UNDP မှ ရှမ်းပြည်နယ်ရှိ တောင်သူလယ်သမားများအား ကူညီပံ့ပိုးပေးနေသည့် ရှေ့ပြေးစီမံကိန်းသုံးခု
ရှေ့ပြေးစီမံကိန်းအနေဖြင့် UNDP မှ ရှမ်းပြည်နယ်တောင်ပိုင်းရှိကျေးရွာများတွင် ရေသွယ်ပိုက်များ၊ ရေလှောင်ကန်များနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးခဲ့ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းသည် ရှမ်းပြည်နယ်တစ်ဝှမ်းရှိ ထောင်နှင့်ချီသော ပြည်သူများအား အလုပ်အကိုင်များ ပံ့ပိုးပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများ ထုတ်လုပ်ပေးသည့်အပြင် ပို့ကုန်ဝင်ငွေလည်း အများအပြားရရှိစေပါသည်။
ဒေသစီးပွားရေးအတွက် အရေးပါသော်လည်း ရှမ်းပြည်နယ်ရှိ တောင်သူလယ်သမားများသည် ရာသီဥတုနှင့် လျောက်ပတ်သင့်တော်သော သီးနှံရွေးချယ်ရာတွင် ခေတ်မီစိုက်ပျိုးရေးနည်းပညာ ဗဟုသုတနည်းပါးခြင်းနှင့် ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းလာရသည့်အပြင် မိရိုးဖလာ စိုက်ပျိုးရေးနည်းလမ်းများကိုသာ အဓိက အားကိုးနေရခြင်းကြောင့် သီးနှံအထွက်တိုးနှုန်းမှာ မြင့်မားသင့်သလောက် မမြင့်မားနိုင်ဘဲ ဖြစ်နေသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး မတည်ငြိမ်မှုများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သော အာဏာသိမ်းမှုနောက်ပိုင်းမှစပြီး ပိုမို ဆိုးရွားလာကာ တောင်သူများသည် ခက်ခဲကြပ်တည်းမှုများကို တွေ့ကြုံခဲ့ရသည်။ မျိုးစေ့နှင့် ဓာတ်မြေသြဇာဈေးများ မြင့်တက်လာပြီး စျေးကွက်နှင့် ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်ကာ ချေးငွေရရှိနိုင်မှုမှာလည်း အကန့်အသတ်ရှိမှုကြောင့် သီးနှံမျိုးစေ့များ ကြဲချခြင်းနှင့် ရိတ်သိမ်းရောင်းချခြင်းကြားတွင် အရေးကြီးသော စိုက်ပျိုးရေးပစ္စည်းများအတွက် ဝယ်ယူပေးဆောင်နိုင်ခြင်း မရှိ ဖြစ်ခဲ့ရသည်။
UNDP သည် ရှမ်းပြည်နယ်ရှိ တောင်သူလယ်သမားများ၏ မြေယာများမှ သီးနှံအထွက်နှုန်းကို မြှင့်တင်ရန်၊ ရာသီဥတု ပြောင်းလဲမှုဒဏ် ခံနိုင်သော စိုက်ပျိုးရေးနည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို ကျယ်ပြန့်စွာ ပံ့ပိုးပေးလျက်ရှိသည်။ ထိုကဲ့သို့ အောင်မြင်မှုရရှိစေရန်အတွက် လယ်သမားများနှင့်အတူ အကြံဥာဏ်သစ်များ၊ နည်းပညာသစ်များအား စမ်းသပ်လုပ်ဆောင်ပါသည်။ အောက်ဖော်ပြပါစီမံကိန်းများသည် UNDP ၏ နောက်ဆုံး စမ်းသပ်လုပ်ဆောင်ထားသော ရှေ့ပြေးစီမံကိန်း သုံးခု ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်များဖြင့် တောင်ယာမြေများအား ရေသွင်းခြင်း
