ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ လူငယ်စွမ်းရည်များနေ့မှာ ကျွမ်းကျင်မှုတွေက အသုံးပြုတဲ့ ကိရိယာတွေအဖြစ် သာမက လုပ်ပိုင်ခွင့်တွေနဲ့ အခွင့်အလမ်းတွေ ရရှိစေတဲ့ ယန္တရားတွေ ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုရပါတယ်။
သမားရိုးကျ အသိပညာကနေ ဖန်တီးမှုအနုပညာတွေ၊ လူထုခေါင်းဆောင်မှုအထိ အမျိုးမျိုးသော ကျွမ်းကျင်မှုစွမ်းရည်တွေဟာ လူငယ်တွေကို မိမိတို့ရဲ့ အနာဂတ်ကို ပုံဖော်နိုင်စေတဲ့အပြင် ပိုမို၍ အားလုံးပါဝင်ကာ၊ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ လူ့အဖွဲ့အစည်းတွေကို တည်ထောင်လာနိုင်စေပါတယ်။
ဒီနှစ်ရဲ့ ဆောင်ပုဒ်က ဒစ်ဂျစ်တယ်နည်းပညာနဲ့ အေအိုင် ဉာဏ်ရည်တု စွမ်းရည်တွေရဲ့ အရေးပါပုံ ကြီးထွားလာနေတာကို အတိအကျ ထောက်ပြထားပါတယ်။
အခြေခံ ဒစ်ဂျစ်တယ် အသိပညာကနေ အဆင့်မြင့် ဒေတာ သိပ္ပံပညာ (date Science) အထိ အဲဒီစွမ်းရည်တွေက လူငယ်တွေအတွက် ဒီကနေ့ မျက်မှောက်ခေတ်မှာ ရပ်တည်နေနိုင်ဖို့အတွက် သာမက နောင်မဝေးတဲ့အနာဂတ်မှာ ဦးဆောင်ဦးရွက်ပြုနိုင်ဖို့အတွက်ပါ အလွန် အရေးပါ ပါတယ်။
ဒါပေမဲ့ အခွင့်အလမ်းတွေက အားလုံးအတွက် ဖြစ်ရပါမယ်။ ဒစ်ဂျစ်တယ် ကွာဟချက်တွေကို ဖျောက်ဖျက်ဖို့လိုပါတယ်။ ဒါမှသာ လူငယ်တိုင်း ကျား-မ မရွေး၊ ပထဝီဒေသမရွေး၊ ဒါမှမဟုတ် ဘယ်လို ကျောထောက်နောက်ခံမဟူ မိမိ စွမ်းအားရှိသလောက် အပြည့်အဝ ရယူနိုင်မှာဖြစ်ပါတယ်။
ဒစ်ဂျစ်တယ် ပညာရေးက နည်းပညာဆိုင်ရာ အရည်အသွေးသာမက တီထွင်ဖန်တီးနိုင်စွမ်း၊ ဝေဖန်သုံးသပ်တွေးခေါ်နိုင်စွမ်းနဲ့ ကရုဏာတရားတွေကို ပြုစုပျိုးထောင်ပြီး လူသားအခြေပြု ဖြစ်ရပါမယ်။
နောက်ပြီး အေအိုင် ဉာဏ်ရည်တုနည်းပညာက ကျွန်တော်တို့ရဲ့ ကမ္ဘာကို ပြောင်းလဲပုံဖော်နေသလို လူငယ်တွေကိုလည်း သင်ယူလေ့လာနေသူတွေအဖြစ်သာမဟုတ်ဘဲ ပိုမို တရားမျှတတဲ့ ဒစ်ဂျစ်တယ် အနာဂတ်ကို လက်တွဲဖော်ဆောင်နေသူတွေအဖြစ် ရှုမြင်ရပါမယ်။
ဒစ်ဂျစ်တယ်ခေတ်အတွက် လူငယ်တိုင်း ကျွမ်းကျင်မှုတွေ ရရှိနေစေဖို့ ကျွန်တော်တို့ရဲ့ ဆိုင်ရာတာဝန်တွေကို ထမ်းရွက်ကြရအောင်ပါ။