သတင်းထုတ်ပြန်ချက်

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်လူထုသို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်သွားရောက်ထောက်ပံ့နိုင်၊ ဆက်သွယ်၍မရသေးသော စားနပ်ရိက္ခာထောက်ပံ့မှု အရေးပေါ်လိုအပ်နေသူများ ရှိနေသေး

၂၀၂၀ ခုနှစ် ဧပြီလ ၀၃ ရက်။

  • ပလက်ဝ၊ မြန်မာ - ကြိမ်ဖန်များစွာကြိုးပမ်းအားထုတ်မှုများ၏ ရလာဒ်အဖြစ်  ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) အနေဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့အတွင်းရှိ စစ်ဘေးဒဏ်သင့်လူထုထံသို့ စားနပ်ရိက္ခာများ ပို့ဆောင်ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

“ဆမီးမြို့က မိသားစုတွေဆီ ကျွန်တော်တို့ စားနပ်ရိက္ခာအကူအညီပို့ပေးနိုင်ခဲ့ပါပြီ။ အခုလို အောင်အောင်မြင်မြင် သွားရောက်ထောက်ပံ့နိုင်အောင် ကူညီပေးခဲ့တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ကို ကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောသည်။ “အခုအချိန်မှာ ပလက်ဝမြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်းက စစ်ဘေးဒဏ်သင့် မိသားစုတွေဆီ အရေးကြီးလိုအပ်နေတဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေ သွားရောက်ပို့ဆောင်နိုင်ဖို့ ဦးစားပေး ကြိုးစား ဆောင်ရွက်နေပါတယ်။ အကူအညီလိုအပ်နေတဲ့ လူထုထံ WFP အနေနဲ့ရော WFP ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေပါ သွားရောက်ကူညီနိုင်ရေး အခွင့်ပေးဖို့ အဖက်ဖက်ကို ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်”

အရေးပေါ်အခြေအနေတုံ့ပြန်မှု ကယ်ဆယ်ရေးအထောက်အပံ့အဖြစ် ဆီမီးမြို့သို့ ပေးပို့ခဲ့သည့် ရိက္ခာများတွင် ဆန်၊ ဆီ၊ ပဲ၊ ဆား နှင့် မီးဖိုချောင်သုံးပစ္စည်းများပါဝင်ပြီး လူဦးရေ ၂,၆၀၀ ကျော်အတွက် နှစ်လစာခန့် စားနပ်ရိက္ခာ ဖူလုံစေမည်ဖြစ်ပါသည်။ အာဟာရချို့တဲ့မှုကို ရင်ဆိုင်နေရသည့် မိခင်များနှင့် ကလေးငယ်များအတွက် အားဖြည့်အာဟာရအစာများ (Fortified Blended Food) ကိုလည်း ပို့ဆောင်ထောက်ပံ့ပေးနိုင်ရန် WFP က စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။

ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးသင့် လူထုထံသို့လည်း အ‌ရေးပေါ်လိုအပ်လျက်ရှိသည့် အထောက်အပံ့များကို ပေးပို့နိုင်ရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားလျက်ရှိပါသည်။

လွန်ခဲ့သည့်လအနည်းငယ်မှစတင်၍ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်စပ်ကြားတွင် တည်ရှိသော ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ကုန်စျေးနှုန်းအလွန်အမင်းမြင့်တက်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ အရှိန်မြင့်တက်လာသော စစ်ဘေးဒဏ်ကြောင့် ကုန်စည်စီးဆင်းမှု ရပ်တံ့ ပြတ်တောက်သွားခဲ့ပြီး ‌‌‌ဒေသခံလူထု အနေဖြင့်  လယ်ယာနှင့် အလုပ်အကိုင်များကို စွန့်လွှတ်ကာ  နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါသည်။

WFP သည် လက်ရှိတွင် စစ်ဘေးရှောင်လူထုအပါအဝင် စားနပ်ရိက္ခာလောက်ငမှုမရှိသော ရခိုင်ပြည်နယ်ရှိ ဘေးသင့် လူဦးရေ ၂၇၀,၀၀၀၊ ကချင်ပြည်ရှိ လူဦးရေ ၄၇,၀၀၀၊ ရှမ်းပြည်နယ်ရှိ လူဦးရေ ၁၅,၀၀၀ တို့ကို အရေးပေါ် စားနပ်ရိက္ခာအ‌ထောက်အပံ့များ ပေးအပ်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသော စစ်ဘေးဒဏ်ကြောင့် စားနပ်ရိက္ခာလိုအပ်ချက်များမြင့်တက်လာရာ WFP အနေဖြင့် အထောက်အပံ့များကို တိုးမြှင့်ပံ့ပိုးနေရပါသည်။ WFP ၏ အထောက်အပံ့များအတွက် နိုင်ငံတကာအစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍမှ ၎င်းတို့၏ ဆန္ဒအလျောက် လှူဒါန်းပံ့ပိုးသည်။

generic profile

ခွမ်းလီ

WFP
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနချုပ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