မြန်မာ-ဆိုင်ကလုန်း မိုခါ_ အခြေအနေတင်ပြချက်အစီရင်ခံစာ အမှတ်စဉ် (၄) (၂၀၂၃ ခုနှစ်၊ ဇွန်လ (၈) ရက် မွန်းလွဲ ၂ နာရီအထိ အခြေအနေ)
မိုခါမုန်တိုင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ OCHA အဖွဲ့က ထုတ်ပြန်ခဲ့သည့် နေ့စဉ်အရေးပေါ်သတင်းအချက်အလက်များ (Flash Updates) ကို ပိုမိုပြည့်စုံသော ဤအစီရင်ခံစာဖြင့် အစားထိုးထုတ်ပြန်သွားမည်ဖြစ်သည်။ ဤ Sit Rep အစီရင်ခံစာကို မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု လုပ်ငန်းဆောင်ရွက်နေသော အစုအဖွဲ့ (၇) ခုနှင့် ယင်းတို့၏ လုပ်ငန်းအဖွဲ့ခွဲများနှင့် ပူးပေါင်း၍ OCHA အဖွဲ့က ထုတ်ပြန်ပါသည်။ ဤအစီရင်ခံစာပါ လူသားချင်းစာနာမှုလုပ်ငန်းအပိုင်းသည် မြေပြင်တွင် ဆောင်ရွက်နေသော လူသားချင်းစာနာမှုတုံ့ပြန်လုပ်ငန်းအားလုံးကို ထင်ဟပ်ဖော်ပြနိုင်ခြင်း မရှိဘဲ၊ မိတ်ဖက်အဖွဲ့များက မိမိတို့ဆန္ဒအလျောက် အစီရင်ခံထားသည့်လုပ်ငန်းများသာဖြစ်ကြောင်း ဖော်ပြလိုပါသည်။ ယခုအခါ ဤ Sit Rep အစီရင်ခံစာများကို အပတ်စဉ်ထုတ်ဝေနေပါသည်။
- နေပြည်တော် ဗဟိုအဆင့်တွင် ပြုလုပ်မည့် အစည်းအဝေးများမတိုင်မီတွင် လူသား ချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသို့ လက်ရှိ ထုတ်ပေးထားသော ခရီးသွားခွင့် ပြုမိန့်များ (TAs) အား ယခုအပတ်မှ စတင်၍ ဆိုင်းငံ့လိုက်ခြင်းကြောင့် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာမှုအကူအညီများအား ဝင်ရောက်ပေးအပ်နိုင်မှု အခြေအနေ ယိုယွင်းခဲ့ရသည်။
- ရခိုင်ပြည်နယ်မှ မုန်တိုင်းဒဏ်ခံရသည့် မြို့ နယ်များသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးအစီအစဉ်များအတွက် ကနဦးခွင့်ပြုချက်ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ပြီး၊ နေပြည်တော်အဆင့်တွင် ထပ်မံ ဆွေးနွေးရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ချင်းပြည်နယ်အတွက် အလားတူ အစီအစဉ်များကိုလည်း ဆိုင်းငံ့ထားရဆဲဖြစ်သည်။
- ပြည်ပမှ ကယ်ဆယ်ရေးပစ္စည်းများဖြင့် ပြန်လည်ဖြည့်တင်းရေးအတွက် တောင်းခံချက်အချို့ကို ခွင့်ပြုထားသော်လည်း၊ သိသာသော ကန့်သတ်ချက်များ ချမှတ်ထားသည်။ အခြား တောင်းခံချက်များအတွက် ခွင့်ပြုချက်များ မရရှိသေးပါ။
- ရခိုင်ပြည်နယ်တွင် ဝင်ရောက်ကူညီခွင့်များကို ရပ်ဆိုင်းခံရခြင်းကြောင့် ပြည်သူသိန်းပေါင်းများစွာသို့ ဖြန့်ကြက်ရောက်ရှိနေသည့် အကူအညီပေးရေးလုပ်ငန်းများ ရပ်တန့်နေရသည်။
- ယနေ့အထိ၊ ဘေးဒဏ်သင့်ပြည်သူ ၁၁၀၀၀၀ ကျော်သည် ခိုလှုံရာအတွက်ပစ္စည်းများနှင့် အခြားမရှိမဖြစ်သော ကယ်ဆယ်ရေးပစ္စည်း များကို လက်ခံရရှိထားပြီးဖြစ်သည်။
- စားနပ်ရိက္ခာအကူအညီများသည်လည်း ရခိုင်ပြည်နယ်တစ်ခုတည်းတွင်ပင် ဘေးဒဏ်သင့်ပြည်သူ ၃၀၀၀၀၀ နီးပါးသို့ ဖြန့်ကြက်ရောက်ရှိပြီး ဖြစ်သည်။
