှိနိုင်စေဖို့ပါ၊ ဒါပေမယ့် အခြေခံအခွင့်အရေးနဲ့ ဝန်ဆောင်မှုတွေကို လက်လှမ်းမီနိုင်မှုအပါအဝင် ရေရှည်ဖြေရှင်းချက်တွေနဲ့ နေရပ်စွန့်ခွာလူမှုအသိုက်အ၀န်းတွေကို ဆက်လက်ပံ့ပိုးကူညီပေးဖို့နဲ့ သူတို့ရဲ့ မူလ ဒါမှမဟုတ် သူတို့လိုလားတဲ့ နေရာတွေကို ပြန်လာနိုင်အောင် ကူညီပေးဖို့လည်း အရေးကြီးပါတယ်။” ဟု UNHCRမှ Sersale က ပြောသည်။