သတင်းထုတ်ပြန်ချက်

မြို့ပြဆင်းရဲမွဲတေမှုကို လျော့ပါးရေး နှင့် ကြံ့ခိုင်သော ရပ်ရွာလူထု တည်ဆောက်ရေးအတွက် ကုလသမဂ္ဂ၏ ပရောဂျက်အသစ်

၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်။

ခေါင်းစဉ်-Urban Resilience Project Discussion Event အတွင်း အဖွဲ့ ဓာတ်ပုံ။
ဓာတ်ပုံ - © UN-Habitat, Myanmar

ရန်ကုန် – UNDP၊ UN Women နှင့် UN-Habitat တို့ ပူးပေါင်း၍ မြို့ပြဆင်းရဲနွမ်းပါးမှုဆိုင်ရာ သုတေသနအချက်အလက်များ နှင့် ဝင်ငွေနိမ့်ပါးသော မြို့ပြရပ်ရွာလူထုနေ လူ့အဖွဲ့အစည်းများ ကြံ့ကြံ့ခံနိုင်ရည်ရှိရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းအသစ် မိတ်ဆက်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများ၊ NGO များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကိုယ်စားလှယ်များ သည် လူကိုယ်တိုင် နှင့် အွန်လိုင်း တို့မှ တဆင့် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံ ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်အာဏာယူမှုကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးနှင့် နိုင်ငံရေး ကသောင်းကနင်း ဖြစ်မှုများသည် ရန်ကုန်မြို့၏ မြို့ပြဆင်းရဲနွမ်းပါးမှုအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိခဲ့ပါသည်။

“နိုင်ငံအနှံ့ မငြိမ်သက်မှု‌တွေ၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပဋိပက္ခ‌တွေကြောင့် နေရပ်တိမ်းရှောင်ပြောင်းရွေ့ရတာ‌တွေ များပြားလာတဲ့အခါ ရန်ကုန်မြို့မှာ ဖြစ်ပေါ်နေတဲ့ကိစ္စရပ်‌တွေကို သတိမထားမိ၊ ဂရုမပြုမိကြတာတွေ ဖြစ်နိုင်ပါတယ်။ မြို့ပြနေဆင်းရဲနွမ်းပါးသူများရဲ့ဘဝဟာ အရင်ကတည်းက ခက်ခဲရုန်းကန်နေရပေမယ့် အခုဆိုရင် ပိုပြီးခက်ခဲလာကြပါတယ်။ ဆင်းရဲတဲ့သူတွေက ပိုဆင်းရဲလာကြပြီး အရေအတွက်ကလည်း သိသိသာသာ တိုးလာလို့နေပါတယ်။ အကယ်၍ ကျွန်တော်တို့ဟာ မြို့ပြဆင်းရဲနွမ်းပါးမှုနဲ့ ထိခိုက်လွယ်တဲ့ မြို့ပြနေထိုင်‌သူတွေကို အာရုံစိုက်ကူညီခြင်း မပြုဘူးဆိုရင် နောက်လာမယ့်မျိုးဆက်အလိုက် ဆင်းရဲမွဲတေမှုတွေဟာ အလျင်အမြန်နဲ့ နက်ရှိုင်းစွာ ဖြစ်ပေါ်လာဖို့ တွန်းပို့ပေးသလိုဖြစ်နေပါတယ်” ဟု UNDP ဌာနေကိုယ်စားလှယ် Titon Mitra မှ ‘ရန်ကုန်မြို့၏ မြို့ပြဆင်းရဲနွမ်းပါးမှု အတိမ်အနက်ကိုလေ့လာခြင်းနှင့် ၎င်းအပေါ် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် NGO များမှ လူထု၏ကြံ့ကြံ့ခံနိုင်စွမ်းတည်ဆောက်ရန် မည်သို့ကူညီ‌ပေးနေမှုများအား ဆွေးနွေးခြင်းသည့်အခမ်းအနား’ တွင် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

Urban Resilience Project (URP) သည် ရန်ကုန်မြို့တွင် အမျိုးသမီးများနှင့် အလွတ်သဘော အခြေချနေထိုင်မှုများ အပါအဝင် မြို့ပြဆင်းရဲမွဲတေမှုဒဏ် အခံရဆုံးသူများကို ပံ့ပိုးကူညီရန် ရည်မှန်းထားသည်။ ၎င်းသည် UNDP၊ UN Women နှင့် UN-Habitat တို့ကြား ပူးပေါင်းဆောင်ရွက်သည့် ပရောဂျက်ဖြစ်ပြီး စစ်အုပ်ချုပ်ရေးအမိန့် ပြဌာန်းထားသည့် မြို့နယ် ငါးမြို့နယ် အပါအဝင် မြို့နယ်ရှစ်ခုတွင် လူမှုရေးအရရော စီးပွားရေးအရပါ အပယ်ခံ အဖြစ်ဆုံးအဖြစ် သတ်မှတ်ခြင်းခံရသော နေရာများပါဝင်သည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ အခြေခံဝန်ဆောင်မှုများနှင့် အဆောက်အဦများ တိုးတက်ကောင်းမွန်လာစေရန် ရပ်ရွာဦးဆောင်သောအဖွဲ့များကို ပံ့ပိုးခြင်းဖြင့် နေထိုင်သူများ၏ ကြံ့ခိုင်မှုပိုမိုမြင့်မားလာ စေရန်၊ အလွတ်သဘောအခြေချနေထိုင်မှုများ၏ ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်ရန်၊ ကျား၊မ အခြေပြု အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ အသက်မွေးဝမ်းကျောင်းမှု၊ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ဖန်တီးမှုတို့ကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။

UNDP ၏ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့သည် မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာမှ တွေ့ရှိချက်များကို တင်ပြခဲ့သည်။ Helping communities weather the socio-economic downturn: Building urban resilience.

