သက္ကရာဇ် ၂၀၃၀ မှာ ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေး ခြိမ်းခြောက်မှုတစ်ခုအဖြစ်က အဆုံးသတ်ဖို့ဆိုတာ အောင်မြင်နိုင်ပါတယ်။
ဒါပေမဲ့ အဲဒီရည်မှန်းချက်ပန်းတိုင်ဆီရောက်ရှိဖို့အတွက် အရေးပါတဲ့ ဝန်ဆောင်မှုတွေ လူထု ရရှိရေးမှာ အတားအဆီးတွေကို ချိုးဖျက်ဖို့လိုပါတယ်။
၂၅ စက္ကန့်တိုင်းမှာ ကမ္ဘာပေါ် က လူတစ်ဦးဟာ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရပါတယ်။
အိတ်ချ်အိုင်ဗွီပိုးရှိသူတွေရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ လူပေါင်း ကိုးသန်းကျော်ဟာ အသက်ကယ်ကုသမှုတွေကို မရရှိကြပါဘူး။
ခွဲခြားဆက်ဆံမှုရှိတဲ့ ဥပဒေတွေ၊ မူဝါဒတွေ၊ အလေ့အထတွေနဲ့ အားနည်းထိခိုက်လွယ်သူတွေ အထူးသဖြင့် အမျိုးသမီးတွေ၊ မိန်းခလေးတွေနဲ့ လူနည်းစုလူမျိုးစုတွေကို အပြစ်ပေး ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ပြီး အသိအမှတ်ပြုလက်ခံထားတဲ့ ကြိုတင်ကာကွယ်မှုတွေ၊ စမ်းသပ်စစ်ဆေးမှု၊ ကုသမှုနဲ့ စောင့်ရှောက်မှုတွေ မရရှိအောင် တားဆီးထားပါတယ်။
လူသားတိုင်း အထူးသဖြင့် အားနည်းထိခိုက်အလွယ်ဆုံးသူတွေ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို အကြောက်တရားမရှိဘဲ ရယူနိုင်စေဖို့အတွက် ခေါင်းဆောင်တွေအနေနဲ့ လူ့အခွင့်အရေးတွေကို အခြေပြုပြီး ချဉ်းကပ်ဆောင်ရွက်မယ်ဆိုရင် ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေး အောင်မြင်နိုင်တယ်ဆိုတာကို ဒီနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့က သတိပေးလိုက်တာဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနဲ့ လူ့အခွင့်အရေးရဲ့ တွန်းအားနဲ့ ကမ္ဘာတစ်ဝန်း အိတ်ချ်အိုင်ဗွီ တုံ့ပြန်ဆောင်ရွက်ရေးမှာ အားတက်ဖွယ် တိုးတက်မှုတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
နေရာတိုင်း လူတိုင်းရဲ့ အခွင့်အရေးတွေကို ကာကွယ်ထားရင် ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ကျွန်တော်တို့ အနိုင်ယူ တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။
ဒီနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ရဲ့ ဆောင်ပုဒ်ကို အလေးထားပြီး အခွင့်အရေးကို အခြေပြုတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ ခေါင်းဆောင်အားလုံးကို တိုက်တွန်းလိုပါတယ်။