သတင်းထုတ်ပြန်ချက်

ငလျင်ကြီးအပြီး မြန်မာနိုင်ငံတွင် လိုအပ်ချက်များ မြင့်မားလာမှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက ပံ့ပိုးကူညီမှုများ တိုးမြှင့်ပေးအပ်

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်။

‎‎ 

ရန်ကုန်၊ မြန်မာ။     ။ ယခုနှစ် မတ်လပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ ရစ်ခ်ျတာစကေးရှိ ငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသူများထဲမှ လူဦးရေ ၃၂၀,၀၀၀ ကို အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့များပေးအပ်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် ပံ့ပိုးကူညီလိုက်ပါသည်။

အဆိုပါ ရန်ပုံငွေဖြင့် WFP သည် ဆန် ၄,၉၀၀ မက်ထရစ်တန် ဝယ်ယူမည်ဖြစ်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် နှင့် ရှမ်းပြည်နယ် စသည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံခဲ့ရသည့်‌‌ဒေသများရှိ ရပ်ရွာလူထုကို တစ်လစာ ဆန်ရိက္ခာအကူအညီများ ပေးအပ်နိုင်မည်ဖြစ်ပါသည်။ WFP သည် အဆိုပါအထောက်ပံ့များကို အကူအညီလိုအပ်နေသူများထံ တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်ပြီး၊ ဒေသခံမိတ်ဖက်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ငလျင်ကြီးလှုပ်ခတ်ခဲ့ရာမှာ လေးလကျော်ခဲ့ပြီဖြစ်သည့်တိုင် ငလျင်ဒဏ်ကို ပြင်းထန်စွာခံခဲ့ရသည့်‌‌ဒေသများရှိ ဝမ်းရေးဖူလုံမှုအခြေအနေမှာ ခက်ခဲဆိုးရွားနေကြဆဲ ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ နောက်ဆုံးရရှိထားသည့် ကိန်းဂဏန်းများ အရ လူဦးရေပေါင်း ၆ ဒသမ ၃ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီကို လိုအပ်လျက်ရှိပါသည်။ လူထောင်ပေါင်းများစွာသည် နေအိမ်များမှစွန့်ခွာကာ မလုံခြုံသည့်အခြေအနေတွင် ခိုလှုံနေရလျက်ရှိပြီး မုတ်သုန်မိုး သည်းထန်စွာရွာသွန်းမှုကလည်း အခြေအနေများကို ပိုဆိုးရွားလာစေသည်။ WFP နှင့် FAO တို့၏ ကနဦးအကဲဖြတ်ချက်များအရ ငလျင်ဘေးဒဏ်ခံရပ်ရွာလူထု၏ ၃၈ ရာခိုင်နှုန်းသည် ၎င်းတို့၏ စားနပ်ရိက္ခာလိုအပ်ချက်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ သို့မဟုတ် အခြားအထောက်အပံ့များအပေါ် မှီခိုနေရဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

“ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရတာတွေနဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေပိုဆိုးလာနေတဲ့ နိုင်ငံကိုမှ ငလျင်က ထပ်ပြီး လှုပ်ခတ်သွားခဲ့တာပါ။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောသည်။ "တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ ငလျင်လှုပ်ပြီးပြီးချင်း အကူအညီတွေ အလိုအပ်ဆုံးဖြစ်နေချိန်မှာ အရေးပေါ်အကူအညီတွေပေးပြီး ရှေ့တန်းအခန်းကဏ္ဍကနေ ချက်ချင်းပါဝင်ခဲ့ပါတယ်။ အရာအားလုံးဆုံးရှုံးခဲ့ရတဲ့အပြင် မုတ်သုန်မိုးကြောင့် ပိုဆိုးလာတဲ့အခက်အခဲတွေကို ကြံ့ကြံ့ခံနေကြရတဲ့ မိသားစုတွေအတွက် တရုတ်နိုင်ငံက အခုပေးအပ်လိုက်တဲ့ အကူအညီတွေဟာ တကယ့်ကိုအထောက်အပံ့ဖြစ်မှာပါ” ဟု Mr. Dunford က ဆက်လက်ပြောကြားသည်။

WFP သည် ငလျင်တုံ့ပြန်မှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ ငလျင်ဘေးသင့်ဒေသများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ လိုအပ်ချက်များကို ဖြေဆည်းပေးနိုင်ရန်အတွက် နိုင်ငံတကာ၏ စဉ်ဆက်မပြတ်သော ပံ့ပိုးကူညီမှုများသည်လည်း မရှိမဖြစ် လိုအပ်နေပါသေးသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ယခုကဲ့သို့သောပံ့ပိုးကူညီမှုများကြောင့် ငလျင်‌ဘေးသင့် မိသားစုများအနေဖြင့် ဝမ်းရေးမပူပန်ရတော့ဘဲ ဘဝကို ပြန်လည်ထူထောင်တည်ဆောက်နိုင်ကြမည်ဖြစ်ပါသည်။

ငလျင်ဒဏ်ကို အပြင်းထန်ဆုံးခံစားခဲ့ရသည့်ဒေသများနှင့် ထိခိုက်ခံစားရသူများ၏ ဓာတ်ပုံများကို အောက်ပါလင့်ခ်တွင် ရရှိနိုင်သည်။

https://multimedia.wfp.org/Share/60ln22c3kc1p27xvansrv22by2wl1b12

 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာ အထောက်အပံ့များမှတစ်ဆင့်  ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။   


WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။    
 

generic profile

Yiwen Zhang

WFP/Beijing

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