ထောပတ်သီးပျိုးခင်းမှ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ခြင်းဆီသို့
"အခုလိုတစ်ဖက်တစ်လမ်းကအပိုဝင်ငွေရတဲ့အတွက် တစ်ကယ်ဘဲဝမ်းသာရပါတယ်။ ပိုပြီးတော့အားရစရာကောင်းတာက ဒီဝင်ငွေတွေကိုစီးပွားရှာရခက်တဲ့အခုလိုရာသီချိန်မှာရရှိလို့ဘဲဖြစ်ပါတယ်"
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ အမျိုးသမီးအဖွဲ့တစ်ဖွဲ့သည် စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် မိမိကိုယ်ကိုဖူလုံရေးအတွက် ကြိုးစားရုန်းကန်လျက်ရှိသည်။ တစ်ချိန်က ဘိန်းစိုက်ပျိုးမှုဒဏ်ကို ခံခဲ့ရသည့် ဒေသတစ်ခုဖြစ်သော်လည်း အဆိုပါ အမျိုးသမီးများအဖွဲ့သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ ပံ့ပိုးကူညီမှုနှင့်အတူ ၎င်းတို့၏ လေ့လာသင်ယူနိုင်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များ ဖန်တီးရန် စတင်ခဲ့ကြသည်။ ဤအမျိုးသမီးများ၏ ရည်ရွယ်ချက်မှာ အတားအဆီးများကို ချိုးဖျက်ရန်နှင့် ၎င်းတို့၏ ရပ်ရွာအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍကို ပြန်လည်သတ်မှတ်ရန်ပင်ဖြစ်သည်။
ဤအမျိုးသမီးများ၏ ကြိုးစားအားထုတ်မှုများအား အသိအမှတ်ပြုသည့်အနေဖြင့်သော်လည်းကောင်း၊ ကျား-မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက်သော်လည်းကောင်း၊ UNODC အနေဖြင့် ဤအမျိုးသမီးများ၏ ပျိုးပင်ထုတ်လုပ်မှုလုပ်ငန်းများကို ပံ့ပိုးကူညီခဲ့သည်။ အဆိုပါလုပ်ငန်းများသည် ထိုအမျိုးသမီးအဖွဲ့များအား အပိုဝင်ငွေကို ထောက်ပံ့ပေးရုံသာမက UNODC အစားထိုးသီးနှံ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ၏ စံနှုန်းများနှင့်လည်း ကိုက်ညီလျက်ရှိသည်။
ပျိုးပင်ထုတ်လုပ်မှုလုပ်ငန်းများနှင့်စပ်လျဥ်း၍ ဤအမျိုးသမီးများအဖွဲ့သည် ဘိန်းစိုက်ပျိုးမှုကြောင့် ပြုန်းတီးသွားသော သစ်တောများအား ပြန်လည်ပျိုးထောင်ရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် စျေးကွက်တွင် လူကြိုက်များသော ထောပတ်သီးမျိုးစိတ်များကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေပိုမိုရရှိစေရန် Hass ထောပတ်သီးမျိုးစိတ်အား ပျိုးပင်ထုတ်လုပ်၍ စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ UNODC ၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် အမျိုးသမီးအဖွဲ့များသည် Hass