မြန်မာ - ဆိုင်ကလုန်း မိုခါ_အခြေအနေတင်ပြချက်အစီရင်ခံစာ အမှတ်စဉ် (၃)_၂၀၂၃ ခုနှစ်၊ ဇွန်လ (၁) ရက် မွန်းလွဲ ၂ နာရီအထိ အခြေအနေ
မိုခါမုန်တိုင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ OCHA အဖွဲ့က ထုတ်ပြန်ခဲ့သည့် နေ့စဉ်အရေးပေါ်သတင်းအချက်အလက်များ (Flash Updates) ကို ပိုမိုပြည့်စုံသော ဤအစီရင်ခံစာဖြင့် အစားထိုးထုတ်ပြန်သွားမည်ဖြစ်သည်။ ဤ Sit Rep အစီရင်ခံစာကို မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု လုပ်ငန်းဆောင်ရွက်နေသော အစုအဖွဲ့ (၇) ခုနှင့် ယင်းတို့၏ လုပ်ငန်းအဖွဲ့ခွဲများနှင့် ပူးပေါင်း၍ OCHA အဖွဲ့က ထုတ်ပြန်ပါသည်။ ဤအစီရင်ခံစာပါ လူသားချင်းစာနာမှုလုပ်ငန်းအပိုင်းသည် မြေပြင်တွင် ဆောင်ရွက်နေသော လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးလုပ်ငန်း အားလုံးကို ထင်ဟပ်ဖော်ပြနိုင်ခြင်း မရှိဘဲ၊ မိတ်ဖက်အဖွဲ့များက မိမိတို့ဆန္ဒအလျောက် အစီရင်ခံထားသည့်လုပ်ငန်းများသာဖြစ်ကြောင်း ဖော်ပြလိုပါသည်။ နောက်တစ်ကြိမ် Sit Rep အစီရင်ခံစာကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်ပါမည်။
အဓိကအချက်အလက်များ
- မုန်တိုင်းဒဏ်ခံစားရသည့်ဒေသများတွင် လူသားချင်းစာနာမှု ဆိုင်ရာ တုံ့ပြန်ရေးလုပ်ငန်းများကို ဆက်လက်တိုးချဲ့ ဆောင် ရွက်နေသည်။ သို့ရာတွင် မိုခါမုန်တိုင်းအတွက် အရေးပေါ် ရန်ပုံငွေ အဆိုပြုလွှာ (Flash Appeal) အရ အကူအညီပေးရန် ရည်မှန်းထားသော ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင် ဒေသအားလုံးမှ လူဦးရေ ၁.၆ သန်းသို့ ဖြန့်ကြက်ရောက်ရှိနိုင် ရေးအတွက်ဝင်ရောက်ကူညီခွင့်များ လိုအပ်နေဆဲ ဖြစ်သည်။
- မုန်တိုင်းဒဏ်ခံစားရသည့်ဒေသများရှိ လူဦးရေ ၉၅၀၀၀ ကျော်သည် အမိုးအကာနှင့် အခြား ကယ်ဆယ်ရေး ပစ္စည်းများ ကို ရရှိထားပြီးဖြစ်သည်။
- လူဦးရေ ၂၆၇၀၀၀ နီးပါးသည် စားနပ်ရိက္ခာ အကူအညီများကို ရရှိထားပြီး၊ ဆန်နှင့် အားဖြည့်ဘီစကွတ်မုန့် ၃၃၈၀ မက်ထရစ် တန်ခန့်ကို ရခိုင်ပြည်နယ်မှ မုန်တိုင်းဒဏ်သင့် ပြည်သူများ ထံသို့ ဖြန့်ဝေခဲ့ပြီး ဖြစ်သည်။
- ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်မှ ၂၉ ရက်အတွင်း ကျန်းမာရေးကဏ္ဍ မိတ်ဖက်အဖွဲ့များက အပြင်းထန်ဆုံးထိခိုက်ခံရသည့် မြို့နယ်များတွင် လူနာကြည့်ရှုဆွေးနွေးမှုပေါင်း ၇၈၀၀ ကျော်ကို ပြုလုပ်ခဲ့သည်။
- တုံ့ပြန်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေချိန်တွင်ပင် မုတ်သုံရာသီစတင်ဝင်ရောက်လာပြီး၊ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနေသောကြောင့် ရန်ကုန်မြို့နှင့် ပြည်ပမှ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ သယ်ယူတင်ပို့ပြီး ပြန်လည်ဖြည့်တင်းပေးနိုင်ရန် အရေးတကြီး လိုအပ်လာနေသည်။
