ဒဏ်ရာရနှလုံးသားငယ်လေးများကို ကုစားခြင်း
ပြင်းထန်ငလျင်လှုပ်ခတ်ပြီးနောက် ကလေးများအတွက် စိတ်ကျန်းမာရေး ထောက်ပံ့မှု အရေးတကြီး လိုအပ်နေ
၂၀၂၅ ခုနှစ် မတ်လ ၂၈ရက်နေ့မှာ မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ အဆင့်ရှိ ဖျက်အားပြင်းငလျင်ရဲ့ နောက်ဆက်တွဲအဖြစ် ပြိုကျနေတဲ့ အဆောက်အဦးတွေ၊ ပျက်စီးနေတဲ့ အခြေခံအဆောက်အအုံတွေနဲ့ မိသားစုတွေအတွက် ယာယီခိုလှုံရာနေရာလေးတွေက ငလျင်ဘေးသင့်ဒေသတွေရဲ့ လက်ရှိအနေအထားတစ်ခုအဖြစ် ရှင်းလင်းစွာမြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီမြင်သာတဲ့ အပျက်အစီးတွေအောက်မှာ တိတ်ဆိတ်ပေမယ့် ပိုမိုနက်ရှိုင်းတဲ့ ပြဿနာတစ်ခုရှိနေပါတယ် - ဒါကတော့ အသက်ရှင်ကျန်ရစ်သူတွေ အထူးသဖြင့် ကလေးငယ်တွေ သယ်ပိုးထားတဲ့ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေပဲဖြစ်ပါတယ်။
နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်ချပ်ကျေးရွာမှ အသက် ၅ နှစ်အရွယ် ခင်ရတနာလေးက ငလျင်လှုပ်စဉ် အုတ်နံရံပြိုကျပြီး မိခင်နဲ့ အဒေါ်ဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ "သမီး ငလျင်တွေကို မုန်းတယ်။ ငလျင်ကြောင့် သမီး မေမေနဲ့ အဒေါ် မရှိတော့ဘူး" ဆိုတဲ့ သူ့ရဲ့ ရိုးစင်းပြီး စိတ်ထိခိုက်စရာ စကားလုံးလေးတွေက သူ့ရဲ့ဆုံးရှုံးမှု အတိမ်အနက်ကို ဖော်ပြလိုက်သလိုပါပဲ။
သူရိန့်ဖြစ်ရပ်က စိတ်ဒဏ်ရာနဲ့ ခံနိုင်ရည်ရှိမှုနှစ်ခုလုံးကို ပြသလိုက်တာပဲဖြစ်ပါတယ်။ ဖရိုဖရဲတွေဖြစ်နေချိန်မှာတောင် သူ့ရဲ့ပထမဆုံးအတွေးက သူချစ်ရတဲ့ ကြောင်လေးတွေနဲ့ ကြက်တူရွေးလေးတွေပါ။ ငလျင်ငြိမ်သွားတာနဲ့ သူက သူ့ရဲ့ပျက်စီးနေတဲ့အိမ်ကို ပြန်ပြေးသွားပြီး သူတို့ကို သွားကယ်ခဲ့ပါတယ်။ သူက ကြက်တူရွေးလှောင်အိမ်ကို ဘေးကင်းရာနေရာကို ယူလာနိုင်ခဲ့ပါတယ်။ ကြောင်လေးတွေကတော့ ထွက်ပြေးသွားတဲ့အတွက် ရှာမတွေ့ခဲ့ပါဘူး။
"သူက ဒီတိရစ္ဆာန်လေးတွေကို အရမ်းချစ်တယ်" လို့ သူ့မိခင်က ရှင်းပြပါတယ်။ "သူက သူတို့ဒုက္ခရောက်မှာ စိုးရိမ်ပြီး လှောင်အိမ်နှစ်လုံးကို ဆွဲယူလာပြီး အောက်ဆင်းလာတယ်။" ဒါပေမဲ့ ကြောင်လေးတွေကိုတော့ ရှာမတွေ့ခဲ့ဘူး။ အဲဒါကြောင့် သူဝမ်းနည်းနေတုန်းပဲ" လို့ မိခင်က ရှင်းပြပါတယ်။