ထောပတ်သီးမျိုးစိတ် စိုက်ပျိုးခြင်းနှင့် ကိုင်းဆက်ခြင်းအနုပညာကို ကျွမ်းကျင်အောင် လေ့လာသင်ယူခဲ့ကြရပြီး ကောင်းမွန်သောရလဒ်များကို ရရှိခံစားခဲ့ကြရပါသည်။ ဤထောပတ်သီးပျိုးပင်များသည် အမျိုးသမီးအဖွဲ့များ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ၅ လမှ ၆ လအတွင်း ရှင်သန်ပေါက်ဖွားလာခဲ့ပြီး ထိုပျိုးပင်များကို စျေးကွက်သို့ အောင်အောင်မြင်မြင် ရောင်းချနိုင်ခဲ့သောကြောင့် အမျိုးသမီးအဖွဲ့ဝင်များအနေဖြင့် ဝင်ငွေများကို စတင်ရရှိလာခဲ့ပြီး ၎င်းတို့၏ အနာဂတ်ကြိုးပမ်းမှုများအတွက် သီးသန့်ရန်ပုံငွေတစ်ခု ထူထောင်နိုင်စေခဲ့ကြသည်။
"အခုလို တစ်ဖက်တစ်လမ်းကနေ အပိုဝင်ငွေတွေလည်းရတဲ့အတွက်ကြောင့် တစ်ကယ်ဘဲဝမ်းသာရပါတယ်။ ပိုပြီးတော့အားရစရာကောင်းတာက ဒီဝင်ငွေတွေကို စီးပွားရှာရခက်ခဲတဲ့ အခုလို ရာသီချိန်တွေမှာ ရရှိလို့ဘဲဖြစ်ပါတယ်။ ထောပတ်သီးပျိုးပင်လုပ်ငန်းကနေ ရရှိလာတဲ့ ဒီဝင်ငွေတွေနဲ့ဘဲ ကျွန်မတို့အဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်မိသားစုကို ပြန်ထောက်ပံ့နိုင်ခဲ့ပါတယ်။"
ပြည်တွင်းဈေးကွက်တွင် Hass ထောပတ်သီးမျိုးစိတ်အား လူကြိုက်များလာပြီး Hass ထောပတ်သီးတစ်လုံး၏ စျေးနှုန်းသည် ဒေသတွင်းမျိုးစိတ်ထက် ငါးဆ ပိုမိုမြင့်မားလာခဲ့သည်။ အမျိုးသမီးအဖွဲ့ဝင်များ၏ အမြော်အမြင်နှင့် ကြိုးစားအားထုတ်မှုများသည် ၎င်းတို့အား ၎င်းတို့၏ အသိုင်းအဝိုင်းအတွင်း တန်ဖိုးကြီး Hass ထောပတ်သီးပျိုးပင်များနှင့် ထောပတ်သီးများအား ရောင်းချနိုင်စေပြီး ကျွမ်းကျင်ပြီး ယုံကြည်စိတ်ချရသော စိုက်ပျိုးသူများအဖြစ် အမျိုးသမီးအဖွဲ့ဝင်များ၏ ဂုဏ်သတင်းကို ခိုင်မာစေခဲ့သည်။
ဤအခြေအနေသည် အဖွဲ့ဝင်အမျိုးသမီးတိုင်းအတွက် ဂုဏ်ယူစရာပင်ဖြစ်သည်။
အမျိုးသမီးအချင်းချင်း စုပေါင်း လုပ်ဆောင်ခဲ့ကြတဲ့ ကာလတစ်လျှောက် ကျွန်မတို့ အချင်းချင်း သင်ယူရမိခဲ့တဲ့ သင်ခန်းစာကတော့ အများနဲ့ စုပေါင်းလုပ်ဆောင်ခြင်းဟာ တစ်ဦးတစ်ယောက်ချင်းစီ လုပ်ကိုင်ရတာထက် ပိုပြီး အကျိုးများတယ်လို့ သုံးသပ်မိပါတယ်။ ကျွန်မတို့ တစ်ဦးချင်းဆီကနေ ရှိနေတဲ့ အတွေ့အကြုံတွေ စိတ်ကူးစိတ်သန်းတွေကို အချင်းချင်း မျှဝေပေးနိုင်တယ်။ ပြီးတော့ အသစ်သစ်သော ကျွမ်းကျင်မှုတွေကို သင်ယူရပြီးတော့ အချင်းချင်း ချိတ်ဆက်မှုကောင်းကောင်းနဲ့ လုပ်ငန်းတွေကို လုပ်ဆောင်လာနိုင်ပါတယ်။ ယခုလို လုပ်ဆောင်လာခြင်းဖြင့် ကျွန်မတို့ သင်ယူရရှိခဲ့တာတွေကတော့ တစ်ဦးချင်းစီရဲ့ မတူညီတဲ့ အတွေးအမြင်တွေ ထင်မြင်ယူဆချက်တွေကို အလေးထားရမယ်။ အဲလို အလေးထားမှသာလျှင် နောက်ဆုံးမှာ ဘုံသဘောတူညီချက်တွေနဲ့ အလုပ်အတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာ ဖြစ်ပါတယ်။