မြန်မာနိုင်ငံ၏ နှစ်စဉ် မုတ်သုန်ရာသီတွင် ရွာသွန်းသော မိုးရေသည် တောင်သူများအတွက် မြေပဲနှင့် ဂျင်းတို့ကို စိုက်ပျိုးရန်အတွက်သာ လုံလောက်ပါသည်။ သို့သော် စပါး၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးကဲ့သို့သော အခြားသီးနှံများသည် ထပ်တိုး ရေလောင်းရန် လိုအပ်ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာတစ်ရွာမှ ဒေသခံလယ်သမားများသည် ကျေးရွာ၏ သဘာဝအလျှောက် စီးဆင်းနေသော ချောင်းမှ ရေကို ထုတ်ယူသုံးစွဲရန်အတွက် ဒီဇယ်ဆီသုံး ရေစုပ်စက်များကိုသာ အားကိုးနေကြရသည်။ ဒီဇယ်စျေးနှုန်းများ အဆမတန် မြင့်တက်လာသောအခါ စိုက်ပျိုးရေးအတွက် အကုန်အကျ အလွန် များပြားပြီး အခက်အခဲများ ဖြစ်ပေါ်လာရသည်။
“ဒီဇယ်ဆီဝယ်ဖို့ ငွေကြေးတွေကို အသုံးပြုလိုက်တော့ တခြားဘက်မှာ မြေဩဇာအတွက် ကုန်ကျစရိတ်ကို အများကြီး လျော့သုံးခဲ့ရပါတယ်။ ရလဒ်အနေနဲ့ကတော့ ကျွန်တော့်ခြံရဲ့ ဟင်းသီးဟင်းရွက် အထွက်နှုန်းတွေ ထိုးကျခဲ့ပြီး ဒုက္ခရောက်ခဲ့ရတယ်။ အဲဒါအပြင် သီးနှံနဲ့ စပါး စိုက်ပျိုးတဲ့ ရာသီရောက်ပြီဆိုရင် တစ်ရွာလုံးက တောင်သူတွေဟာ ချောင်းကနေ ဒီဇယ်ဆီသုံး ရေစုပ်စက်တွေနဲ့ ရေတွေကို စုပ်တင်အသုံးပြုရတာကြောင့် အသံတွေဟာ အရမ်းကိုပဲ ဆူညံနေပြီး လေထုညစ်ညမ်းမှုတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။” ဟု တောင်သူတစ်ဦးဖြစ်သူ ဦးဘုန်းမှ ပြောပြပေးခဲ့သည်။
အဆိုပါ ပြဿနာများကို ဖြေရှင်းရန်နှင့် ရေရှည်တည်တံ့သော နည်းလမ်းဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နိုင်စေရန် UNDP မှ နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်များဖြင့် တောင်ယာမြေများအား ရေသွင်းသည့်နည်းလမ်းကို တောင်သူများအား စတင် ယူဆောင် မိတ်ဆက်ပေးခဲ့သည်။ ဤနည်းဖြင့် တောင်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမကဘဲ လောင်စာဆီ ကုန်ကျစရိတ်ကြောင့် စိုးရိမ်ပူပန်ရမှုများကိုလည်း လျော့ပါးစေပါသည်။
"နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်နဲ့ ဆိုလာတွေကို ရေရှည်မှာ ပြုပြင်ထိန်းသိမ်းဖို့အတွက် ဝိုင်းဝန်းအသုံးပြုကြတဲ့ လယ်သမားအုပ်စုက ငွေနဲနဲဆီ ထည့်ဝင်ပေးဆောင်ပြီး ထိုငွေကို အတူစုထားကြပါတယ်" ဟု ဦးဘုန်းက ထပ်မံဖြည့်သွင်း ပြောကြားခဲ့သည်။
