မုန်တိုင်းလမ်းကြောင်းတွင် လူဦးရေ ၃.၄ သန်းခန့် နေထိုင်ကြပါတယ်။
ယူနီဆက်၏ ဒေသတွင်း အစီရင်ခံစာ အသစ်ဖြစ်သည့် ‘‘Over the Tipping Point” အရ မြန်မာကလေးငယ် ၉၀ ရာခိုင်နှုန်းကျော်သည် တစ်ချိန်တည်းတွင် သုံးခုနှင့်အထက် ဖြစ်ပေါ်နေသော ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များကို ရင်ဆိုင်နေကြရပါသည်။
အဆိုပါအစီရင်ခံစာက အရှေ့အာရှနှင့် ပစိဖိတ်ဒေသမှ ကလေးငယ်များသည် အခြားကမ္ဘာ့ဒေသ အစိတ်အပိုင်းများမှ ကလေးငယ်များထက် ရာသီဥတု ကပ်ဘေးအန္တရာယ်များစွာနှင့် ပို၍ထိတွေ့ရနိုင်ကြောင်း ရှင်းပြထားပါသည်။ ထို့အပြင် ကလေးသူငယ်များကို ကာကွယ်ပေးရန်အတွက် ရာသီဥတုအန္တရာယ်ကို ပိုမိုဖြေရှင်းပေးနိုင်မည့် လူမှုဝန်ဆောင်မှုများနှင့် မူဝါဒများတွင် အဆောတလျင် ရင်းနှီးမြှုပ်နှံကြရန် အကြံပြုတောင်းဆိုထားပါသည်။
ပဋိပက္ခများနှင့် အခြားသော ဆုံးရှုံးမှုများကို နှစ်အတန်ကြာ ခံစားရပြီးဖြစ်သည့် မြန်မာနိုင်ငံ၏ ဒေသများမှာ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထပ်မံပျက်စီးဆုံးရှုံးရပါတယ်။ ဒီအချက်ကိုကြည့်ခြင်းဖြင့် ကလေးများနှင့် မိသားစုများအပေါ် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို ရှင်းလင်းစွာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ပြင်းထန်စွာ ထိခိုက်ခဲ့သည့် ဒေသများတွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၃.၄ သန်းခန့် နေထိုင်ကြပါသည်။
ကမ္ဘာတစ်ဝန်းတွင် အပူချိန်နှင့် ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာခြင်းနှင့်အတူ မုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုခြင်းများနှင့် မိုးခေါင်ရေရှားခြင်းများကဲ့သို့ ပြင်းထန်သည့် ရာသီဥတုအခြေအနေများ ပိုမိုဖြစ်ပေါ်လာသည့်အတွက် ကလေးငယ်သန်းပေါင်းများစွာမှာ အန္တရာယ်နှင့်ရင်ဆိုင်နေကြရပါသည်။ ကလေးများနှင့် ၎င်းတို့၏ မိသားစုများစွာသည် နေရပ်စွန့်ခွာရခြင်းများနှင့် ရှင်သန်ရပ်တည်ရန် အခက်အခဲများအပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် ရေနှင့် သန့်ရှင်းရေးဝန်ဆောင်မှုများကို လက်လှမ်းမီရရှိရန် အကန့်အသတ်များစွာ ရှိနေကြပါသည်။
မြန်မာနိုင်ငံတွင် COVID-19 နှင့် ပဋိပက္ခ၏ သက်ရောက်မှုများအပြင် အသက်မွေးလုပ်ငန်းများအပေါ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီးပွားရေးသက်ရောက်မှုများကြောင့် ပညာရေးစရိတ် မတတ်နိုင်သောကြောင့်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကူညီရန်အတွက်လည်းကောင်း မိသားစုများစွာသည် သားသမီးများကို ကျောင်းဆက်မထားနိုင်ဘဲ ကျောင်းထုတ်ရသည့်အခြေအနေများ ကြုံတွေ့နေရပါသည်။
ကလေးသူငယ်များ၏ ရာသီဥတု အန္တရာယ် အညွှန်းကိန်း (CCRI) ပေါ်အခြေခံသည့် နောက်ဆုံးလေ့လာချက်အရ အရှေ့အာရှနှင့် ပစိဖိတ်ဒေသမှ ကလေးငယ်ဦးရေ သန်း ၂၁၀ ကျော်သည် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကိုလည်းကောင်း၊ ကလေးငယ်ဦးရေ သန်း ၁၄၀ ခန့်သည် ရေရှားပါးမှုနှင့်လည်းကောင်း၊ ကလေးငယ်ဦးရေ သန်း ၁၂၀ သည် ကမ်းရိုးတန်း ရေကြီးရေလျှံမှုနှင့်လည်းကောင်း၊ ကလေးငယ်ဦးရေ သန်း ၄၆၀ သည် လေထုညစ်ညမ်းမှု နှင့်လည်းကောင်း ကြုံတွေ့ရနိုင်သည့် အန္တရာယ်မြင့်မားနေပါသည်။ ဤသက်ရောက်မှုများသည် ကလေးငယ်များ ရင်ဆိုင်နေရပြီးဖြစ်သည့် မညီမျှမှုများကို ပိုမိုဆိုးရွားစေလျှက် အနွမ်းပါးဆုံးသူများကို ပို၍ဆင်းရဲနွမ်းပါးအောင် တွန်းပို့လျှက်ရှိပါသည်။
မိသားစုများအနေဖြင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအကြား ဆိုင်ကလုန်းမိုခါတိုက်ခတ်မှု၏ နောက်ဆက်တွဲဒုက္ခများနှင့်ပါ ရုန်းကန်နေကြရချိန်တွင် မိန်းကလေးငယ်များသည် ယောက်ျားလေးများနှင့် အမျိုးသားများထက် ကပ်ဘေးအန္တရာယ်များ၏ သက်ရောက်မှုဒဏ်ကို ပို၍ခံရနိုင်ဖွယ်ရှိသည်ကို သတိရရန် အရေးကြီးပါသည်။ မသန်စွမ်းကလေးငယ်များသည်လည်း သဘာဝကပ်ဘေးတစ်ခုဖြစ်ပွားပြီးနောက် ဆိုးရွားသော ရလဒ်များနှင့် ပို၍အန္တရာယ်ကြီးမားစွာ ရင်ဆိုင်ရဖွယ်ရှိပါသည်။
မြန်မာနိုင်ငံတစ်ဝန်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသော ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ပံ့ပိုးမှုများ ဆက်လက်ပံ့ပိုးပေးနေသည့်အပြင် ယူနီဆက်သည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်မှုရှိသည့် ကလေးငယ်များနှင့် မိသားစုများအား အရေးကြီးအကူအညီများပေးရန် လုပ်ဆောင်လျှက်ရှိပါသည်။