UNODC ၏ ပံ့ပိုးပေးကူညီမှုမှာ ဤအမျိုးသမီးအဖွဲ့များအား ပျိုးဥယျာဉ်များနှင့် ထောပတ်သီးခင်းများ ဖွဲ့စည်းတည်ထောင်နိုင်ရုံသာမက အခြားအမျိုးသမီးများအား အလားတူလုပ်ငန်းများ ပိုမိုလုပ်ဆောင်ကာ ၎င်းတို့၏ လူမှုအသိုက်အဝန်းအား ပိုမိုအကျိုးပြုနိုင်ရန် လှုံ့ဆော်ပေးနိုင်ခဲ့ပါသည်။
အမျိုးသမီးအဖွဲ့များမှ ပြောပြပေးခဲ့သော ဇာတ်လမ်းတွင် UNODC မှ ကူညီပံ့ပိုးပေးမှု့များသည် အမျိုးသမီးများအတွက် ပညာရေး၏ စွမ်းအား ၊ စွမ်းဆောင်ရည် ဖွံ့ဖြိုး တိုးတက်မှုနှင့် စည်းလုံးစွာ လုပ်ကိုင်ဆောင်ရွက်စေတတ်သည့် အလေ့အကျင့်ကောင်းများကို ပြသနေသည်။ ထောပတ်ပင်များကို အမျိုးသမီးများကိုယ်တိုင် ကိုင်းဆက်ခြင်းနှင့် စိုက်ပျိုးခြင်းများ လုပ်ကိုင်နိုင်ခြင်းမှတဆင့် ကျား-မ တန်းတူညီမျှရေးသည် အမျိုးသမီးအတွက် အလှမ်းဝေးသည့် အိမ်မက်တစ်ခုမဟုတ်ဘဲ လက်တွေ့လုပ်ကိုင်နိုင်ကြောင်းကို ပြပေးသည့် သက်သေတစ်ခုလည်း ဖြစ်ခဲ့ပါသည်။ အောင်မြင်မှု့ အသီးအပွင့် တစ်ခုချင်းစီတိုင်းတွင် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်ရည်များကို အသိအမှတ်ပြုသည့် ဖျောက်ဖျက်မရသော မှတ်တိုင်တစ်ခုအဖြစ် ထင်ကျန်နေမည်ဖြစ်ပါသည်။
ထောပတ်သီးပျိုးခင်း အစပျိုးလုပ်ငန်းသည် UNODC မှ ပံ့ပိုးကူညီပေးနေသည့် ဘိန်းစိုက်ပျိုးခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာများကို ခံစားနေရသည့် ရှမ်းပြည်နယ် တောင်ပိုင်းမှ တောင်သူများအတွက် ကူညီပံ့ပိုးပေးနေသည့် အစားထိုးသီးနှံ စိုက်ပျိုးရေး စီမံချက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ထိုစီမံချက်ကို ဖင်လန်အစိုးရ၏ ရန်ပုံငွေအကူအညီဖြင့် UNODC မှ အမျိုးသမီးများအပါအ၀င် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် တောင်သူများအား ပိုမို လုံခြုံပြီး သာယာ၀ပြောသော အနာဂတ်အတွက် ဆက်လက် အကူညီပေးနိုင်ရန် ကတိက၀တ်ပြုထားပါသည်။
မြန်မာနိုင်ငံတွင် UNODC ၏ လုပ်ငန်းဆောင်ရွက်မှုအကြောင်းများကို ပိုမိုသိရှိလိုပါက ဤလင့် ကို နှိပ်ပြီး လေ့လာနိုင်သည်။