နိုင်ငံတွင်း COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် အကျဉ်းကျနေသူများအတွက် ကုလသမဂ္ဂမှ အစိုးရအား ကူညီပေးနေမှု
၂၀၂၀ ခုနှစ် ဧပြီလ ၂၄ ရက်။
- အကျဉ်းကျနေသူများနှင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများအပါအ၀င် အားလုံးအား COVID-19 ကပ်ရောဂါအန္တရာယ်မှ အကာအကွယ်ပေးရန် မြန်မာအစိုးရ၏ဆောင်ရွက်နေမှုများကို ကုလသမဂ္ဂအနေမှ ပံ့ပိုးကူညီပေးနေပါသည်။
အကျဉ်းကျနေသူများ၏ ကျန်းမာရေးနှင့်လုံခြုံရေးကို စဉ်းစားသောအားဖြင့် ဧပြီလ ၁၇ ရက်နေ့က အကျဉ်းသားဦးရေ ၂၄,၀၀၀ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတက မြန်မာနှစ်သစ်ကူးအစဉ်အလာနှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါသည်။ အစိုးရအနေဖြင့်ဆောင်ရွက်လျက်ရှိသည့် ပိုမိုကောင်းမွန်သောမိလ္လာစနစ်ဖြစ်စေရေး၊ ကျန်ရှိနေသေးသော အကျဉ်းကျနေသူများနှင့် ဖျားနာနေသူများကို စိစစ်နိုင်ရေး၊ သီးခြားခွဲထားနိုင်ရေးကြိုးပမ်းမှုများ၏ နောက်ဆက်တွဲအဖြစ် အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ စောစီးစွာကြိုတင်ကာကွယ်နိုင်ရေး၊ COVID-19 သံသယ (သို့) ရောဂါတွေ့ရှိလာပါက ချက်ချင်းတုန့်ပြန်နိုင်ရေးတို့မှာ အကျဉ်းကျနေသူများ၏လုံခြုံရေးအတွက် အဓိကအရေးကြီးပါသည်။ ကုလသမဂ္ဂအနေဖြင့် ၎င်းအတွက် လိုအပ်သောအကူအညီများပေးနိုင်ရန် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) သည် မြန်မာနိုင်ငံ၏အဓိကကျသောနေရာမှ ဆောင်ရွက်နေသူဆေးဝန်ထမ်းများ ၊ အကျဉ်းဦးစီးဌာနတို့နှင့် ပူးပေါင်းကာ အကျဉ်းထောင်များတွင် COVID-19 အတွက် ပြင်ဆင်ထားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့အတွက် ရေတိုနှင့်ရေရှည်အစီအစဉ်များဆွဲ၍ ဆောင်ရွက်လျက်ရှိပါသည်။
UNODCအား ကူးစက်မှုထိန်းချုပ်ရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများဝယ်ယူရေး၊ အကျဉ်းကျနေသူများအကြား COVID-19 အန္တရာယ်အကြောင်း ပြန်ကြားပြောဆိုနိုင်ရေးအတွက် ‘ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေ’ (Access to Health Fund)မှ ကူညီပေးလျက်ရှိပါသည်။ အဆိုပါ Access to Health Fund ကို ယူနိုက်တက်ကင်းဒမ်း၊ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်နိုင်ငံတို့မှ ထောက်ပံ့ကူညီပြီး ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး (UNOPS) က စီမံခန့်ခွဲပါသည်။ ပေးအပ်မည့်အကူအညီများတွင် နှာခေါင်းစည်းများ၊ လက်အိတ်များ၊ ဆပ်ပြာ၊ လက်ဆေးရည်၊ အပူချိန်တိုင်းကိရိယာများ၊ တစ်ကိုယ်ရည်အကာအကွယ်ပစ္စည်းများ ဖြန့်ဖြူးပေးခြင်းလည်း ပါဝင်ပါသည်။ COVID-19 အကြောင်းအသိပညာပေးခြင်းအပါအဝင် COVID-19 ဖြစ်ပွားချိန် (သို့) အကျဉ်းသားများအား အကျဉ်းထောင်မှလွှတ်ပေးသည့်အချိန်တွင် ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်သည့် (ART) ကုထုံး၊ မူးယစ်ဆေးဖြတ်ခြင်း (သို့) တီဘီရောဂါကုသခြင်း စသည့် အဓိကကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
UNODC သည် အကျဉ်းမှလွတ်မြောက်ပြီးဖြစ်သည့် အကျဥ်းသားများအတွက် COVID-19 အန္တရာယ်၊ တီဘီရောဂါ၊ ART ကုထုံး၊ မူးယစ်ဆေးစွဲအန္တရာယ်တို့နှင့် ပတ်သက်သော ကျန်းမာရေးအသိပညာပေးအကြောင်းအရာများကို ထုတ်ပြန်ပြီးဖြစ်ပါသည်။ အကျဉ်းထောင်များတွင် လက်ခံနိုင်သည့် လူဦးရေထက်များပြားနေမှု၊ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် COVID-19 ပျံ့နှံ့မှုကိုကာကွယ်တားဆီးရန် အသိပညာနှင့် ရင်းမြစ်များ ရရှိစေရေး စသည့် ရေရှည်ကာလအတွက် လျော့ပါးသက်သာရေးဗျူဟာများကို ကုလသမဂ္ဂမှအကူအညီပေးရန်စီစဉ်လျက်ရှိပါသည်။
အသက်ကယ် ART ဆေးဝါးများ ဖြန့်ဝေရန်နှင့် ခုခံအားကျဆင်းမှုရောဂါခံစားနေရသူအကျဉ်းသားများအား လွှဲပြောင်းကုသနိုင်မည့်နေရာများ၊ သယ်ပို့ရေးအစီအစဉ်များနှင့်ပတ်သက်၍လည်း ကုလသမဂ္ဂပူးပေါင်းအစီအစဉ် HIV/AIDS (UNAIDS)က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ပံ့ပိုးပေးခဲ့ပါသည်။ UNAIDS က COVID-19 ကြောင့် ဆေးဝါးကုသရေးစင်တာများသို့ သွားရောက်ရာတွင် အခက်အခဲကြုံတွေ့နိုင်မည့် လွတ်မြောက်လာသည့်အကျဉ်းသားများကို ၆လစာဆေးဝါးများထောက်ပံ့ခဲ့ပါသည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာနှစ်သစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်သူအကျဉ်းသားများအား လွတ်မြောက်ခွင့်ပေးခြင်းကို ကြိုဆိုကြောင်း၊ ဤသို့ဆောင်ရွက်ခြင်းသည် နေရာအနှံ့သို့ အထူးသဖြင့် အကျဉ်းထောင်များဆီသို့ ပျံ့နှံ့လာနိုင်ခြေရှိသည့် COVID-19 ဗိုင်းရပ်စ်ကို တားဆီးကာကွယ်သည့် အစိုးရ၏ ကြိုးပမ်းမှုများထဲက တစ်ခုလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ဌာနေကိုယ်စားလှယ်/လူသားချင်း စာနာထောက်ထားမှုညှိနှိုင်းရေးတာဝန်ခံ Ola Almgren မှ ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ၏ COVID-19 ခြိမ်းခြောက်မှုအန္တရာယ်ကို တုန့်ပြန်ဆောင်ရွက်နေမှုများကို အကူအညီပေးလျက်ရှိပါကြောင်း၊ ကုလသမဂ္ဂသည် လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ထူထောင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်များတွင်လည်း တက်ကြွစွာကူညီပေးရန် အသင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။