သူရိန့်အတွက်တော့ ငလျင်က သူ့အိမ်ကိုတင်မကဘဲ သူ့ရဲ့လူမှုဘဝကြီးတစ်ခုလုံးကို ဖျက်စီးပစ်လိုက်တာပါပဲ။ "အခုဆို သားသူငယ်ချင်းတွေက သားရဲ့ပျောက်သွားတဲ့ ကြောင်လေးတွေလိုပဲ တကွဲတပြားစီဖြစ်ကုန်ပြီ" လို့ အသံတိုးတိုးလေးနဲ့ ပြောလာပါတယ်။ ငလျင်ဘေးမတိုင်ခင်က သူက နွေရာသီကျောင်းပိတ်ရက်အတွင်းမှာ ရေကူးမယ်၊ မန္တလေးကျုံးကိုပတ်ပြီး စက်ဘီးစီးမယ်၊ ဘောလုံးကန်မယ်လို့ စီစဉ်ထားခဲ့တာပါ။ အခုဆိုရင် သူ့သူငယ်ချင်းတွေ မရှိတော့ဘူး၊ သူတို့ဘယ်ရောက်နေမှန်းလည်း မသိသေးပါဘူး။
ခင်ရတနာလေးကလည်း ရုန်းကန်နေရဆဲဖြစ်ပါတယ်။ သူ့အမေနဲ့ အဒေါ်ကို ဆုံးရှုံးလိုက်ရပြီးကတည်းက သူက စကားမပြောတော့ဘဲ လူတွေနဲ့ ဝေးဝေးမှာနေလာတယ်၊ တစ်ခါတလေ မျက်ရည်တွေနဲ့ စိုးရိမ်တကြီး နိုးလာတတ်ပါတယ်။ "သမီး အိပ်လို့မရဘူး"လို့ တိုးတိုးလေး ပြောတယ်။ "ငလျင်ထပ်လှုပ်ဦးမယ် ထင်နေတယ်။"
ငလျင်ဘေးသင့်ဒေသတွေက မိဘတွေအနေနဲ့လည်း သူတို့ကလေးတွေမှာ ညဘက်အိပ်မပျော်တာတွေ၊ ရုတ်တရက် အစိုးရိမ်လွန်တာတွေနဲ့ လူတွေနဲ့ဝေးရာမှာနေတာလို အလားတူ စိတ်ဆင်းရဲမှု လက္ခဏာတွေကို မြင်တွေ့နေကြရပါတယ်။ မိဘအများအပြားအတွက် သူတို့ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲဟာ ဒီကပ်ဘေးရဲ့ အခက်ခဲဆုံး ရှုထောင့်တစ်ခုဖြစ်တယ်လို့ သက်သေပြနေပါတယ်။
"ကျွန်မသူ့ကို ဘယ်လိုလုပ်ပေးရမလဲမသိဘူး" လို့ အရင်က ပျော်ပျော်နေတတ်တဲ့ ကလေးမလေးဖြစ်ခဲ့တဲ့ အသက် ၈ နှစ်အရွယ် သီရိရဲ့မိခင်ဖြစ်သူ မသီတာက ပြောပြပါတယ်။ "သူက အိပ်ရင်းငိုနေတယ်၊ ပြီးတော့ သူ့စိတ်ထဲမှာ တစ်ခုခုအတွက် ဝမ်းနည်းကြေကွဲနေမှာ ကျွန်မစိုးရိမ်တယ်။ ဒါပေမဲ့ တခြားအရာအားလုံး ပုံမှန်အတိုင်းဖြစ်အောင်လည်း ကျွန်မကြိုးစားနေပါတယ်။"
မြင့်တက်လာတဲ့ ပဋိပက္ခတွေ၊ မလုံခြုံမှုတွေနဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလို အရေးကြီးဝန်ဆောင်မှုတွေ ဆိုးဆိုးရွားရွားပြတ်တောက်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေကို အရင်ကတည်းလိုအပ်နေခဲ့တဲ့ မြန်မာနိုင်ငံက ၆.၅ သန်းရှိ ကလေးငယ်တွေအတွက်တော့ ဒီငလျင်က ရှိနှင့်ပြီး ပြဿနာတွေအပေါ် နောက်ထပ်ပြဿနာတွေ ထပ်ပေါင်းပေးလိုက်သလိုပဲဖြစ်ပါတယ်။
ဒီတိုးပွားလာတဲ့ စိတ်ကျန်းမာရေးအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ငလျင်ဘေးသင့်ပြည်သူတွေအတွက် အရေးပါတဲ့ လူမှုစိတ်ပိုင်းပံ့ပိုးမှုတွေပေးနိုင်အောင် လျင်လျင်မြန်မြန်ပဲ ဆော်ဩဆောင်ရွက်လျက်ရှိပါတယ်။