"အခု ရှေ့ပြေးစီမံကိန်းရဲ့ အောင်မြင်မှုကြောင့် ကျေးရွာမှာရှိတဲ့ အခြားအိမ်ထောင်စုတွေကလည်း စိတ်ဝင်စားလာကြလို့ အခုဆိုရင် သူတို့ရဲ့ ကိုယ်ပိုင် နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်တွေကို တပ်ဆင်ဖို့ စဉ်းစားလာကြပါတယ်။"
မြေဩဇာအစက်ချနည်းဖြင့် စိုက်ပျိုးခြင်း
မြေဩဇာ အစက်ချနည်းဖြင့် စိုက်ပျိုးခြင်းဆိုသည်မှာ လယ်ယာမြေ၏ ရေထုတ်လွှတ်ခြင်းစနစ်တွင် မြေဩဇာကို ပျော်ဝင်စေပြီး အပင်များ၏ အမြစ်များဆီသို့ အစက်ချနည်းဖြင့် တိုက်ရိုက်ပေးပို့သည့် စိုက်ပျိုးရေးနည်းလမ်းတစ်ခု ဖြစ်သည်။ ဤနည်းလမ်းသည် အစပိုင်းတွင် သင်တန်းပို့ချခြင်းနှင့် အနီးကပ် စီမံခန့်ခွဲခြင်းများ လိုအပ်သော်လည်း စိုက်ပျိုးပင်များ၏ အာဟာရ စုပ်ယူစားသုံးမှုကို တိုးတက်စေပြီး အချိန်ကုန်သက်သာစေကာ သီးနှံအထွက်နှုန်းကိုလည်း တိုးတက်စေသည်။
ရှေ့ပြေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် UNDP မှ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် ရေသွယ်ပိုက်များ၊ ရေလှောင်ကန်များနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့သည်။
မြေဩဇာ အစက်ချနည်းဖြင့် စိုက်ပျိုးထားသည့် ယာမြေများတွင် အသုံးပြုရသော မြေဩဇာပမာဏကို ၂၅ ကီလိုဂရမ်မှ ၁.၅ ကီလိုဂရမ်အထိသို့ လျော့ချနိုင်ခဲ့သည်။ မြေဩဇာကုန်ကျစရိတ်များမှာ ၁၅ မှ ၄၀ ရာခိုင်နှုန်းအထိ တဟုန်ထိုး မြင့်တက်လာသည့်အချိန်တွင် ဤသို့ လျော့ချနိုင်မှုသည် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုပင် ဖြစ်သည်။
"အရင်က ကျွန်တော့်ခရမ်းချဉ်ခြံက အထွက်နှုန်း အရမ်းနည်းပြီး မြေဩဇာကုန်ကျစရိတ်ကျတော့လည်း အရမ်းများပါတယ်။ ကျွန်တော်တို့ လင်မယားနှစ်ယောက် ဒီခြံအလုပ်ကို ပင်ပင်ပန်းပန်းနဲ့ နားချိန်တောင် မရှိဘဲ အလုပ်လုပ်ခဲ့ရတဲ့အပြင် အကူအလုပ်သမားပါ ငှားရမ်းရလို့ အလုပ်သမားစရိတ်ကလည်း အတော့်ကို ထောင်းခဲ့ပါတယ်။ အဲဒီလို အလုပ်လုပ်ခဲ့ရတာတောင် ထွက်လာတဲ့ ခရမ်းချဉ်သီးတွေကို ဈေးမှာ ရောင်းပြီးတဲ့အခါမှာ အမြတ်ငွေမရခဲ့တဲ့အပြင် အရင်းကြေဖို့တောင် မနည်း ရုန်းကန်ခဲ့ရပါတယ်။ မိသားစုအတွက်လည်း ငွေကြေး မစုဆောင်းနိုင်ခဲ့ပါဘူး။" ဟု တောင်သူ ဦးကျော်ဦးက ပြောကြားခဲ့သည်။
