ဒီကနေ့မှာ စစ်ပွဲတွေ၊ နှိပ်စက်ညှဥ်းပန်းမှုတွေနဲ့ ဘေးအန္တရာယ်အမျိုးမျိုးတို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် သန်းပေါင်းများစွာကို အသိအမှတ်ပြုပါတယ်။
တစ်ဦးချင်းစီမှာ မိသားစုဝင်တစ်ဦးဦးနဲ့ တကွဲတပြားပြားဖြစ်တာ၊ အနာဂတ်ဘဝ ကပြောင်းကပြန်ဖြစ်တာ စတဲ့ နာကျင်စရာ ဆုံးရှုံးမှုတစ်ခုခု ရှိနေပါတယ်။
အများစုဟာ ပိတ်ပင်တားဆီးမှုတွေအပြင် မြင့်တက်လာနေတဲ့ နိုင်ငံခြားသားမုန်းတီးမှုတွေပါ ရင်ဆိုင်နေကြရပါတယ်။
ဆူဒန်ကနေ ယူကရိန်း၊ ဟေတီကနေ မြန်မာအထိ စံချိန်တင် လူဦးရေ အများအပြား အသက်ဘေးအတွက် ထွက်ပြေးတိမ်းရှောင်နေကြရပေမဲ့ ထောက်ပံ့ကူညီမှုတွေကတော့ လျော့နည်းလာနေပါတယ်။
နောက်ပြီး ဒုက္ခသည်တွေကို လက်ခံပေးနေတဲ့ လူမှုအသိုက်အဝန်းတွေ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေကဆိုရင် အကြီးမားဆုံးဝန်ကို ထမ်းနေရတာဖြစ်ပါတယ်။
ဒါဟာ မမျှတသလို ရေရှည်တည်တံ့နိုင်မှုလည်း မရှိနိုင်ပါဘူး။
ကမ္ဘာကြီးက မဖြည့်ဆည်းပေးနိုင်ပေမယ့်လည်း ဒုက္ခသည်တွေဟာ ထူးခြားတဲ့ ရဲရင့်မှု၊ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကို ဆက်လက်ပြသနေကြဆဲဖြစ်ပါတယ်။
ဒါ့ပြင် သူတို့တွေဟာ အခွင့်အလမ်းတွေရရှိတဲ့အခါ စီးပွားရေး တိုးတက်စေတာ၊ ယဉ်ကျေးမှု ထွန်းကားစေတာ၊ လူမှုဆက်ဆံရေး တိုးတက်ခိုင်မာစေတာတွေနဲ့ အနှစ်သာရပြည့်ဝစွာ ပံ့ပိုးဆောင်ရွက်ကြပါတယ်။
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာတော့ စည်းလုံးညီညွတ်မှုကို အပြောထက် လက်တွေ့ အကောင်အထည်ဖော်ကြရပါမယ်။
စည်းလုံးညီညွတ်မှုဆိုတာဟာ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့တွေကို မြှင့်တင်တာ၊ ကာကွယ်စောင့်ရှောက်မှုနဲ့ ပြန်လည်နေရာချထားရေးလို ရေရှည်ဖြေရှင်းနည်းတွေကို ချဲ့ထွင်တာအပြင် နိုင်ငံတကာဥပဒေရဲ့ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ ခိုလှုံခွင့်တောင်းခံနိုင်တဲ့ အခွင့်အရေးကို ထောက်ခံအားပေးတာတွေ ဖြစ်ရပါမယ်။
ဒုက္ခသည်တွေရဲ့အသံကို နားထောင်ပြီး သူတို့ရဲ့အနာဂတ်ကို ပုံဖော်ရာမှာ သူတို့ရဲ့ သဘောထား ပါဝင်ခွင့်လည်း ရှိစေရပါမယ်။
နောက်ပြီး ပညာရေး၊ သင့်တင့်တဲ့ အလုပ်အကိုင်နဲ့ သာတူညီမျှတဲ့ အခွင့်အရေးတွေနဲ့ ရေရှည် ပေါင်းစည်းမှုအတွက် ရင်းနှီးမြှုပ်နှံရမှာကို ဆိုလိုပါတယ်။
ဒုက္ခသည်တယောက်ဖြစ်လာဖို့ ဘယ်တုန်းကမှ ရွေးချယ်ခွင့် ရခဲ့တာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဘယ်လို တုံ့ပြန်မယ်ဆိုတာကိုတော့ ရွေးချယ်လို့ရပါတယ်။
ဒါ့ကြောင့် စည်းလုံးညီညွတ်ကြဖို့ကို ရွေးချယ်ကြရအောင်ပါ။ ရဲရင့်ဖို့ကို ရွေးချယ်ကြရအောင်ပါ။ လူသားဆန်ကြဖို့ကို ရွေးချယ်ကြရအောင်ပါ။