- ရခိုင်ပြည်နယ်တွင်၊ မိတ်ဖက်အဖွဲ့များသည် မိသားစုများ စားသောက်ရောင်းချရေးအတွက် စားနပ်ရိက္ခာများထုတ်လုပ်နိုင်ရန် မျိုးစေ့များနှင့် သဘာ၀မြေဩဇာများကို ဖြန့်ဝေပေးခဲ့သည်။ ဘေးဒဏ်သင့်ဒေသများအတွက် နောင်လမည့်လများအတွင်း စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်ဖြေရှင်းရာ၌ အရေးကြီးသည့် စိုက်ပျိုးရေးသွင်းအားစုများကို အရှိန်မြှင့်တင်၍ ထပ်မံဖြန့်ဝေပေးခြင်းကို ယခုအခါတွင် ခေတ္တရပ်ဆိုင်းထားရသည်။
- လူသားချင်းစာနာမှုဆိုင်ရာ ပါဝင်ဆောင်ရွက်သူများသည် တုံ့ပြန်ရေးလုပ်ငန်းများတွင် ကလေးသူငယ်များ ကောင်းမွန်စွာ နေထိုင်နိုင်ရေး ကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိရာ၊ ယင်းလုပ်ငန်းများတွင် ရာပေါင်းများစွာသော ယာယီနှင့် ရွေ့လျား ကလေးသူငယ်အကျိုးပြု ဌာနများတည်ထောင်ခြင်းနှင့် ရခိုင်ပြည်နယ်နှင့် အနောက်မြောက်ပိုင်းဒေသတို့တွင် လူဦးရေ ၂၈၀၀၀ နီးပါးသို့ ကလေးသူငယ်ဘေးကင်း လုံခြုံစေရေးဆိုင်ရာ အရေးကြီးသောသတင်းစကားများ ဖြန့်ဝေပေးခြင်းတို့လည်း ပါဝင်သည်။
- ရခိုင်ပြည်နယ်တွင် အကူအညီလုပ်ငန်းများအား ရပ်ဆိုင်းလိုက်ခြင်းသည် မုတ်သုံရာသီဝင်ရောက်နေပြီဖြစ်သည့် ယခုကဲ့သို့သော အဆိုး ဆုံးအချိန်မျိုးတွင် မဖြစ်လာသင့်ပါ။ မုန်တိုင်းသက်ရောက်ဇုန်အတွင်းရှိ ယခင်ဆောင်ရွက်ဆဲလုပ်ငန်းများကို တိုးချဲ့ခြင်း၊ ဒေသအာဏာ ပိုင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများစွာတို့က ဖြန့်ဝေပေးနေသည့် အကူအညီများကို ထပ်တိုးခြင်းအားဖြင့် ယခုအချိန်တွင် တုံ့ပြန် ရေးလုပ်ငန်းများကို အလျင်အမြန် အရှိန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်နေပါသည်။
အခြေအနေသုံးသပ်ချက်
မြန်မာနိုင်ငံတွင် မုတ်သုံရာသီဝင်ရောက်လာပြီဖြစ်ပြီး၊ မေလလယ်ခန့်က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် နေအိမ်များ ပျက်စီးထိခိုက်ခဲ့ရ သည့် ပြည်သူများ၏ လူနေမှုအခြေအနေများကို ထပ်မံဆိုးရွားလာခဲ့သည်။ မုန်တိုင်းကြောင့် ဆိုးရွားစွာ ထိခိုက်ခံခဲ့ရသည့်ဒေသများတွင် မိုးသည်း ထန်မှုများနှင့် ရေကြီးမှုအချို့ကို တွေ့ရှိခဲ့ရပြီး၊ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကုန်ဆုံးလုနီးပါးအထိ ကြံ့ကြံ့ခံခဲ့ရသည့် ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်ကို ထပ်မံဟန့်တားနေပါသည်။
ဤနောက်ခံအခြေအနေများရှိနေလျက်ပင် ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်များ ပိုများလာခဲ့သည်။ နေပြည်တော်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ဗဟိုအဆင့်အစည်းအဝေးများမပြုလုပ်မီတွင် ရခိုင်ပြည်နယ်၌ အကူအညီပေးအပ်မှုများကို ပံ့ပိုးပေးနေသည့် လက်ရှိခရီး သွားခွင့်ပြုမိန့်များကို ဆိုင်းငံ့ခဲ့သည်။ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်နေသူများသည် လက်ရှိခရီးသွားခွင့်ပြုမိန့်များကို အသုံးပြုပြီး အကူအညီလိုအပ်နေသည့် ပြည်သူများစွာထံသို့ ဖြန့်ကြက်ရောက်ရှိခဲ့ပြီးဖြစ်သည်။ ဘေးဒဏ်သင့်ဒေသများမှ လူဦးရေ ၁၁၃၂၀၀ ကျော်သည် ခိုလှုံရာအတွက်ပစ္စည်းများနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများကို လက်ခံရရှိခဲ့ပြီး၊ တချိန်တည်းတွင် စားနပ်ရိက္ခာ အကူအညီများမှာလည်း ရခိုင် ပြည်နယ်တစ်ခုတည်းတွင်ပင် လူဦးရေ ၂၉၃၈၀၀ ကျော်ထံသို့ ဖြန့်ကြက်ရောက်ရှိခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်နှင့် အနောက်မြောက် ပိုင်းဒေသတို့တွင် ရွေ့လျားနှင့် ယာယီ ကလေးသူငယ်အကျိုးပြုနေရာ ၂၄၀ ခုကို တည်ထောင်ပေးခြင်းဖြင့် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ကလေးသူငယ် များအား စောင့်ရှောက်ပေးနိုင်မည့် လုပ်ငန်းများကို ဆောင်ရွက်နေသည်။ ဤနေရာများသည် ကလေးသူငယ်များအတွက် စိတ်အပန်းဖြေပျော်ရွင် ရေးလှုပ်ရှားမှုများ လုပ်ဆောင်နိုင်သောဘေးကင်းလုံခြုံသည့် ပတ်ဝန်းကျင်များဖြစ်ပြီး၊ ၎င်းတို့ခံစားခဲ့ရသည့် စိတ်ဒဏ်ရာများနှင့် စိတ်ဓါတ်ကျ မှုများအတွက် အရေးကြီးသော စိတ္တလူမှုဆိုင်ရာ အထောက်အပံ့များ ကူညီပေးလျက်ရှိသည်။ ခန့်မှန်းခြေအားဖြင့် ရခိုင်ပြည်နယ်နှင့် အနောက် မြောက်ပိုင်းဒေသတို့မှ လူဦးရေ ၂၈၀၀၀ ခန့်သည်လည်း ကလေးသူငယ်ဘေးကင်းလုံခြုံရေးဆိုင်ရာ အရေးကြီးသော သတင်းစကားများကို လက်ခံ ရရှိခဲ့ကြသည်။
လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်နေသူများသည် လာမည့်ရက်သတ္တပတ်များတွင် အကူအညီပေးရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် မျှော်လင့်ခဲ့ကြသော်လည်း၊ ခရီးသွားခွင့်ပြုမိန့်များကို ရပ်ဆိုင်းထားရန် ဗဟိုအဆင့်မှ ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းကြောင့် ဤ မျှော်လင့်ချက်များ ရပ်တန့်သွားရသည်။ မြို့နယ် ၁၁ ခုတွင် အကူအညီများ ဖြန့်ဝေပေးရေးနှင့် သယ်ယူပို့ဆောင်ရေးအစီအစဉ်များအတွက် ကနဦး ခွင့်ပြုချက်ကိုလည်း ရုပ်သိမ်းခဲ့ပြီး၊ နေပြည်တော်တွင် နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။ ချင်းပြည်နယ် အတွက် အလားတူအစီအစဉ်များလည်း ခွင့်ပြုချက် မရရှိသေးပါ။
အချို့တင်သွင်းခွင့်များကို စည်းကမ်းချက်များဖြင့်ခွင့်ပြုထားပြီးဖြစ်သော်လည်း၊ အခြားတောင်းခံချက်များကို ဆိုင်းငံ့ထားဆဲဖြစ်သည်။ ထောက်ပံ့ ရေးပစ္စည်းများအား ပြန်လည်ဖြည့်တင်းပေးနိုင်ရေးအတွက် အခြေအနေနှင့် လိုက်လျောညီထွေစွာ တင်သွင်းခွင့်များချမှတ်ပေးရန် အရေးကြီးပါ သည်။ မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို အချိန်နှင့်တပြေးညီ ဝယ်ယူနိုင်ရေးအတွက် ရန်ပုံငွေတိုးမြှင့် ထောက်ပံ့မှုများကိုလည်း အရေးတကြီးလိုအပ်နေပါသည်။ ဘဏ္ဍာငွေရရှိမှုအခြေအနေစုစည်းတင်ပြသည့်စနစ် (Financial Tracking System- FTS) ၏ အချက်အလက် များအရ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ကချင်ဒေသများတွင် မိုခါမုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရသည့် လူဦးရေ ၁.၆ သန်းအား အကူအညီ ပေးရန် တောင်းခံထားသော အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းအနက် ဇွန်လ ၆ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၈ သန်းကို ထပ်တိုးရန်ပုံငွေအဖြစ် လက်ခံရရှိပြီးဖြစ်သည်။