ဦးကျော်ဦးသည် ယခုအခါ မြေဩဇာ အစက်ချစိုက်ပျိုးနည်းဖြင့် ယခင်က သုံးစွဲခဲ့သည့် မြေဩဇာပမာဏ၏ ၁၀ ရာခိုင်နှုန်းကိုသာ သုံးစွဲနေပြီး၊ သီးနှံအထွက်နှုန်းမှာ ၅ ဆအထိ တိုးတက်လာကာ အလုပ်သမားငှားရမ်းစရိတ်မှာလည်း သုံးစွဲရန် မလိုတော့လောက်သည်အထိ ဖြစ်ခဲ့သည်။ ဤသီးနှံအထွက်တိုးမှုနှင့် ကုန်ကျစရိတ်လျော့ချနိုင်မှုများကြောင့် မိသားစုဝင်ငွေမှာ ၄၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
ယခုအခါ ဦးကျော်ဦးသည် မြေဩဇာ အစက်ချစိုက်ပျိုးနည်းဖြင့် အခြားသီးနှံများဖြစ်သော ပဲတောင့်ရှည်၊ မြေပဲနှင့် သခွါးသီးများကိုပါ တိုးချဲ့စိုက်ပျိုးနေပြီ ဖြစ်သည်။
မြေဩဇာ အစက်ချစိုက်ပျိုးနည်းသည် ကနဦး ရင်းနှီးမြှုပ်နှံမှုအချို့ လိုအပ်သော်လည်း သီးနှံအထွက်နှုန်းကို ငါးဆအထိ တိုးမြင့်ပေးနိုင်မှုကြောင့် ခြောက်လအတွင်း အရင်းကျေပြီး ဝင်ငွေအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ဦးကျော်ဦးက ရှင်းပြသည်။
အထွက်နှုန်း ပိုမိုကောင်းမွန်သော စပါးမျိုးစေ့အသစ်များ ဖြန့်ဖြူးပေးခြင်း
ရှမ်းပြည်နယ်ရှိ တောင်သူလယ်သမားများသည် ဆန်စပါးစိုက်ပျိုးရာတွင် ၎င်းတို့ ဝယ်ယူစိုက်ပျိုးနိုင်သည့် မျိုးစေ့များအတွက် ရွေးချယ်ခွင့်မှာ အကန့်အသတ်ဖြင့်သာ ရှိနေသည်။ တောင်သူလယ်သမားများမှာ နိုင်ငံရပ်ခြားမှ တင်သွင်းလာသည့် မျိုးစေ့များကိုသာ မှီခိုအားထားနေခဲ့ရပြီး ထိုမျိုးစေ့များမှာ အများအားဖြင့် စိုက်ပျိုးရာသီ တစ်ခုအတွက်သာ အသုံးပြုနိုင်၍ နောင်လာမည့် စိုက်ပျိုးရာသီများအတွက် မျိုးစပါးအနေဖြင့် ပြန်လည်အသုံးပြုရန် မသိမ်းဆည်းနိုင်ပေ။
လယ်သမားများအား အထွက်နှုန်း ခိုင်မာသည့် စပါးမျိုးစိတ်အသစ်များ ပိုမို စိုက်ပျိုးနိုင်စေရန် UNDP မှ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာတစ်ရွာတွင် စံပြလယ်ယာမြေတစ်ကွက်ကို စတင်ကာ သရုပ်ပြ စိုက်ပျိုးခဲ့သည်။ ဤနေရာတွင် လယ်သမားများအား စိုက်ပျိုးရေးတွင် ဓာတုဗေဒသုံးပစ္စည်းများ လျှော့ချရန်၊ ၎င်းတို့အစား အော်ဂဲနစ်ပစ္စည်းများဖြင့် အစားထိုးရန်၊ သီးနှံဖျက်ပိုးမွှားများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်ကဲ့သို့သော ရေရှည်တည်တံ့သည့် အလေ့အကျင့်များကို သင်ကြားပြသပေးခဲ့သည်။
