ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ်များမှ ကလေးငယ်များ သန့်ရှင်းသောရေ သောက်သုံးနိုင်ပြီ
ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့များက ဆင်ခြေဖုံးမြို့နယ်များမှ ထိခိုက်လွယ်သော ရပ်ရွာပြည်သူများကို သန့်ရှင်းသောသောက်ရေသန့်ရရှိအောင် ပံ့ပိုးပေး
အသက်တစ်နှစ်သာရှိသေးတဲ့ သွန်းရတီလေးက ဘယ်ကလေးမှ ရင်မဆိုင်ရသင့်တဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်နေခဲ့ရပါတယ်။
သွန်းရတီတို့မိသားစုက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရဲ့ လူနေထူထပ်လှတဲ့ ရပ်ကွက်ငယ်လေးတစ်ခုမှာ နေထိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ သူ့ရဲ့အဖော်လိုဖြစ်နေခဲ့ပါတယ်။ ဒါဟာ သူတို့မိသားစုအတွက် တစ်ခုတည်းသော သောက်ရေရင်းမြစ်ဖြစ်တဲ့ ရေကန်မှာ ပိုးမွှားအညစ်အကြေးတွေ ရှိနေတယ်ဆိုတာကို ပြသနေတဲ့ တဲ့အချက်ပဲဖြစ်ပါတယ်။
မိခင်ဖြစ်သူ မတင်တင်ထွေးတစ်ယောက် သမီးလေးကို တိုက်လိုက်တဲ့ ရေတစ်ခွက်တိုင်းက သူ့ရဲ့ သမီးလေးကို နေမကောင်းဖြစ်နိုင်တယ်ဆိုတာကို သိနေပေမယ့်လည်း မတင်တင်ထွေးမှာ တခြားရွေးချယ်စရာ မရှိခဲ့ပါဘူး။
သူတို့ရဲ့အဖြစ်အပျက်က ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးဒေသတွေမှာနေထိုင်တဲ့ထောင်ပေါင်းများစွာသော မိသားစုတွေအတွက် ရက်စက်လှတဲ့ အမှန်တရားကို ထင်ဟပ်နေပါတယ်။ မလုံခြုံမှုနဲ့ စီးပွားရေးကျဆင်းမှုတွေက ရှိနှင့်ပြီးသား အကျပ်အတည်းတွေကို ပိုပြီးတိုးလာစေခဲ့ပါတယ်။ ကျန်းမာရေး၊ ပညာရေးအပါအဝင် အရေးကြီးတဲ့ဝန်ဆောင်မှုတွေ မရရှိနိုင်ဘဲ ဆင်းရဲနွမ်းပါးစွာ ရုန်းကန်နေကြရတဲ့ မိသားစုတွေဟာ အခြေခံလိုအပ်ချက်တွေကိုတောင် အနိုင်နိုင်ဖြည့်ဆည်းနေကြရပါတယ်။ ရန်ကုန်မြို့ပြဒေသမှာ ဖွံ့ဖြိုးမှုရှိပေမယ့်လည်း ထိခိုက်လွယ်ဆုံး ရပ်ရွာအသိုက်အဝန်းတွေက ပြည်သူလူထုအတွက် သန့်ရှင်းတဲ့ရေရရှိဖို့ဟာ ခက်ခဲလွန်းနေဆဲဖြစ်ပြီး အမျိုးမျိုးသော အခက်အခဲတွေကြောင့် နေ့စဉ်ဘဝရှင်သန်ရေးအတွက်တောင် မနည်းရုန်းကန်နေကြရပါတယ်။
ဒလမြို့နယ်က အခြားမိသားစုများစွာလိုပဲ အိမ်နီးချင်းတွေရဲ့ အဝတ်အစားတွေ လျှော်ပေးရင်း တစ်နေ့မှ ၆,၀၀၀ ကျပ် ရရှိတဲ့ မတင်တင်ထွေးတို့ မိသားစုအနေနဲ့ ရေသန့်ဘူးဝယ်သောက်ဖို့ မတတ်နိုင်သလို ရေကျိုသောက်ဖို့ မီးသွေးဖိုးလည်း မတတ်နိုင်ပါဘူး။ ခင်ပွန်းဖြစ်သူရဲ့ ငါးဖမ်းအလုပ်ကရတဲ့ တစ်လ တစ်သိန်းခွဲဝင်ငွေ က အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့တောင် အနိုင်နိုင်ဖြစ်ပါတယ်။ အဲ့ဒီ အလုပ်ကလည်း ပုံမှန် မရှိတတ်ပါဘူး။ ဒီတော့ မိသားစုအတွက် နေ့စဉ်ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ မသန့်ရှင်းတဲ့ရေပြဿနာ သံသရာထဲမှာ တဝဲလည်လည်ပဲဖြစ်နေခဲ့ရပါတယ်။
အထိခိုက်လွယ်ဆုံး လူမှုအသိုင်းအဝိုင်းတွေရဲ့ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အခက်အခဲတွေကို အဆောတလျင် ဖြေရှင်းနိုင်ဖို့အတွက် ယူနီဆက်က ရေပန်းတိုင် (WaterAim) နဲ့ပူးပေါင်းပြီး ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ် ခုနစ်ခုမှာ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး WASH အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (ECHO) က ရန်ပုံငွေ ထောက်ပံ့ပေးထားတဲ့ ဒီအစီအစဉ်က ရပ်ရွာလူထုရဲ့ ရေရှည်ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်ပေးရုံမက လတ်တလော ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ဖို့ အလေးပေးဆောင်ရွက်ထားပါတယ်။
