COVID-19 ကြောင့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို လျှော့ချရန် ကြိုးပမ်းမှုများကို ကုလသမဂ္ဂအဖွဲ့ တိုးမြှင့်ဆောင်ရွက်
၂၀၂၀ ခုနှစ် ဧပြီလ ၂၇ ရက်။
-
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့သည် COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများကို လျှော့ချရန်နှင့် နိုင်ငံတစ်ဝှမ်းလုံးရှိ အမျိုးသမီများနှင့် အမျိုးသားများအတွက် အားလုံးပါဝင်နိုင်သော စီးပွား ရေးလုပ်ငန်းဝန်းကျင်ကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားမှုကြောင့် တစ်ကမ္ဘာလုံးတွင် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ရပ် ဖြစ်ပေါ်လျက် ရှိပါသည်။ ထို့ပြင် ကမ္ဘာ့စီးပွားရေးကိုလည်း နှေးကွေးသွားစေပါသည်။ မြန်မာနိုင်ငံ နှင့် ကမ္ဘာတစ်ဝှမ်းတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးမှု၊ အလုပ်အကိုင်နှင့် ဝင်ငွေဖန်တီးပေးသော အသေးစားစီးပွားရေးလုပ်ငန်းယန္တရားများအားလုံးသည် ကိုရိုနာဗိုင်းရပ်ရောဂါ၏ သက်ရောက်မှုကို ခံကြရ ပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီးသည် ဗိုင်းရပ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများတွင် ကူညီပံ့ပိုး ပေးနေသလို COVID-19 ကြောင့် အသေးစားစီးပွားရေးလုပ်ငန်းအပေါ် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ ကို လျှော့ချရန်အတွက်လည်း မြန်မာနိုင်ငံအစိုးရနှင့် လက်တွဲဆောင်ရွက်နေပါသည်။
ဥရောပသမဂ္ဂသည် အထည်ချုပ်ကဏ္ဍရှိ လုပ်သားများအတွက် အရေးပေါ်ရန်ပုံငွေ ယူရို ၅ သန်းကို မြန်မာ နိုင်ငံ အတွက် ယင်း၏ Nexus Response ယန္တရားမှတစ်ဆင့် ပေးအပ်ခဲ့ပြီး ထိုရန်ပုံငွေကို ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS)မှ စီမံခန့်ခွဲပါသည်။ လက်ရှိအခြေအနေတွင် အထည်ချုပ်လုပ်ငန်းကဏ္ဍ အတွင်း လုပ်သားပေါင်း ၇၀၀,၀၀၀ အနက် ခန့်မှန်းခြေ ၃၅၀,၀၀ ခန့်သည် လစာမရဘဲ အလုပ်မှ ရပ်နားခံရ နိုင်ခြေ သို့မဟုတ် အပြီးအပိုင် အလုပ်ပြုတ်သွားနိုင်ခြေ ရှိနေပါသည်။ ဤအရေးပေါ်ရန်ပုံငွေသည် COVID-19 ၏ သက်ရောက်မှု ခံရသူပေါင်း ၈၀,၀၀၀ ကျော်အား ကူညီပေးနိုင်ရန် ရည်ရွယ်ပါသည်။
ထို့ပြင် ဗြိတိန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် အိုင်ယာ လန်တို့မှ ရန်ပုံငွေပံ့ပိုးပြီး UNOPS မှ စီမံခန့်ခွဲသည့် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) ကလည်း အရင်းအနှီးဈေးကွက်အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၃ သန်း သုံးစွဲမည် ဖြစ်ပါသည်။ ထိုအစီအစဉ်သည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ (MFIs) မှတစ်ဆင့် ငွေဖြစ် လွယ်မှုကို တိုးတက်စေမည်ပြီး အိမ်ထောင်စုနှင့် အသေးစားစီးပွားရေးလုပ်ငန်းပေါင်း ၆၀၀,၀၀၀ အထိအား ကူညီမည်ဖြစ်သည်။ ဤရန်ပုံငွေအသစ်သည် MFI များအား စုစုပေါင်း ချေးငွေမတည်မှု အမေရိကန် ဒေါ်လာ သန်း ၆၀ မှတစ်ဆင့် လူပေါင်း ၅၀၀,၀၀၀ ခန့် အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။ ထိုသို့ မတည်ပေးခြင်းဖြင့် MFI များသည် အထည်ချုပ်လုပ်သား ၄၂,၀၀၀ ဦးအပါအဝင် COVID-19 ကြောင့် ဆိုးရွားစွာထိခိုက်မှု ရှိမည်ဟု ခန့်မှန်းရသည့် နယ်ပယ်များရှိ ဝန်ဆောင်မှုသုံးစွဲနေသော ဖောက်သည်များကို ချေးငွေ အမေရိကန် ဒေါ်လာ ၁၀၀-၂၀၀ အား ထပ်ဆောင်း ထုတ်ချေးပေးနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အစိုးရမှ ထူထောင်ထားသော COVID-19 ရန်ပုံငွေမှ ချေးငွေများ လျှောက်ထားရရှိနိုင်ရေးအတွက် ရန်ကုန်၊ စစ်တွေနှင့် မန္တလေးရှိ အသေးစားစီးပွားရေးလုပ်ငန်းများကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန နှင့် ပူးပေါင်း၍ လျှောက်လွှာတင်နိုင်ရန် အကူအညီပေးနေပါသည်။ ထိုရန်ပုံငွေမှ အသေးစားစီးပွားရေး လုပ်ငန်းများအတွက် ချေးငွေများကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် တစ်နှစ် ထုတ်ချေးမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် COVID-19 ကြောင့် ထိခိုက်မှုရှိသည့် ကဏ္ဍများမှ သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်းများထံသို့ ချေးငွေများ ချက်ချင်းထုတ်ပေးနိုင်ရန်အတွက် ရန်ပုံငွေ မြန်မာကျပ်ငွေ ၁၀၀ ဘီလျှံကို ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုရန်ပုံငွေမှ ချေးငွေထုတ်ပေးမည့် လုပ်ငန်းများတွင် အထည်ချုပ်လုပ်ငန်း များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပါဝင်ပါသည်။ UNDP သည် ရန်ပုံငွေစတင်ထူထောင်ခဲ့သည့် ဧပြီလ အစောပိုင်းမှ စတင်၍ ချေးငွေ လျှောက်လွှာပေါင်း ၁၈၀ ကျော် တင်နိုင်အောင် ကူညီပေးခဲ့ပြီး ဖြစ်ပါသည်။
COVID-19 သည် စီးပွားရေးလုပ်ငန်းကဏ္ဍအတွင်းရှိ ကျားမတန်းတူညီမျှ မရှိမှုများကိုလည်း လှစ်ဟပြသ ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ စားသောက်နေထိုင်ရေး ဝန်ဆောင်မှုများတွင် လုပ်ကိုင်နေသော အလုပ်သမား များ၏ ၆၀ ရာခိုင်နှုန်းနှင့် အစားအသောက် ရောင်းချသော လမ်းဘေးဈေးသည်များ၏ ၇၀ မှ ၉၀ ရာခိုင်နှုန်း ကြားသည် အမျိုသမီးများ ဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံလုပ်သားအများစုသည် လည်း အမျိုးသမီးများဖြစ်ကြပြီး စက်ရုံများ ပိတ်သွားသဖြင့် ထိုအမျိုးသမီးလုပ်သားအများအပြားအပေါ် ထိခိုက်မှု ရှိနေပြီ ဖြစ်ပါသည်။ အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတွင် ပါဝင် သော အစိတ်အပိုင်းများမှာ လက်ရှိဈေးကွက်များအတွင်း တန်းတူညီမျှ ပါဝင်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း၊ ကုန်ထုတ်လုပ်မှု အရင်းအမြစ်များကို