ထိုကဲ့သို့ သင်ကြားပြသမှုများတွင် တောင်သူများအား မတူညီသော စပါးမျိုးစိတ်များကို စမ်းသပ်စိုက်ပျိုးစေခဲ့ရာ လယ်သမား ဦးဝင်းမြင့်သည် ဘာစမာတီစပါးမျိုးမှာ သူ၏ လယ်ယာအတွက် စိုက်ပျိုးရန် အကောင်းဆုံးနှင့် အသင့်တော်ဆုံး ဆန်စပါးမျိုးစိတ်ဖြစ်ကြောင်း တွေ့ရှိသဘောပေါက်ခဲ့သည်။ ဘာစမာတီစပါးမျိုးသည် အရည်အသွေးကောင်း စပါးမျိုးဖြစ်ပြီး ဈေးကွက်အတွင်း လူကြိုက်များသည့်အပြင် ဝယ်လိုအား ကောင်းလှသည့် စပါးမျိုးလည်း ဖြစ်သည်။
"နိုင်ငံခြားက တင်သွင်းလာလို့ ဈေးကြီးပေးဝယ်ရတဲ့အပြင် မျိုးစပါး ပြန်လုပ်ယူလို့ မရ၊ သိမ်းထားလို့ မရတဲ့ အခြား စပါးမျိုးတစ်ခုနဲ့ လုံးဝ မတူဘဲ အခု ဘာစမာတီစပါးကတော့ နှစ်တွေကြာကြာ မျိုးစပါးအနေနဲ့ စုထား၊ သိမ်းထားနိုင်ပြီး ရေရှည်အကျိုးရှိစေပါတယ်။" ဟု ဦးဝင်းမြင့်က ပြောကြားခဲ့သည်။ သူ့အနေဖြင့် ပိုလျှံသည့်မျိုးစပါးများကိုပင် ယာနီးချင်းလယ်သမားများ စိုက်ပျိုးနိုင်ရန်အတွက် မျှဝေပေးခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
UNDP သည် ၎င်းကျေးရွာတွင် စိုက်ပျိုးရေးအတွက် ရေအလုံအလောက် ရရှိနိုင်ရန် ရွာ၏ တူးမြောင်းကိုလည်း ပြုပြင်မွမ်းမံပေးထားသည်။ ယခင်က အခု တူးမြောင်းအနီးတစ်ဝိုက်ရှိ ခြောက်သွေ့မြေများသည် ယခုအခါ ရေ အလွယ်တကူ ရရှိသော စိုက်ပျိုးရေး လုပ်ကိုင်နိုင်သည့် လယ်မြေ၊ ယာမြေများအဖြစ် ပြောင်းလဲလာကြပြီး အဆိုပါတူးမြောင်းမွန်းမံမှုမှလည်း ဒေသခံ ၈၀ ခန့်အတွက် ယာယီအလုပ်အကိုင်နှင့် ဝင်ငွေများ ထောက်ပံ့ပေးနိုင်ခဲ့သည်။ ရေ ပိုမို ရရှိသဖြင့် တောင်သူလယ်သမားများသည် ယခုအခါ ဆန်စပါးကို ယခင် စိုက်ပျိုးရာသီထက် စော၍ စိုက်ပျိုးနိုင်ပြီ ဖြစ်သည်။
ဤလုပ်ဆောင်မှုများသည် UNDP ၏ 'လူမှုအသိုင်းအဝန်းများအား ပြန်လည်ထူထောင်ခြင်းနှင့် ကြံ့ကြံ့ခံနိုင်စွမ်းကို မြင့်တင်ပေးသည့် စီမံကိန်း' ENCORE မှ ဆောင်ရွက်လျှက်ရှိသော ကူညီပံ့ပိုးမှုများဖြစ်သည်။ ရှေ့ပြေးစီမံကိန်းများသည် ရှမ်းပြည်နယ်ရှိတောင်သူလယ်သမားများအတွက် နည်းပညာပိုင်းဆိုင်ရာ အတုယူနိုင်စေရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းသစ်များကို လေ့လာနိုင်ရန် ဦးဆောင်သရုပ်ပြထားခြင်းဖြစ်ပြီး ရေရှည်တွင် UNDP မှ နည်းပညာပိုင်းဆိုင်ရာတွင် ဆက်လက်ပံ့ပိုးမှုပေးနေမည်ဖြစ်သည်။
*ဤဆောင်းပါးကို UNDP Myanmar ဝက်ဘ်ဆိုဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။