ပူးတွဲထုတ်ပြန်ချက် - ငလျင်ကြီးအလွန်ကာလ မြန်မာနိုင်ငံတွင် မြင့်မားလာသောလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဥရောပသမဂ္ဂက အကူအညီများတိုးမြှင့်ပေးအပ်
၂၀၂၅ ခုနှစ် ဇွန်လ ၀၄ ရက်။
မန္တလေးမြို့ – မြန်မာနိုင်ငံတွင် ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ရပ်ရွာလူထုများ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေ ယူရို ၅ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် ပေးအပ်ပံ့ပိုးကူညီလိုက်ပါသည်။
ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာန (ECHO)၏ အဆိုပါရန်ပုံငွေဖြင့် WFP သည် ငလျင်ဘေးဒဏ်အဆိုးရွားဆုံးခံစားခဲ့ရသူများအတွက် စားနပ်ရိက္ခာအကူအညီ သို့မဟုတ် စားနပ်ရိက္ခာဝယ်ယူရန် ငွေသားအကူအညီများ ပေးအပ်သွားမည့်အပြင် ကလေးများနှင့် မိခင်များအတွက် အထူးအာဟာရ အထောက်အပံ့များကိုလည်း ပေးအပ်သွားမည်ဖြစ်ပါသည်။ WFP သည် အဆိုပါအထောက်ပံ့များကို အကူအညီလိုအပ်နေသူများထံ တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်ပြီး ဒေသခံမိတ်ဖက်များ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်း NGO များနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ငလျင်ဘေးသင့်ခံရသော မန္တလေးတိုင်းဒေသကြီးထံသို့ မကြာသေးမီက EU နှင့် WFP မှ တာဝန်ရှိသူများ ကွင်းဆင်းလေ့လာခဲ့ရာ ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ရပ်ရွာလူထုများ ဆက်လက်ရင်ဆိုင်နေရသောအခက်အခဲများကို မျက်မြင်တွေ့ရှိခဲ့ပြီးနောက် အဆိုပါ ရန်ပုံငွေများ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ ငလျင်အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည့်မြို့နယ်များတွင် စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသောလူဦးရေပေါင်း ၂ ဒသမ ၈ သန်းနီးပါးသည် ငလျင်ဘေးဒဏ်ကို ထိခိုက်ခံစားခဲ့ရသည်။
"ဒီလို ဆိုးရွားတဲ့ ငလျင်ဒဏ်ကို မခံရမီကတည်းက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေက လက်ရှိပဋိပက္ခတွေကို ခံစားနေကြရတဲ့ ပြည်သူတွေအတွက် အသက်သွေးကြောတစ်ခုဖြစ်နေတာပါ။ ဒီလိုစိတ်မကောင်းစရာဖြစ်ရပ်တွေကြုံတွေ့နေရချိန်မှာ မြန်မာနိုင်ငံအတွက် EU ရဲ့ ကတိကဝတ်တွေဟာ ခိုင်ခိုင်မာမာရှိနေဆဲဖြစ်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်လိုမျိုး ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ကျွန်တော်တို့အနေနဲ့ ကယ်ဆယ်ရေးအထောက်အပံ့တွေ ပေးအပ်နေပါတယ်။ ဒီလိုအကူအညီတွေကို ဆက်လက်ပြီး ပေးအပ်သွားဦးမှာပါလို့လည်းပြောချင်ပါတယ်။” ဟု မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်သူ Mr. Luc Verna က ပြောကြားသည်။
WFP သည် ပဏာမတုံ့ပြန်ရေးအစီအစဥ်တွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် နေပြည်တော် အပါအဝင် ငလျင်ဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသည့်ဒေသများရှိ လူဦးရေ လေးသိန်းခန့်ဆီသို့ အရေးပေါ်စားနပ်ရိက္ခာ၊ စားနပ်ရိက္ခာဝယ်ယူရန်ငွေသားနှင့် အာဟာရအထောက်အပံ့များ ပေးအပ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ဇွန်လဆန်းမှ စတင်၍ နှစ်လကြာကာလအတွင်း WFP သည် လူဦးရေ တစ်သိန်းငါးသောင်းခန့်ကို စိစစ်ရွေးချယ်ကာ ထောက်ပံ့ကူညီသွားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
