ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ၊ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအ၀ေး
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်။
ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်ကြီးများရှင်
မြန်မာနိုင်ငံအခြေအနေတွေနဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာနှင့် အတူ လတ်တလော ဖြစ်ရပ်အကြောင်းတွေကို မိတ်ဆက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါသည်။
အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားတဲ့အတိုင်း မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေက ပြည်သူတွေအပေါ် ဆိုးရွားစွာ ဆက်လက် ထိခိုက်နေတဲ့အပြင် ဒေသတွင်းကိုပါ ဆိုးဆိုး၀ါး၀ါးသက်ရောက်မှုများလည်း ရှိနေပါသည်။
လူဦးရေ ၁၃.၂ သန်းကျော်အတွက် စားနပ်ရိက္ခာဖူလုံမှုမရှိ။ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်က ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်၌ နေထိုင်ကြရပြီး၊ နောက်ထပ်လူဦးရေ ၁.၃ သန်းမှာလည်း ပြည်တွင်း အိုးအိမ်မဲ့ဖြစ်နေကြရပါသည်။
စစ်ဆင်ရေးများတွင် စစ်အင်အား အလွန်အမင်းဆက်လက် အသုံးပြုနေပါသည်။ အဲဒီအထဲမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်သား နေအိမ်အဆောက်အဦများကို မီးရှို့ခြင်းနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သားများကို သတ်ဖြတ်ခြင်းများ ပါဝင်သည်။ ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ ပွဲတော်တစ်ခုကျင်းပနေတဲ့အချိန် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံးရတဲ့အတွက် အဲဒီလုပ်ရပ်ကို ကျမ ရှုတ်ချပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည်လည်း အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်သည်ဟု စွပ်စွဲခံရမှု ရှိနေပါသည်။
အခြား အဓမ္မ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် လူမှုအသိုင်းအဝိုင်းများကဲ့သို့ပင် ရိုဟင်ဂျာလူမျိုးများ ၏ အကြပ်အတည်းသည်လည်း စိုးရိမ်ဖွယ်ရာအဖြစ် ဆက်လက်ကျန်ရှိနေပြီး၊ အများအပြားမှာ အန္တရာယ် ရှိသော ကုန်းကြောင်း၊ ရေကြောင်းခရီးလမ်းမှတဆင့် ခိုလှုံခွင့်ရရန် ကြိုးပမ်းနေကြဆဲ ဖြစ်ပါသည်။
ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေခြင်းသည် တာဝန်ခံမှုရှိရေးအတွက် မုချလိုအပ်နေကြောင်း သတိပေးချက် တစ်ခု ဖြစ်ပါသည်။
အစီရင်ခံစာထုတ်ပြန်ပြီးကတည်းက ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် တို့အကြား အကြမ်းဖက်မှုများ မြင့်မားနေပြီး၊ ၂၀၂၀ ခုနှစ်နှောင်းပိုင်း မတွေ့မြင်ဖူးသော အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်းတွင် သိသာထင်ရှားသော နယ်စပ်ဖြတ်ကျော် ကျူးကျော်မှုများ၊ လူမှုအသိုင်းအဝန်းအားလုံး ဘေးအန္တရာယ်ရောက်စေမှု၊ ခိုင်မာသောနေရပ်ပြန်နိုင်ရေးကို ထိခိုက်စေ သော အခြေအနေများနှင့် ရိုဟင်ဂျာဒုက္ခသည် ၁ သန်းခန့်ကို လက်ခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပေါ် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေခြင်း တို့ ပါ၀င်သည်။
