သတင်းထုတ်ပြန်ချက်

ရန်ပုံငွေ မလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ တစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့များ ရပ်ဆိုင်းရတော့မည်ဟု WFP သတိပေး

၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်။

သတင်းထုတ်ပြန်ချက်

 

ရန်ကုန်၊ မြန်မာ – ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားမှုကြောင့် ဧပြီလမှစတင်၍ မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီများ ရပ်ဆိုင်းရပါတော့မည်ဖြစ်ကြောင်း ယနေ့တွင် သတိပေးပြောကြားသည်။ နိုင်ငံအတွင်းတွင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့်ကန့်သတ်ချက်များ တိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာအကူအညီလိုအပ်ချက်များ ပိုမိုများပြားလာနေသည့် အချိန်မှာမှ ယခုကဲ့သို့ အထောက်အပံ့ရပ်ဆိုင်းမှု ဖြစ်လာရခြင်းဖြစ်သည်။

ရန်ပုံငွေအသစ်မရရှိပါက WFP သည် ထိခိုက်လွယ်မှု အမြင့်မားဆုံးဖြစ်ကြသည့် အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများပါဝင်သော လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မည်ဖြစ်ပါသည်။ 

“အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးရွားဆိုးရွား ရိုက်ခတ်နိုင်ပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောကြားသည်။ “ကျွန်တော်တို့ WFP အနေနဲ့ကတော့ မြန်မာပြည်သူပြည်သားတွေကို ထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဆက်လက်ကြိုးစားလုပ်ဆောင်နေမှာဆိုပေမဲ့လည်း အကူအညီတကယ်လိုအပ်နေတဲ့သူတွေဆီ အကူအညီတွေဆက်လက်ပေးပို့နိုင်ဖို့ရာ ရန်ပုံငွေတွေ ချက်ချင်းလက်ငင်းရရှိဖို့ အရေးကြီးပါတယ်။” ဟု ဖြည့်စွက်ပြောကြားသည်။ 

လာမည့်အထောက်အပံ့ရပ်ဆိုင်းမှုသည် စားနပ်ရိက္ခာရရှိရန် WFP ၏ အထောက်အပံ့ကိုသာ အားထားနေရသည့် ရိုဟင်ဂျာအသိုင်းအဝိုင်းများအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကိုပါ ထိခိုက်မည် ဖြစ်ပါသည်။ 

ယခုနှစ်တွင် မြန်မာပြည်သူပြည်သားများအတွက် အသက်ကယ်ဆယ်ရေးရိက္ခာအထောက်အပံ့များ ဆက်လက်ပေးအပ်သွားနိုင်ရန် WFP သည် အမေရိကန်ဒေါ်လာ သန်း ၆၀ ကို အရေးတကြီး လိုအပ်လျက်ရှိပါသည်။ 

“လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်း အခြေအနေတွေ ဆက်လက်ပြင်းထန်ဆိုးရွားနေတာကြောင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ထပ်ဆောင်းရန်ပုံငွေတွေ ရှာဖွေကြဖို့ မိတ်ဖက်အားလုံးကို WFP က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အလိုအပ်ဆုံးသောအခြေအနေမှာ မြန်မာပြည်သူပြည်သားတွေကို မေ့မထားဘဲ၊ တတ်နိုင်သမျှ လူအများဆုံးကို ကယ်တင်နိုင်ဖို့ လိုအပ်တဲ့ရန်ပုံငွေတွေ ထောက်ပံ့ပေးကြရမှာဖြစ်ပါတယ်” ဟု Mr. Dunford က ပြောကြားသည်။

WFP သည် စားနပ်ရိက္ခာလိုအပ်မှု အမြင့်ဆုံးဖြစ်ကာ အခက်ခဲဆုံးရာသီချိန်ဖြစ်သည့် ဇူလိုင်လမှ စက်တင်ဘာလအတွက် တွေးမျှော်ကာ အရေးပေါ်အစီအစဥ်အနေဖြင့် ထိုလများတွင် စားနပ်ရိက္ခာပြတ်တောက်နိုင်မည့် လူဦးရေ ၃၀၀,၀၀၀ အား ပြန်လည်ပြီး အထောက်အပံ့များပေးအပ်သွားနိုင်ရန် ဦးစားပေး ကြိုးပမ်းသွားမည်ဖြစ်ပါသည်။ 

မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ်အရ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၁၅ ဒဿမ ၂ သန်းခန့်သည် တစ်နေ့တာစားနပ်ရိက္ခာလိုအပ်ချက်ကို မပြည့်မီနိုင်သည့်အရေးကြုံနေရပြီး၊ ယခင်နှစ်တွင်ရှိခဲ့သည့် လူဦးရေ ၁၃ ဒဿမ ၃ သန်းမှ တိုးမြင့်လာခြင်းဖြစ်သည်။ ထိုအထဲမှ လူဦးရေ ၂ ဒဿမ ၃ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို အရေးပေါ်အခြေအနေထိ ရင်ဆိုင်နေကြရသည်။ WFP ၏ ပုံမှန်ပံ့ပိုးကူညီမှုရနေသည့်တိုင် ဤစားနပ်ရိက္ခာအထောက်အပံ့တစ်ခုတည်းကိုသာ မှီခိုနေကြရသည့်မိသားစုများသည် ဆက်လက်အသက်ရှင်သန်ရန်တည်နိုင်ရန်အတွက် ထမင်းအနပ်ရေလျှော့စားနေရကာ ပိုင်ဆိုင်မှုများကို ရောင်းချနေကြရသလို၊ သို့မဟုတ်ပါကလည်း အကြွေးနွံထဲ ရုန်းကန်နေရကြောင်း လေ့လာသိရှိရပါသည်။ 

ဓာတ်ပုံများကို ဤလင့်ခ်တွင် ရယူနိုင်ပါသည်။ 

 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့်  ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။   

 WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။     

Elise Gibergues-Newton

WFP
Communications Officer
Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