ဒီနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကတော့ မသန်စွမ်းသူတွေရဲ့ ဦးဆောင်မှုကို ကျွန်တော်တို့ အရင်ကထက် ပိုမိုလိုအပ်တယ်ဆိုတာကို အမှတ်ရစေပါတယ်။
ထပ်တလဲလဲ ဖြစ်ပေါ်နေတဲ့ ခွဲခြားဆက်ဆံမှု၊ အမှတ်တံဆိပ်ကပ် ခွဲခြားဆက်ဆံမှုအပြင် အခြေခံ လူ့အခွင့်အရေးတွေနဲ့ ဝန်ဆောင်မှုတွေရရှိရေးမှာ အတားအဆီးတွေကြောင့် ပဋိပက္ခတွေနဲ့ ရာသီဥတုကပ်ဘေးတွေကအစ ဆင်းရဲမွဲတေမှုနဲ့ သာတူညီမျှမှုမရှိတာတွေအဆုံး ကမ္ဘာကြီးကို ဒဏ်ရာဒဏ်ချက်တွေပေးနေတဲ့ အကျပ်အတည်းပေါင်းစုံရဲ့ ဒဏ်ကို မသန်စွမ်းသူတွေဟာ အဆမတန် ခံစားနေကြရတာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီ အကျပ်အတည်းတွေကို ဖြေရှင်းဆောင်ရွက်ရာတွေမှာ ပါဝင်ကူညီဖို့ အခွင့်အရေးကိုတောင် မကြာခဏဆိုသလို သူတို့တွေဟာ ငြင်းပယ်ခံနေရတာလည်းဖြစ်ပါတယ်။
မကြာသေးမီက အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အနာဂတ်အတွက် သဘောတူညီချက်ကတဆင့် လက်ရှိနဲ့ အနာဂတ် မျိုးဆက်တွေအတွက် အသက်အရွယ်အစုံက မသန်စွမ်းသူတွေအပေါ် ဖြစ်ပေါ်နေတဲ့ အဲဒီ မတရားမှုကို တည့်မတ်ဖို့ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေက ကတိကဝတ်ပြုခဲ့ကြပါတယ်။
အဲဒီအထဲမှာ အေအိုင် ဉာဏ်ရည်တုကို အသုံးပြုထားတဲ့ နည်းပညာတွေလို ဒစ်ဂျစ်တယ်နဲ့ အထောက်အကူပြု နည်းပညာတွေရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ မသန်စွမ်းသူတွေရဲ့ မရှိမဖြစ်အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့ကို ထည့်သွင်းထားပြီး လူမှုအသိုက်အဝန်းအနှံ့ ပြောင်းလဲလာအောင် တွန်းအားပေးထားတဲ့အပြင် သူတို့ရဲ့ဘဝတွေအပေါ် သက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်ချရာလုပ်ငန်းစဉ်တွေမှာ သူတို့ရသင့်တဲ့နေရာ ပေးထားပါတယ်။
လာမဲ့နှစ်မှာ ကျင်းပမဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး ကမ္ဘာ့ထိပ်သီးအစည်းအဝေးက အဲဒီကတိကဝတ်တွေနဲ့ အခြားကတိပြုချက်တွေကို ရှေ့ဆက်ဆောင်ရွက်ဖို့ အဓိကကျတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။
လူမှုအသိုက်အဝန်းတိုင်းမှာ မသန်စွမ်းသူတွေဟာ အပြောင်းအလဲဖန်တီးသူတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်သူတွေ ဖြစ်ပါတယ်။
ဦးဆောင်နေသူတွေလည်း ဖြစ်ပါတယ်။
ဒီ အရေးပါတဲ့နေ့နဲ့ နေ့စဉ်နေ့တိုင်းမှာ လူသားအားလုံးအတွက် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ အနာဂတ်ဖော်ဆောင်ရေးမှာ မသန်စွမ်းသူတွေနဲ့အတူ လက်တွဲလုပ်ဆောင်ကြရအောင်ပါ။