“ဒီငလျင်ကြီးဟာ ၂၀၂၁ ခုနှစ်ကတည်းက ရှိနေခဲ့တဲ့အကျပ်အတည်းတွေအပေါ် ထပ်တိုးကျရောက်လာတဲ့ ကပ်ဘေးတစ်ခုပါပဲ။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောသည်။ “မုတ်သုံရာသီမှာ အခြေအနေတွေက ပိုကြပ်တည်းခက်ခဲလာမှာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ EU ရဲ့ အရေးပါလှတဲ့ လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေတွေဟာ အခက်ဒုက္ခကြုံနေကြတဲ့ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ WFP လုပ်ငန်းတွေအတွက် တကယ့်ကိုအထောက်အကူပြုမှာပါ။” ဟု Mr. Michael Dunford က ဖြည့်စွက်ပြောကြားသည်။
ငလျင်ဘေးသင့်ဒေသများရှိ လိုအပ်ချက်များအပြင် နိုင်ငံတစ်ဝှမ်း ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူ သန်းပေါင်းများစွာ၏ ကြီးမားသောလိုအပ်ချက်များကိုလည်း ကူညီဖြည့်ဆည်းပေးကြပါရန် နိုင်ငံတကာအသိုင်းအဝိုင်းကို EU နှင့် WFP တို့က တိုက်တွန်းလိုက်ပါသည်။ ရန်ပုံငွေမလုံလောက်မှုကြောင့် WFP သည် မြန်မာနိုင်ငံရှိ လူဦးရေ တစ်သန်းကျော်အတွက် စားနပ်ရိက္ခာအထောက်အပံ့များကို ဧပြီလကတည်းက ဖြတ်တောက်ခဲ့ရသည်။ ငလျင်ကြီးမလှုပ်ခတ်မီကတည်းကပင် မြန်မာနိုင်ငံတွင် လူဦးရေ သန်း၂၀ သည် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လိုအပ်နေသည့်အခြေအနေဖြစ်ပါသည်။
ယခုနောက်ဆုံးပံ့ပိုးမှုကြောင့် ၂၀၂၅ ခုနှစ်တွင် WFP ၏ မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းများအတွက် EU ၏ အကူအညီသည် စုစုပေါင်း ယူရို ၈ ဒဿမ ၉ သန်း (အမေရိကန်ဒေါ်လာ ၁၀ သန်း) အထိရှိလာခဲ့ပြီး၊ မြန်မာနိုင်ငံ၏ အကျပ်အတည်းကာလ ဆာလောင်မွတ်သိပ်မှုပြဿနာကို ဖြေရှင်းရန် WFP ၏ ကြိုးပမ်းမှုများအတွက် အများဆုံးပံ့ပိုးကူညီသောအဖွဲ့အစည်း ဖြစ်လာခဲ့သည်။
သတင်းဓာတ်ပုံများကို ဤနေရာတွင် ရယူနိုင်ပါသည်။
# # #
EU Civil Protection and Humanitarian Aid အကြောင်း
ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပေးအပ်နေသည့် ကမ္ဘာ့ဦးဆောင်အလှူရှင်နိုင်ငံများဖြစ်သည်။ ကယ်ဆယ်ရေးအကူအညီများကိုပေးအပ်ခြင်းသည် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ အကူအညီလိုအပ်နေသူများနှင့် တစ်သားတည်းရပ်တည်ကြောင်း ဖော်ပြသည့် စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုပင်ဖြစ်သည်။ ၎င်းအကူအညီသည် လူ့အသက်များကိုကယ်တင်ရန်၊ လူသားများဆင်းရဲဒုက္ခခံစားရခြင်းမှ တားဆီးကာကွယ်ရန်နှင့် သက်သာရာရစေရန်၊ဘေးအန္တရာယ်များနှင့် အကြပ်အတည်းများကြောင့် ထိခိုက်ခံစားရသူများ၏ ဂုဏ်သိက္ခာကိုကာကွယ်ရန် ရည်ရွယ်သည်။ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာနမှတစ်ဆင့် နှစ်စဉ်နှစ်တိုင်း ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့်ထိခိုက်ခဲ့ရသည့် သန်းနှင့်ချီသော အကူအညီလိုအပ်နေသူများကိုကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ဥရောပသမဂ္ဂ ၏ ရုံးချုပ်သည် Brussels တွင်တည်ရှိပြီး ကမ္ဘာအရပ်ရပ်ရှိ ရုံးခွဲများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များအပေါ် အခြေခံ၍ အထိခိုက်လွယ်ဆုံးသောသူများကို အကူအညီများပေးအပ်လျက်ရှိပါသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်း
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။
WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။