ယူနီဆက်ရဲ့ စိတ်ကျန်းမာရေးအတွက် ဖြေရှင်းဖို့ အဓိကအုတ်မြစ်တစ်ခုကတော့ ငလျင်ဘေးသင့်ဒေသတွေမှာ ကလေးပျော်နေရာတွေကို ဖန်တီးပေးခြင်းပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးကို မြှင့်တင်ဖို့၊ ခံနိုင်ရည်တည်ဆောက်ဖို့နဲ့ ပုံမှန်အနေအထားကို ပြန်ရဖို့အတွက် ငလျင်ဘေးသင့်ဒေသတွေမှာ ကလေးပျော်နေရာသစ်တွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ငလျင်လှုပ်ခတ်ချိန်ကစပြီး ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ တခြားသောဒေသတွေက ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တဲ့ မြို့နယ်တွေမှာ အထောက်အပံ့တွေကို တိုးမြှင့်ပံ့ပိုးပေးခဲ့ပါတယ်။
ကလေးတွေအနေနဲ့ ဒီဘေးကင်းလုံခြုံတဲ့နေရာတွေမှာ ပံ့ပိုးမှုပေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကစားဖို့၊ သင်ယူဖို့နဲ့ သူတို့အတွေ့အကြုံတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် စီစဉ်ထားတဲ့ လှုပ်ရှားမှုတွေ ရရှိနိုင်ပါတယ်။ သင်တန်းဆင်းနည်းပြတွေက ကလေးတွေရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုခြင်းနဲ့ စိတ်ကျန်းမာရေး ပံ့ပိုးမှုတွေကို ပေးပါတယ်။
သူရိန်လိုကလေးတွေအတွက် ကလေးပျော်နေရာက ခိုလှုံရာရိပ်မြုံတစ်ခု ဖြစ်လာခဲ့ပါတယ်။ "သား ဒီကိုလာရတာ ကြိုက်တယ်။ လုံခြုံတယ်လို့ ခံစားရတယ်၊ ပြီးတော့ အိမ်ပျက်စီးသွားတဲ့ သူငယ်ချင်းတစ်ယောက်နဲ့လည်း သူငယ်ချင်းဖြစ်နေပြီ။"
လူတွေနဲ့ခပ်ဝေးဝေးနေပြီး စကားမပြောတော့တဲ့ ခင်တစ်ယောက်လည်း စပြီး ပြန်တုံ့ပြန်လာပါပြီ။ "သမီး မေမေ့ပုံကို ဆေးရောင်ခြယ်ထားတယ်" လို့ သူက ရောင်စုံခဲတံတစ်ချောင်းကို ကိုင်ထားရင်း လေသံပျော့ပျော့လေးနဲ့ ပြောပြလာပါတယ်။ "ပုံဆွဲလိုက်ရင် နေရတာသက်သာသလို ခံစားရတယ်။"
ဒီလိုသေးငယ်ပေမယ့်လည်း အစွမ်းထက်တဲ့ အခိုက်အတန့်တွေက ကပ်ဘေးသင့်ပြီးနောက်ပိုင်း ကလေးတွေ စပြီး ကြံ့ကြံ့ခံရင်ဆိုင်ဖို့၊ ပြန်ပြီးအချိတ်အဆက်မိဖို့၊ ဘေးကင်းတဲ့အသိကို ရဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ကလေးပျော်နေရာတွေအပြင် ယူနီဆက်က မိသားစုနဲ့ကွဲကွာသွားတဲ့ ကလေးတွေအတွက် အထူးပံ့ပိုးမှုတွေ ပေးထားပါတယ်၊ မိသားစုကို ခြေရာခံပြီး ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းပေးရင်း အားနည်းထိခိုက်လွယ်ဆုံး ကလေးတွေအတွက် ဖြစ်ရပ်စီမံခန့်ခွဲမှု ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးတာဖြစ်ပါတယ်။