- မုန်တိုင်းတုံ့ပြန်ရေးလုပ်ငန်းများအတွက် ပစ္စည်းတင်သွင်းရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နှစ်ပတ်ကြာဖြန့်ေရေး အစီအစဉ်အသေးစိတ် တို့ကိုလည်းကောင်း၊ နောက်ထပ်ခရီးသွားခွင့်ပြုမိန့်များကိုလည်းကောင်း လျင်မြန်စွာခွင့်ပြုပေးရေးသည် လတ်တလော ခိုလှုံရာနေရာ လိုအပ်ချက်များကိုဖြည့်ဆည်းရန်နှင့် ရေကြောင့်ဖြစ်သောရောဂါဖြစ်ပွားမှုများကို ကြိုတင်ကာကွယ်ရန်အတွက် အလွန်အရေးကြီးသည်။
- လူသားချင်းစာနာမှုလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေပေးရေးတို့ကို ပံ့ပိုးကူညီရန်နှင့် ဘေးဒဏ်သင့်ပြည်သူများကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် ရက်ရောစွာ ထောက်ပံ့ပေးမည့် ရန်ပုံငွေများရရှိရန် အလွန်အရေးကြီးပါသည်။ ဘဏ္ဏာငွေရရှိမှုအခြေအနေစုစည်းတင်ပြသည့်စနစ် (Financial Tracking System - FTS) ၏ အချက်အလက်များအရ မိုခါမုန်တိုင်း အရေးပေါ်ရန်ပုံငွေ အဆိုပြုလွှာအတွက် ဇွန်လ ၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၄.၆ သန်း လက်ခံရရှိထားပြီးဖြစ်သည်။
- တချိန်တည်းတွင် ဒေသအာဏာပိုင်များက ရခိုင်ပြည်နယ်တွင် အပျက်အစီးများအား ရှင်းလင်းခြင်း၊ လျှပ်စစ်ဓါတ်အား၊ ရေနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ကောင်းမွန်စေခြင်းတို့ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ အခြား လုပ်ငန်းအဖွဲ့များကလည်း ကျေးလက်ဒေသများအပါအဝင် ဒေသအသီးသီးရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
အခြေအနေသုံးသပ်ချက်
ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်တို့ရှိ မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသများတွင် ယခင် ခရီးသွားခွင့်ပြုမိန့် သို့မဟုတ် ခရီးသွားခွင့်ပြုမိန့် အသစ် ရရှိထားသည့် အဖွဲ့အစည်းများမှတစ်ဆင့် လူသားချင်းစာနာမှုတုံ့ပြန်ရေးလုပ်ငန်းများကို ဆက်လက်တိုးချဲ့ဆောင်ရွက်နေပြီး၊ အထူးသဖြင့် ခိုလှုံရာနေရာနှင့် စားနပ်ရိက္ခာအကူအညီပေးခြင်း လုပ်ငန်းများတွင် အရှိန်ရလာပြီဖြစ်သည်။ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများမှ လူဦးရေ ၉၅၂၄၀ ကျော်သည် ခိုလှုံရာနေရာအတွက်ပစ္စည်းများနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများကို လက်ခံရရှိခဲ့ကြသည်။ လူဦးရေ ၂၆၆၅၀၀ ကျော်သည် စားနပ်ရိက္ခာ အကူအညီများကို ရရှိထားပြီး၊ ဆန်နှင့် အားဖြည့်ဘီစကွတ်မုန့် ၃၃၈၀ မက်ထရစ်တန် (စုစုပေါင်းလျာထားချက်၏ ၃၃%) ကို ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်ခံပြည်သူများသို့ ဖြန့်ဝေပေးပြီးဖြစ်သည်။ အနောက်မြောက်ပိုင်းဒေသတွင် မကွေးတိုင်းဒေသကြီးမှ လူဦးရေ ၇၈၀၀ ဦးသို့ စားနပ်ရိက္ခာဖြန့်ဝေပေးမည့် အစီအစဉ်ကို ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်မှ ၃၁ ရက်အတွင်း ကျန်းမာရေးကဏ္ဍမိတ်ဖက်အဖွဲ့များက