မိန့်ခွန်း
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ သတင်းစကား
၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးတစ်ခုဆီ ကျွန်တော်တို့ လျှောက်လှမ်းနေကြသလို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဟာ လူငယ်တွေရဲ့ ဆုံးဖြတ်ချက်၊ အတွေးအခေါ်တွေနဲ့ ခေါင်းဆောင်မှုတွေကို နှစ်စဥ် ချီးကျူးဂုဏ်ပြုနေတာ ဖြစ်ပါတယ်။
ဒီနေ့ခေတ် စိန်ခေါ်မှုတွေကြားမှာ လူငယ်တွေဟာ ထိခိုက်လွယ်ဆုံးသူတွေနဲ့ အတူ တသားတည်း ရပ်တည်ကာ ရဲရင့်ပြတ်သားပြီး ထိရောက်မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကို တောင်းဆိုနေကြပါတယ်။ တချိန်တည်းမှာပဲ အားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှု၊ လူမှုရေး၊ စီးပွားရေးနဲ့ ရာသီဥတုဆိုင်ရာ တရားမျှတမှု ရစေဖို့ ဖြေရှင်းနည်းတွေကိုလည်း သူတို့ စီစဥ်ဆောင်ရွက်နေကြပါတယ်။ လူငယ်တွေရဲ့ အခန်းဂဏ္ဍကို တိုးချဲ့ဖို့အတွက် ကမ္ဘာတဝန်း ဆုံးဖြတ်ချက်တွေနဲ့ မူဝါဒဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ ပါဝင်မှုကို ခြွင်းချက်အနေနဲ့ မဟုတ်ပဲ ပုံမှန် စံသတ်မှတ်ချက် တစ်ခုဖြစ်လာဖို့ အစိုးရတွေကို ဆော်သြထားတဲ့ မူဝါဒ မူကြမ်းတစ်စောင် မကြာသေးမီတုန်းက ကျွန်တော် ထုတ်ပြန်ထားပါတယ်။
ဖွံ့ဖြိုးတိုးတက်လာနေတဲ့ အစိမ်းရောင်စီးပွားရေး လုပ်ငန်းတွေမှာ လူငယ်တွေဟာ ကျွမ်းကျင်မှုတွေ ရရှိပြီး အသုံးချနိုင်ဖို့ အရေးကြီးတယ်ဆိုတာကို ဒီနှစ်ဆောင်ပုဒ်က သတိပေးထားပါတယ်။
ဆန်းသစ်ပြီး ရေရှည်တည်တံ့တဲ့ နည်းပညာတွေနဲ့ ပြည့်ဖြိုးမြဲ စွမ်းအင်မှသည် သယ်ယူပို့ဆောင်ရေး စနစ်တွေနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ အပြောင်းအလဲတွေ အထိ ပိုမို သန့်ရှင်း၊ စိမ်းလန်းပြီး ရာသီဥတုပြောင်းလဲမှုကို ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ အနာဂတ်ကို ပုံဖော်ဖို့ လူငယ်တွေဟာ ကျွမ်းကျင်မှုနဲ့ အသိပညာ ပြည့်ဝနေရပါမယ်။
လူသားဆန်မှုဟာ နေရာတိုင်းမှာရှိတဲ့ လူငယ်တွေရဲ့ အကန့်အသတ်မဲ့ စွမ်းအင်၊ အတွေးအခေါ်၊ ပံ့ပိုးမှုတွေအပေါ် မူတည်ပါတယ်။ လူသားတွေနဲ့ ကမ္ဘာမြေအတွက် မျှတပြီး ရေရှည်တည်တံ့တဲ့ ကမ္ဘာကြီးတခု တည်ဆောက်ဖို့ လူငယ်တွေနဲ့ အတူ နေ့စဥ် ရပ်တည်ကာ ပံ့ပိုးကူညီကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