သတင်းထုတ်ပြန်ချက်

ဆာလောင်မွတ်သိပ်မှုများမြင့်တက်လာနေသည့် ရခိုင်ပြည်နယ်အတွက် ကယ်ဆယ်ရေးအကူအညီများပေးအပ်နိုင်ရန် WFP တောင်းဆို

၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်။

‎ 

စစ်တွေ၊ မြန်မာ။     ။ ပဋိပက္ခ၊ ပိတ်ဆို့တားဆီးမှုနှင့် ရန်ပုံငွေဖြတ်တောက်ခြင်းတို့ကြောင့် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုများ မြင့်တက်လာနေသည့် ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပိုမိုပေးအပ်နိုင်ရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က အရေးတကြီး တိုက်တွန်းလိုက်သည်။ 

ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် အခြေခံစားနပ်ရိက္ခာကိုပင် ပြည့်မီအောင် မစားသုံးနိုင်သည့် မိသားစုအရေအတွက်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၃၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ၅၇ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်ပါသည်။ ဤတွေ့ရှိချက်များသည် ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် စားနပ်ရိက္ခာဖူလုံမှုအခြေအနေ အလွန်စိုးရိမ်ဖွယ်ရာ အတိုင်းအတာအထိရောက်ရှိနေပြီဖြစ်ကြောင်းနှင့် လတ်တလောအာဟာရချို့တဲ့မှုအခြေအနေမှာလည်း ပိုမိုဆိုးရွားလာနေကြောင်း ညွှန်ပြနေပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့်ပဋိပက္ခများနှင့် သွားလာခွင့်ကန့်သတ်မှုများကြောင့် ဒီထက်မက အခြေအနေများ ပိုမိုဆိုးရွားနေမည်ဟု ခန့်မှန်းရပါသည်။ 

WFP ၏ ရပ်ရွာလူထုအကြံပြုတုံ့ပြန်မှုစနစ်က လက်ခံရရှိခဲ့သည့် မှတ်တမ်းများအရ ရပ်ရွာလူထုထံမှ စိုးရိမ်ဖွယ် အကြောင်းကြားချက်များ အလွန်မြင့်တက်လာသည်ကို တွေ့ရသည်။ မိသားစုဘဝရှင်သန်ရပ်တည်ရေးအတွက် အကြွေးယူခြင်း၊ တောင်းရမ်းစားသောက်ခြင်း၊ အိမ်တွင်းအကြမ်းဖက်ခြင်း၊ ကျောင်းထွက်ခြင်း၊ လူမှုရေးတင်းမာခြင်းများနှင့် လူကုန်ကူးမှုတို့အထိ နည်းမျိုးစုံဖြင့် အပူတပြင်းကြိုးစားနေကြရကြောင်း သိရှိရသည်။ 

“လူတွေက ပဋိပက္ခတွေအကြား ပိတ်ဆို့ခံရနေရတယ်၊ ကိုယ့်ဝမ်းစာကိုယ်ရှာစားခွင့်ဆုံးရှုံးနေကြတယ်၊ လူသားချင်းစာနာမှုအကူအညီအကာအကွယ်မဲ့နေကြတယ်။ ဒီလို အဆိုးကျော့သံသရာထဲမှာပဲ တဝဲလည်လည်ပိတ်မိနေကြရတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောသည်။ "ဝမ်းဆာလို့ ငိုကြွေးနေတဲ့ကလေးတွေ၊ စားစရာမရှိလို့ မစားလိုက်ရတဲ့ မိခင်တွေရဲ့အကြောင်းလို ကြေကွဲစရာ ဇာတ်လမ်းတွေကို ကျွန်တော်တို့ နေ့တိုင်းကြားနေရတယ်။ မိသားစုတွေက သူတို့တတ်နိုင်သမျှ ကြိုးစားရုန်းကန်နေကြပေမဲ့ ဒီလိုအခြေအနေမှာ သူတို့ရုန်းကန်အားတစ်ခုတည်းနဲ့ ရှင်သန်ဖို့ ခက်ခဲပါတယ်" ဟု သူက ဆက်လက်ပြောကြားသည်။

ရှည်ကြာစွာဖြစ်ပွားနေသည့် ပဋိပက္ခ၊ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေများ လျော့နည်းသွားခြင်းကြောင့် အထောက်အပံ့များ လျှော့ချခံရခြင်းတို့က ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းကို ပိုဆိုးအောင် တွန်းအားပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် WFP သည် ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ တစ်သန်းကျော်ကို အထောက်အပံ့များ ရပ်ဆိုင်းခဲ့ရသည်။

ရန်ပုံငွေရင်းမြစ်များနည်းပါးလာသည့်တိုင် WFP သည် အခြေအနေအဆိုးရွားဆုံးဖြစ်နေသည့်ဒေသများတွင်  ကူညီထောက်ပံ့မှုများ အကန့်အသတ်ဖြင့် ပြန်လည်စတင်ပေးအပ်နိုင်ရန် လုပ်ဆောင်လျက်ရှိပါသည်။ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများတိုးမြှင့်ပေးအပ်ကြရန် WFP က အရေးတကြီးတောင်းဆိုလိုက်ပါသည်။ ထို့အတူ မြေပြင်ရှိအာဏာပိုင်များအနေဖြင့်လည်း  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အတားအဆီးမဲ့ဝင်ရောက်ကူညီခွင့်ပေးရန် တောင်းဆိုလိုက်သည်။ WFP သည် လာမည့်ခြောက်လအတွင်း ရခိုင်ပြည်နယ်ရှိ လူဦးရေပေါင်း ၂၇၀,၀၀၀ ကို ကူညီရန် အမေရိကန်ဒေါ်လာ သန်း ၃၀ လိုအပ်လျက်ရှိပါသည်။

“အခုချက်ချင်း တုံ့ပြန်ဆောင်ရွက်ကြဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီအကျပ်အတည်းဟာ တကယ့်ကို ဆိုးရွားတဲ့ ကပ်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်” ဟု Mr. Dunford က ပြောသည်။ “ဒါကို နိုင်ငံတကာက မျက်နှာလွှဲလိုက်လို့ မရပါဘူး။” ဟု သူက ဆက်လက်ပြောကြားသည်။ 

သတင်းဓာတ်ပုံများကို ဤလင့်ခ်တွင် ရယူနိုင်ပါသည်။ 

 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့်  ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ 

WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။    

generic profile

Geeta Bandi-Phillips

WFP/ Bangkok
Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