မြန်မာနိုင်ငံ၏အကျပ်အတည်း နက်ရှိုင်းလာသည်နှင့်အမျှ ကျမသည် ကျမ၏လုပ်ပိုင်ခွင့်နှင့် အညီ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းသို့ ပြန်သွားနိုင်ရေးတွင် အားလုံးပါဝင်ပြီး မြန်မာနိုင်ငံသားများကသာ ဦးစီးသော လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွက်လာရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ထိတွေ့ဆောင်ရွက်ခြင်းဖြင့် ပေါင်းစပ်ညှိနှိုင်းမှုအခြေခံ နိုင်ငံတကာမဟာဗျူဟာကို ဆက်လက်မြှင့်တင်ဆောင်ရွက်ပါသည်။
အထူးသံတမန်တစ်ဦးအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံရန် မြန်မာနိုင်ငံသို့ သြဂုတ်လအတွင်း ပထမဆုံး သွားရောက်ခြင်းသည် ကုလသမဂ္ဂ၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်သော ပြည်သူများ၏ဆန္ဒနှင့် လိုအပ်ချက်များကို အခြေခံ၍ အရပ်သားအစိုးရ အုပ်ချုပ်ရေးသို့ ပြန်လည် ရောက်ရှိရေးအတွက် အရေးတကြီး ပံ့ပိုးကူညီရန် ဖြစ်ပါသည်။ ခရီးစဉ်အတွင်း တောင်းဆိုချက် ခြောက်ချက်ကို ကျမ တောင်းဆိုခဲ့သည်။ အဲဒီအချက်တွေကတော့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနဲ့ အရပ်သား နေအိမ် အဆောက်အအုံတွေကို မီးရှို့တာတွေကို ရပ်တန့်ရေး၊ ခွဲခြားမှု မရှိဘဲ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခွင့်ရရေး၊ ကလေးသူငယ်များနှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရေး၊ သေဒဏ်စီရင်မှုများကို ဆိုင်းငံ့ထားရန်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေထိုင်စားသောက်မှုအခြေအနေနှင့် သူမနှင့် ထိတွေ့ ဆက်ဆံနိုင်ရေး တို့ ပါ၀င်သည်။ ရိုဟင်ဂျာဒုက္ခသည်များ ဆန္ဒအလျောက် လုံခြုံမှုရှိရှိ၊ သိက္ခာရှိရှိနှင့် စဉ်ဆက်မပြတ် နေရပ်ရင်းပြန်ရရေးကို အထောက်အကူဖြစ်သော အခြေအနေ ဖန်တီးပေးရန် မြန်မာနိုင်ငံ၏ တာ၀န်ရှိမှုကို မီးမောင်းထိုးပြခဲ့ပါသည်။
အဲဒီနောက် ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် အိုးအိမ်မဲ့ဖြစ်ရသည့် ငါးနှစ်မြောက် နှစ်ပါတ်လည်တွင် ဒါကာနဲ့ ကော့ဘဇား တို့ကို သွားရောက်ခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စေတနာထားမှုအတွက် ကုလသမဂ္ဂက ကျေးဇူးတင်ရှိပါကြောင်း ပြောခဲ့ပါသည်။ ထို့အပြင် လက်ရှိအခြေအနေသည် ထိန်းမထားနိုင်သော အခြေအနေဖြစ်သည်ဟူသော ၀န်ကြီးချုပ် ရှိတ်ဟာစီနာ၏ ပြောဆိုချက်များကို ဂရုတစိုက်နားထောင်ခဲ့ပါသည်။
ကျမခရီးစဉ်အတွင်း မီးမောင်းထိုးပြစရာအချက်တစ်ချက်က ဒုက္ခသည်စခန်းများရှိ အမျိုးသမီးများ၊ လူငယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတို့၏အနာဂတ်နှင့် ပတ်သက်သော ဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများတွင် တိုက်ရိုက်ပါဝင်ခွင့်ရရန် လိုအပ်တယ်ဆိုတာကို ၎င်းတို့ ရှင်းလင်းစွာ ပြောဆိုခဲ့သည်။ ၎င်းတို့၏ အခွင့်အရေးများနှင့် အကာအကွယ်ရပိုင်ခွင့်များ - အထူးသဖြင့် ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်နှင့် လုံခြုံရေးတို့ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များနှင့်အညီ အာမခံချက် ပေးရပါမည်။