လက်လှမ်းမီအသုံးပြုနိုင်ခြင်းနှင့် စီမံထိန်းချုပ်နိုင်ခြင်း၊ ကောင်းမွန် သင့်တင့်သော အလုပ်များကို လက်လှမ်းမီရရှိခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်အချိန်၊ ဘဝနှင့် ခန္ဓာကိုယ်ကို ပိုင်စိုး နိုင်ခြင်း၊ အိမ်ထောင်စုအဆင့်မှ နိုင်ငံတကာအဖွဲ့အစည်းများအထိ အဆင့်များအားလုံးရှိ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှုများတွင် ပြောရေးဆိုခွင့် ရှိခြင်းနှင့် အဓိပ္ပါယ်ပြည့်ဝထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင် ခြင်းတို့ ဖြစ်ပါသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးရာတွင် အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင် ပေးခြင်းသည် မရှိမဖြစ် လိုအပ်ပြီး နိုင်ငံတကာမှ အထောက်အထားများအရ စီးပွားရေးကဏ္ဍတွင် အမျိုး သမီးများ ပါဝင်ဆောင်ရွက်နိုင်ခြင်းသည် GDP တိုးတက်မှုနှုန်း၊ ကုန်ထုတ်စွမ်းအား၊ စီးပွားရေးလုပ်ငန်း အမျိုးအစား စုံလင်စွာ လုပ်ကိုင်နိုင်မှုနှင့် ဝင်ငွေတန်းတူညီမျှမှုတို့ကို တိုးတက်စေကြောင်း သက်သေပြပြီး ဖြစ်ပါသည်။ အရေးပေါ်အခြေအနေ တုံ့ပြန်ရာတွင် ကျားမတန်းတူညီမျှမှုကို အလေးဂရုပြု၍ ဆောင်ရွက် နိုင်ရေး ကူညီပံ့ပိုးပေးရန်အတွက် UN Women သည် ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးသည့် ၎င်း၏ ဒေသတွင်း အဆင့်အစီအစဉ်တစ်ခု ဖြစ်သော #WeEmpowerAsia အစီအစဉ်မှတစ်ဆင့် အမျိုးသမီးများ၏ စီးပွားရေး စွမ်းဆောင်ရည်မြှင့်တင်မှုကို အဓိကထား လေ့လာသည့် စစ်တမ်းနှစ်ခုကို ဦးဆောင်ကောက်ယူရန် စီစဉ်နေ ပါသည်။ ပထမစစ်တမ်းတွင် အမျိုးသမီး စီးပွားရေးလုပ်ငန်းစွမ်းဆောင်ရှင်များနှင့် ၎င်းတို့ကို ပံ့ပိုးပေးနေ သော အဖွဲ့အစည်းများအပေါ် COVID-19 ၏ သက်ရောက်မှုကို လေ့လာမည်ဖြစ်ပြီး ဒုတိယစစ်တမ်းတွင် အလုပ်သမားများအပေါ် အရေးပေါ်အခြေအနေ၏ သက်ရောက်မှုကို လေ့လာမည်ဖြစ်သည်။ ထိုစစ်တမ်း များမှ ရလဒ်များကို အစိုးရနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များထံ မျှဝေေပးမည်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍမှ အမျိုးသမီးများ ၏ လိုအပ်ချက်များကို အပြည့်အဝကိုင်တွယ်ဖြေရှင်းပေးမည့် အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အင်အားဖြစ်စေသည်သာမက ရေရှည်တည်တံ့ပြီး ကျယ်ပြန့်သည့် အလုပ်အကိုင် ဖန်တီး မှုအတွက် မရှိမဖြစ်လိုအပ်သည်ဟု ဖော်ပြပါရှိပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီးသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုး တက်ရေးအတွက် ၂၀၃၀ လုပ်ငန်းစဉ်အတွင်းရှိ ကျားမတန်းတူညီမျှရေး ကြိုးပမ်းလုပ်ဆောင်ခြင်းနည်းလမ်း အပါအဝင် စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်မှုကို အားပေးကူညီသွားရန် သန္နိဋ္ဌာန် ချမှတ်ထားပါသည်။
ပြီးပါပြီ။