ပဋိပက္ခများအကြား ဆာလောင်မွတ်သိပ်မှုချောက်ကမ်းပါးပေါ်ရောက်ရှိနေသော မြန်မာနိုင်ငံ
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်။
သတင်းထုတ်ပြန်ချက်
ရန်ကုန်မြို့ – မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှုအခြေအနေသည် အလွန်ပြင်းထန်သည့်အဆင့်သို့ ရောက်ရှိနေပြီး ၂၀၂၅ တွင် ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ သတိပေးပြောကြားသည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံ့လူဦးရေ ၁၅ သန်းမှာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး ယမန်နှစ်၏ လူဦးရေ ၁၃.၃ သန်းမှ တိုးလာခြင်း ဖြစ်သည်။
ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး စသည့် ပဋိပက္ခဖြစ်ပွားရာနယ်မြေများတွင် နေထိုင်သူများသည် နိုင်ငံအတွင်း စားနပ်ရိက္ခာ မလုံလောက်မှုကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရသည်။ မြန်မာနိုင်ငံ လူသားချင်းစာနာမှုလိုအပ်ချက်နှင့်တုံ့ပြန်ရေးအစီအစဉ်အရ ယခုနှစ်တွင် လူဦးရေ သန်း ၂၀ နီးပါး (လူ ၃ ဦးတွင် ၁ ဦးနှုန်း) သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်မည်ဖြစ်သည်။
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပဋိပက္ခတွေ ကြီးထွားလာတာ၊ သွားရောက်ကူညီခွင့် ကန့်သတ်ချက်တွေရှိတာ၊ စီးပွားရေး ပြိုလဲတာနဲ့ ရာသီဥတုဆိုင်ရာ အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ဆာလောင်မွတ်သိပ်မှုအခြေအနေဟာ စံချိန်တင် မြင့်တက်လာနေတာဖြစ်ပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃ ဒဿမ ၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရသည်။ ပဋိပက္ခများသည် ပိုမိုနက်ရှိုင်းလာပြီး နေရာဒေသသစ်များဆီ ဆက်လက်ကူးစက်နေသည့်အတွက် ၂၀၂၅ ခုနှစ်တွင် လူပေါင်း ၄ ဒဿမ ၅ သန်းကျော်အထိ အိုးမဲ့အိမ်မဲ့ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
နေရပ်စွန့်ခွာသူများအတွက် စားနပ်ရိက္ခာသည် အကြီးမားဆုံး လိုအပ်မှုတစ်ခုဖြစ်နေသော်လည်း တရိပ်ရိပ်တက်လာသည့် ကုန်ကျစရိတ်များနှင့် မြန်ဆန်လွန်းသည့် ငွေကြေးဖောင်းပွမှုတို့ကြောင့် အများစုမှာ လိုအပ်သည့်စားနပ်ရိက္ခာကို လက်လှမ်းမမီနိုင်ကြပေ။ မြန်မာနိုင်ငံတွင် အဓိကကျသောစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား နှင့် ပဲတို့၏ စျေးနှုန်းများသည် မနှစ်ကထက် ၃၀ ရာခိုင်နှုန်း တိုးလာသည်။
“မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေကလည်း လစဉ်လတိုင်း မြင့်တက်နေပါတယ်။ ပြည်တွင်းဈေးကွက်မှာ ရောင်းကုန်ရှိနေရင်တောင် လူတွေက အခြေခံစားသောက်ကုန်တွေ ဝယ်ဖို့အတွက် ပိုက်ဆံမရှိကြပါဘူး။ ဒီတော့ ထမင်းအနပ်ရေလျှော့စားပြီး မဝမလင် စားသောက်နေကြရပါတယ်။” ဟု Mr. Dunford က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်များသည် ကမ္ဘာတစ်ဝန်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများအကြား တိမ်မြုပ်နေပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရရှိပေ။
“မြန်မာနိုင်ငံရဲ့ အရှိန်အဟုန်မြင့်လာတဲ့ပဋိပက္ခတွေကို ကမ္ဘာကြီးက လစ်လျူရှုထားလို့မရပါဘူး။ နိုင်ငံတကာအနေနဲ့ ပံ့ပိုးကူညီမှုတွေကို ချက်ချင်းလက်ငင်း ပိုမိုတိုးမြှင့်ပေးဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လူထောင်ပေါင်းများစွာဟာ ချောက်ကမ်းပါးစွန်းဆီ တွန်းပို့ခံရမှာ ဖြစ်ပါတယ်။” ဟု Mr. Dunford က ပြောကြားခဲ့သည်။
WFP သည် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူဦးရေ အနည်းဆုံး ၁ ဒဿမ ၆ သန်းထံ စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အကူအညီများ ပေးအပ်သွားနိုင်ရန် ရည်မှန်းထားပါသည်။ အထောက်အပံ့များကို လိုအပ်သူများထံ ထိထိရောက်ရောက် ပို့ဆောင်ပေးအပ်နိုင်ရန်အတွက် WFP သည် ပဋိပက္ခတွင်ပါဝင်ပတ်သက်နေကြသူများအားလုံးနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး ဒေသခံအရပ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
# # #
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။
WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