ရှေ့ဆက်ပြီး အာဆီယံအဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှုတွေ အားကောင်းအောင် ဆက်လက်ဆောင်ရွက်ပါမည်။ လက်ရှိအခြေအနေတွင် အကြမ်းဖက်မှုများ လျော့ချရန် သို့မဟုတ် “ဆွေးနွေးပွဲများအကြောင်း ဆွေးနွေးရန်” အတွက် လုပ်ဆောင်နိုင်သည့် အခြေအနေ အနည်းအကျဉ်းသာ ရှိသော်လည်း ပြည်သူများ၏ ဘေးဒုက္ခကို လျှော့ချရန် တိကျခိုင်မာသော နည်းလမ်းအချို့ရှိနေပါသည်။
နောက်ထပ် ပြည်သူများစွာ အကြမ်းဖက်မှုများမှ ထွက်ပြေးရနိုင်တယ်ဆိုတာကို လက်ခံထားသည့် အခြေအနေမှာ ဒုက္ခသည်များနှင့် အဓမ္မ ရွှေ့ပြောင်းနေထိုင်ရသူတွေအတွက် ဒေသတွင်း အကာအကွယ်ပေးရေးမူဘောင်တစ်ခု ရေးဆွဲဖို့ အာဆီယံကို ဆက်လက် တိုက်တွန်း သွားပါမည်။ မကြာသေးမီက မြန်မာနိုင်ငံသားအချို့ အတင်းအကြပ် ပြန်ပို့ခံရသော ဖြစ်ရပ်က ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော ဒေသတွင်းစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံ၏ ပေါင်းစပ်ညှိနှိုင်းတုံ့ပြန်မှု အရေးတကြီး လိုအပ်နေသည်ကို အလေးပေးဖော်ပြနေပါသည်။ ပြန်ပို့ခံရသူထဲမှ အချို့က ဆိုက်ရောက်ဗီဇာဖြင့် ရောက်ရှိချိန် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။
ပညာရေးနှင့် ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး ပြင်ဆင်ရန်အတွက် အစွမ်းထက်သော နည်းလမ်းများ ဖြစ်ပါသည်။ ထိုအတွက်လည်း ကျမ ဆက်လက်လှုံ့ဆော် ပြောဆိုလျက်ရှိပြီး အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများမှ ခေါင်းဆောင်များနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့နဲ့လည်း နီးကပ်စွာ လက်တွဲ ဆောင်ရွက်လျက် ရှိပါသည်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့်အညီ လိုအပ်နေသော လူသားအားလုံး ထံ လူသားချင်းစာနာမှုအကူအညီများပေးရေးနှင့် အကာအကွယ်ပေးရေးအတွက် ထိတွေ့ဆက်ဆံ နိုင်သော အားလုံးပါ၀င်သော ဖိုရမ်တစ်ခုပြုလုပ်ရန် ကျမကို အရေးပါသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က တညီတညွတ်တည်း တောင်းဆိုကြ ပါသည်။
ပဋိပက္ခဒဏ်ခံရသော အမျိုးသမီးများ၏ လိုအပ်ချက်များကို ပိုမိုသိရှိစေရန်နှင့် ၎င်းတို့၏ ခေါင်းဆောင်မှုကို အပြောင်းအလဲဖော်ဆောင်သူများအဖြစ် ချဲ့ထွင်ရန် အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံတွင် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS) လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ခဲ့ပါသည်။
နိဂုံးချုပ်ရလျှင် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို လက်မခံသော အပြောင်းအလဲကို တောင်းဆိုနေသူများရှိသည့် နိုင်ငံရေးအဖြစ်မှန်အသစ်တစ်ခု ရှိသည်။ အာရှဒေသ၏ ဗဟိုချက်မတွင် ကပ်ဘေးတွင်းနက်ထဲ ကျရောက်ခြင်းမှ ကာကွယ်လိုသည့် ပြည်သူများ၏ စကားကို နားထောင်ပြီး ၎င်းတို့ဆန္ဒအတိုင်း လမ်းညွှန်မှုခံယူရန် အစိုးရများအားလုံးနှင့် အခြားအဓိကပါဝင်ပတ်သက်သူများ ထံ ကျမ ဆက်လက်ပန်ကြားသွားပါမည်။
ကျေးဇူးတင်ပါတယ်။