ရခိုင်ပြည်နယ်၊ အနောက်မြောက်ပိုင်းဒေသနှင့် ကချင်ပြည်နယ်တို့ရှိ အပြင်းထန်ဆုံးထိခိုက်ခံခဲ့ရသည့် မြို့နယ်များတွင် လူနာကြည့်ရှုဆွေးနွေးမှု အကြိမ်ရေ ၇၈၀၀ ကျော်ကို ပြုလုပ်ခဲ့ခြင်းအားဖြင့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမီစေခဲ့သည်။ သို့ရာတွင် ဤလုပ်ငန်းသည် လိုအပ်ချက်အားလုံး၏ အစိတ်အပိုင်းတစ်ခုကိုသာ ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်ပြီး၊ အကူအညီ ဖြန့်ဝေခြင်းများအတွက် ပိုမိုကျယ်ပြန့်သော ဝင်ရောက်ကူညီခွင့်များရရှိရန် အရေးတကြီး လိုအပ်နေပါသည်။ မုတ်သုံရာသီ စတင်ဝင်ရောက်လာနေပြီး၊ အနီးကပ်စောင့်ကြည့်နေရသော နောက်ထပ်လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာခြင်းတို့ကြောင့် တုံ့ပြန်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်။ စိုက်ပျိုးမြေများ ဆိုးရွားစွာပျက်စီးခြင်း၊ မွေးမြူရေးတိရစ္ဆာန်များ ဆုံးရှုံးရခြင်းနှင့် ငါးဖမ်းလှေသင်္ဘောများ ထိခိုက်ပျက်စီးခြင်းတို့ကို နောက်လာမည့် ရက်သတ္တပတ်များတွင် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အဓိကပြဿနာများအနေဖြင့် ပုံဖော်ကြည့်နိုင်ပါသည်။
နိုင်ငံတွင်းရှိ သိုလှောင်ရုံများနှင့် နိုင်ငံပြင်ပမှ ထောက်ပံ့ရေးပစ္စည်းများအား သယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုချက်များကို စောင့်ဆိုင်းနေရဆဲဖြစ်သည်။ ထို့အတူပင် ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့အတွက် နှစ်ပတ်ကြာဖြန့်၀ေရေး အစီအစဉ်နှင့် ဆက်စပ် ခရီးသွားခွင့်ပြုမိန့်များအတွက်လည်း ခွင့်ပြုချက်များကို စောင့်ဆိုင်းနေဆဲဖြစ်သည်။ ဤတောင်းခံချက်များကို အချိန်မီခွင့်ပြုပေးမှသာ မိတ်ဖက်အဖွဲ့အစည်းများက ဘေးကင်းလုံခြုံသော ခိုလှုံရာများကို ထောက်ပံ့ပေး၍၊ လတ်တလော လိုအပ်ချက်များကို ဖြေရှင်းပေးကာ၊ ရေကြောင့်ဖြစ်သော ရောဂါဖြစ်ပွားမှုများကို ရှောင်ရှားနိုင်ပြီး၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေများကို လျှော့ချပေးနိုင်မည် ဖြစ်သည်။
ဒေသအာဏာပိုင်များသည် အထူးသဖြင့် စစ်တွေနှင့် ဘူးသီးတောင်တို့အပါအဝင် ဦးစားပေးဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ စစ်တွေမြို့ရှိ လမ်းများပေါ်မှ အပျက်အစီးပုံများအား ရှင်းလင်းခြင်းကြောင့် ယခင်က လဲကျနေသော သစ်ပင်များနှင့် ပြိုလဲနေသော လျှပ်စစ်မီးတိုင်များဖြင့် ပိတ်ဆို့ နေခဲ့သည့် ဧရိယာများသို့ သွားလာရေးလွယ်ကူလာသည်။ ထိခိုက်ခံရသည့် ဒေသအများစုတွင် လျှပ်စစ်ဓါတ်အားကို ဖြည်းဖြည်းချင်း ပြန်လည်ရရှိနေပြီး၊ စစ်တွေမြို့၏ အဓိကလမ်းမကြီးများတလျှောက်ရှိ လမ်းမီးများအား ပြန်လည်ပြင်ဆင်လိုက်ခြင်းကြောင့် မြင်ကွင်း ပိုမိုရှင်းလင်းလာပြီး လုံခြုံရေး အားကောင်းလာပါသည်။ ။ မုန်တိုင်းဒဏ်ခံရသည့် ရပ်ရွာပြည်သူများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ မြို့နယ်အသီးသီးတွင် လုပ်ငန်းဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့များ အကြားတွင် ထိရောက်သော ပေါင်းစပ်ညှိနှိုင်းရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကို အချိန်ကိုက်ဆောင်ရွက်ရန်အတွက်လည်းကောင်း အရေးပါသော ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း ပြန်လည် ရရှိနေပြီဖြစ်သည်။ ရသေ့တောင်၊ ကျောက်တော်နှင့် စစ်တွေမြို့နယ်များတွင် စာသင်ကျောင်းများကို ပြန်လည်ပြင်ဆင်ရန်နှင့် ရေပေးဝေရန် လုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်သည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (DDM) ၏ လေ့လာဆန်းစစ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကို ကူညီပေးရန်အတွက် အဖွဲ့ဝင် ၁၄ ဦးပါဝင်သော အာဆီယံ အရေးပေါ်အခြေအနေတုံ့ပြန်ရေးနှင့် လေ့လာဆန်းစစ် ရေးအဖွဲ့ (ERAT) ကို ရခိုင်ပြည်နယ်သို့ စေလွှတ်ထားပြီး၊ ၎င်းတို့သည် ယခုအခါတွင် လုပ်ငန်းများကို အပြီးသတ်နေပြီဖြစ်သည်။
တစ်ချိန်တည်းတွင် အခြားသော လုပ်ငန်းအဖွဲ့များကလည်း ကျေးလက်ဒေသများအပါအဝင် ဒေသအသီးသီးတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အကူအညီပေးနေကြသည်။ ဘေးဒဏ်သင့်ရပ်ရွာများတွင် သက်ရောက်မှုများကို တိုင်းတာနေပြီး၊ မိမိတို့ လက်ဝယ်ရှိ ရင်းမြစ်များဖြင့် ဝင်ရောက်ကူညီခွင့်ရသည့် အတိုင်းအတာအထိ အကူအညီများကို ပေးအပ်နေသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အလှူရှင်များနှင့် ဘာသာရေးကွန်ရက်များသည် ဘေးဒဏ်သင့်ပြည်သူများကို ကူညီရန် ဆောင်ရွက်နေကြပြီး၊ ရပ်ရွာလူထု ကိုယ်တိုင်ကလည်း ပိတ်ဆို့နေသော လမ်းများပေါ်မှ အပျက်အစီးပုံများအား ရှင်းလင်းခြင်းနှင့် နေအိမ်ဆုံးရှုံးသွားရသူများကို ခိုလှုံရာ ထောက်ပံ့ပေးခြင်းတို့ဖြင့် လျင်မြန်စွာ ပါဝင်ဆောင်ရွက်နေပြီဖြစ်သည်။
လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများအား အရှိန်မြှင့်တင်ဆောင်ရွက်ရန်နှင့် ဘေးဒဏ်သင့်ပြည်သူများအား ကူညီပေးမည့် အရေးကြီးသော ထောက်ပံ့ရေးပစ္စည်းများ လျင်မြန်စွာဝယ်ယူနိုင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ဖြန့်ဝေရေးတို့ကို ပံ့ပိုးကူညီရန်အတွက် ရန်ပုံငွေများကို အရေးတကြီး လိုအပ်နေပါသည်။ ဘဏ္ဍာငွေရရှိမှုအခြေအနေစုစည်းတင်ပြသည့်စနစ် (Financial Tracking System - FTS) ၏ အချက်အလက်များအရ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ကချင်ဒေသများရှိ မိုခါမုန်တိုင်းဒဏ်ခံပြည်သူ ၁.၆ သန်းအား အကူအညီပေးရန် တောင်းခံထားသော အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းအနက် ဇွန်လ ၂ ရက်နေ့အထိ ၄.၆ သန်းကို ထပ်တိုးရန်ပုံငွေအဖြစ် လက်ခံရရှိပြီးဖြစ်သည်။