"သန့်ရှင်းတဲ့ရေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ထိခိုက်လွယ်တဲ့မိသားစုတွေအတွက် မသန့်ရှင်းတဲ့ရေကြောင့်ဖြစ်တဲ့ ပြဿနာတွေကို ကာကွယ်တားဆီးဖို့ မရှိမဖြစ်အရေးပါပါတယ်" လို့ ယူနီဆက်မြန်မာရဲ့ WASH အကြီးအကဲ Pravin More က ရှင်းပြပါတယ်။ "ECHO ရယ်၊ ဒေသခံအကောင်အထည်ဖော်ရေး မိတ်ဖက် ရေပန်းတိုင်ရယ်၊ ကျွန်တော်တို့ရယ် ပူးပေါင်းပြီး ရေသန့်ပြဿနာကိုသာမက မိသားစုတွေအတွက် မျှော်လင့်ချက်နဲ့ ဂုဏ်သိက္ခာကိုပါ ပြန်လည်ယူဆောင်လာပေးခဲ့တာပါ။" "မိခင်တစ်ယောက်က မသန့်ရှင်းတဲ့ရေနဲ့ သားသမီးရဲ့ ကျန်းမာရေးကြားမှာ ရွေးစရာမလိုတော့ဘူးဆိုတာ တကယ့်တိုးတက်မှုအစစ်ပါပဲ။"
ECHO ၏ ပံ့ပိုးမှုဖြင့် သွန်းရတီတို့လို မိသားစုတွေက မိနစ်ပိုင်းအတွင်း ကန်ရေကို သောက်သုံးနိုင်တဲ့ ရေသန့်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ရေသန့်ဆေးပြားတွေနဲ့ ရေသန့်ဆေးအထုပ်တွေကို ရရှိခဲ့ပါတယ်။ ရပ်ရွာသုံးရေသန့်စနစ်တွေကိုလည်း အချက်အချာကျတဲ့နေရာတွေမှာ တပ်ဆင်ပေးထားပြီး မိသားစုပေါင်းများစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရပ်ရွာလုပ်အားပေးတွေကလည်း ဒီရေသန့်စက်တွေကို စနစ်တကျဘယ်လိုသုံးရမလဲဆိုတာ နားလည်အောင် မိသားစုတွေကို သေသေချာချာ တိုက်ရိုက်ရှင်းပြပေးခဲ့ကြပါတယ်။ ကလေးတွေ နေမကောင်းဖြစ်တဲ့အခါ ဓာတ်ဆားရည် (ORS) ထုပ်နဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားတဲ့အခါ အသုံးပြုရတဲ့ပစ္စည်းတွေအပါအဝင် အရေးပါတဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေက မိသားစုတွေအနေနဲ့ ယခင်က မရရှိနိုင်ခဲ့တဲ့၊ မတတ်နိုင်ခဲ့တဲ့ လက်ငင်းကုသမှုတွေကို ရရှိစေပါတယ်။
ဒီလိုမျိုးပံ့ပိုးမှုတွေကို ကလေးငယ် ၄,၈၀၀ ဦးအပါအဝင် ရန်ကုန်မြို့ဆင်ခြေဖုံးဒေသက လူပေါင်း ၁၅,၀၀၀ ကျော်ကို ပံ့ပိုးပေးနိုင်ခဲ့ပြီး အခုဆိုရင် ရေကြောင့်ဖြစ်တဲ့ရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်ပြီဖြစ်ပါတယ်။
မတင်တင်ထွေးတို့မိသားစုရဲ့ အပြောင်းအလဲက ရုတ်ချည်းဖြစ်သလို သိလည်းသိသာလှပါတယ်။ မိသားစုအတွက် ပထမဆုံးအကြိမ်အဖြစ် သန့်ရှင်းစိတ်ချရတဲ့ သောက်ရေသန့်ကို နေ့တိုင်းသောက်နိုင်ပြီဖြစ်ပြီး ကျန်းမာရေးကလည်း သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ အရေးအကြီးဆုံးကတော့ သွန်းရတီလေးရဲ့ မကြာခဏဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်စဉ်ကြီးက လုံးဝရပ်တန့်သွားခဲ့ပြီး တစ်ချိန်က မတတ်နိုင်ခဲ့တဲ့ ဓာတ်ဆားထုတ်တွေက နာလန်ပြန်ထချိန်အတွင်း သူ့အတွက် အလွန်ကို အသုံးဝင်ခဲ့ပါတယ်။
"အခုဆိုရင် ကျွန်မတို့ သောက်ရေသန့်ကို သောက်နိုင်ပြီ။ ကျွန်မတို့အတွက် ရှေ့မှာ ကျန်းမာပျော်ရွှင်တဲ့နေ့တွေပဲရှိတော့မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်" လို့ ပျော်ပျော်ရွှင်ရွှင်ကစားနေတဲ့ ကလေးတွေကိုကြည့်ရင်း မတင်တင်ထွေးက ပြောပြပါတယ်။ ဒီအစီအစဉ်က သန့်ရှင်းတဲ့သောက်ရေသန့်တင်မကဘဲ နေ့စဉ်ရှင်သန်ရပ်တည်ဖို့ ရုန်းကန်နေကြရတဲ့ မိသားစုတွေထံ မျှော်လင့်ချက်တွေနဲ့ ဂုဏ်သိက္ခာတွေကိုပါ ပြန်လည်ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ "ကျွန်မရဲ့ သားသမီးတွေကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာပြင်းလာစေချင်တယ်၊ စာတွေသင်ပြီး ဘဝမှာ သူတို့ကြိုက်တာကို ရွေးချယ်နိုင်စေချင်တယ်" လို့ သူက ဆိုပါတယ်။
*ဤဆောင်းပါးကို UNICEF Myanmar website တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။