ယူနီဆက်ဝန်ထမ်းတွေနဲ့ ပံ့ပိုးသူတွေက မြေပြင်က ကွဲပြားခြားနားမှုအပြင် လုပ်ဆောင်ဖို့လိုအပ်နေဆဲဖြစ်တဲ့ အတိုင်းအတာလည်းကိုလည်း မြင်နေရပါတယ်။
မန္တလေးအခြေစိုက် ယူနီဆက် ကလေးသူငယ်ကာကွယ်ရေးအရာရှိ မခက်မာက "ကလေးတွေ တဖြည်းဖြည်း ဖွင့်ဟလာတယ် - ပြန်ပြီးပြုံးလာတယ်၊ စကားတွေပြန်ပြောပြီး ကစားလာတယ်။" “ဒါပေမဲ့ သူတို့ရဲ့စောင့်ရှောက်သူတွေမှာလည်း စိုးရိမ်မှုတွေရှိနေကြတယ်။ အတော်များများက ဝမ်းနည်းပူဆွေးနေတာ၊ အိုးအိမ်စွန့်ခွာရတာတွေအပြင် ကိုယ့်ကလေးကို ဘယ်လိုပံ့ပိုးပေးရမလဲဆိုတာ သေချာမသိဘူးဖြစ်နေပါတယ်။ အကယ်၍ သူတို့ကိုပါ စိတ်ကျန်းမာရေးပံ့ပိုးမှု မပေးဘူးဆိုရင် ပိုပြီးဆိုးရွားတဲ့ အကျပ်အတည်းတစ်ခုဖြစ်လာနိုင်ပါတယ်။"
မခက်မာပြောတဲ့ အတိုင်းပဲ ကလေးတွေကို ပံ့ပိုးပေးတာဟာ သူတို့အနားက လူကြီးတွေကို ခွန်အားပေးတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကုစားမှုဆိုတာ မိသားစုရဲ့ အဆင့်တိုင်းမှာ လုပ်ဆောင်ရမှာမို့လို့ပါ။
မြေပြင်က အခက်အခဲတွေက ဆက်ပြီးကျယ်ပြန့်လာနေသလို မိသားစုတွေဟာလည်း ပျက်စီးဆုံးရှုံးမှုတွေကြား တဝဲလည်လည်ဖြစ်နေဆဲပါ။ အခုဆိုရင် ရေကြီးတာ၊ ရေကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ အိုးအိမ်စွန့်ခွာရမှုတွေလို နောက်ထပ်အခက်အခဲတွေမြင့်တက်လာမယ့် မိုးရာသီရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် မိသားစုတွေဟာ ခြိမ်းခြောက်မှုအသစ်တွေကို ရင်ဆိုင်နေရပါတယ်။
ငလျင်ဘေးသင့်ဒေသတွေမှာ အိမ်တွေ၊ အခြေခံအဆောက်အအုံတွေလို ရုပ်ပိုင်းဆိုင်ရာအရ ပြန်လည်တည်ဆောက်မှုတွေအတွက် နှစ်နဲ့ချီပြီးကြာမြင့်နိုင်သလိုပဲ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကလည်း နောက်မှဖြေရှင်းမယ်ဆိုပြီး ချန်ထားခဲ့လို့ မရနိုင်ပါ။ ကလေးပျော်နေရာတွေနဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေကတစ်ဆင့် ပံ့ပိုးမှုတွေကို အဆောတလျင်ပေးခြင်းအားဖြင့် အနက်ရှိုင်းဆုံးဒဏ်ရာတွေကို စတင်ကုစားနိုင်ပြီဖြစ်ပါတယ်။ ခင်ရတနာနဲ့ သူရိန်လို ကလေးငယ်တွေအတွက် သူတို့ရဲ့ကလေးဘဝကို ပြန်လည်ရယူဖို့နဲ့ ပိုပြီးမျှော်လင့်ချက်ပြည့်ဝတဲ့ အနာဂတ်ဆီကို လှမ်းမျှော်ကြည့်နိုင်တဲ့ အခွင့်အရေးတစ်ခု ရရှိစေမှာဖြစ်ပါတယ်။
*ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။