UN Habitat ၊ UN Women၊ UNDP နှင့် မိတ်ဘက်အဖွဲ့အစည်းများမှ လေ့လာတွေ့ရှိထားသည့် အစီရင်ခံစာတွင် ရန်ကုန်မြို့၏လူဦရေလေးပုံတစ်ပုံဖြစ်သော အဆင်းရဲဆုံးမြို့နယ်(၈) မြို့နယ်ရှိ မြို့ပြပြည်သူ အချို့သည် လွန်ခဲ့သော (၁၂)လအတွင်း ဝင်ငွေမရှိဘဲ ရပ်တည်နေရပြီး၊ ထို အဆင်းရဲဆုံးမြို့နယ် (၈) မြို့နယ်တွင် နေထိုင်သူများသည် ရန်ကုန်မြို့၏ အခြားသော မြို့နယ်များတွင် နေထိုင်သူများ ထက် ဝင်ငွေ ၃၀ ရာခိုင်နှုန်း လျော့နည်းကြောင်း လေ့လာမှုက ဖော်ပြသည်။

ရန်ကုန်မြို့ ၏ အခြားမြို့နယ်များနှင့် နှိုင်းယှဉ်ပါက URP မြို့နယ် ရှစ်ခုရှိ အိမ်ထောင်စုများမှာ-

  • အလွတ်သဘော အခြေချနေထိုင်ရန် အလားအလာ ပိုများသည် (URP အိမ်ထောင်စုများ၏ ၁၄.၂ ရာခိုင်နှုန်းသည် ရန်ကုန်မြို့တွင် ကျန်အိမ်ထောင်စုများ၏ ၁.၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက)၊
  • ထိုပတ်ဝန်းကျင်တွင် နေထိုင်သည့် မိသားစုဝင်များမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ပိုမိုသတိပြုမိသည် (၁၄.၇ရာခိုင်နှုန်း နှင့် ၁၁.၄ရာခိုင်နှုန်း )၊
  • ပူပြင်းခြောက်သွေ့သော နွေရာသီတွင် သောက်သုံးရေရရှိရန် အလားအလာနည်းပါသည် (အိမ်ထောင်စုများ၏ ၈၈.၉ ရာခိုင်နှုန်း နှင့် ၉၇.၃ရာခိုင်နှုန်း နှင့် နှိုင်းယှဉ်ပါက)၊
  • အာဟာရပြည့်ဝသောအစားအစာ မရရှိခြင်းဖြစ်နိုင်ခြေ ပိုများသည် (အိမ်ထောင်စုများ၏ ၂၇.၅ ရာခိုင်နှုန်း နှင့် ၂၃ ရာခိုင်နှုန်း နှင့် နှိုင်းယှဉ်ပါက)၊ နှင့်
  • ဝင်ငွေရှာရန်အ လို့ ငှာ ကလေးသူငယ်များကို ကျောင်းမှထုတ်ရန် အလားအလာ ၁.၈ ဆ ပိုများသည်။
ခေါင်းစဉ်-ဆွေးနွေးပွဲ
ဓာတ်ပုံ - © Su Sandi Htein Win/UNDP

မြန်မာနိုင်ငံ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသာ မြို့ပြများတွင် နေထိုင်ကြသည့် အချက်သည် ရေရှည်တည်တံ့သော မြို့ပြအသွင်ဆောင်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုင်ရာ အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်စွမ်း အလားအလာရှိကြောင်း Catarina Caminhas၊ Country Program Manager a.i.၊ UN-Habitat က ဆွေးနွေးပွဲအတွင်း အလေးပေးဖော်ပြခဲ့သည်။

“မြန်မာနိုင်ငံတွင် ကြံ့ကြံ့ခံနိုင်ရည်ရှိအောင် တည်ဆောက်ရန်နှင့် ရေရှည်တည်တံ့သော မြို့ပြအသွင်ဆောင်မှုကို မြှင့်တင်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။ သက်ဆိုင်သူအများအပြားကို ချိတ်ဆက်ပြီး ထိရောက်သော ဒေသအဆင့် မဟာဗျူဟာများကို အကောင်အထည်ဖော်ခြင်းဖြင့်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေပါသည်။ မိတ်ဖက်များနှင့်အတူ မြန်မာနိုင်ငံတွင် ကျား-မ တန်းတူအခွင့်အရေးရှိသော ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း” လည်း ထည့်သွင်းပြောကြားခဲ့သည်။

Step-in Step-up Academy ၏ CEO နှင့် တည်ထောင်သူ Jackie Appel သည် ကျန်းမာရေးစောင့်ရှောက်မှု၊ ရုံးအလုပ်နှင့် ဧည့်ဝန်ဆောင်မှု အပါအဝင် ရန်ကုန်၏လုပ်သားအင်အားအတွက် သီးခြားအလုပ်အကိုင်လိုအပ်ချက်များကိုဖြည့်ဆည်းပေး နိုင်ရန် သူမ၏ NGO မှ လူငယ်များအတွက် အသက်မွေးဝမ်းကြောင်းသင်တန်းများအကြောင်း ရှင်းပြခဲ့သည်။ ထိုအခမ်းအနားတွင် အမျိုးသမီးငယ်တစ်ဦးသည် ငွေစာရင်းကိုင်သင်တန်းတွင် မည်သို့ပါဝင်ခဲ့ပုံနှင့် သူမဘွဲ့ရပြီးနောက် ရိုးမဘဏ်က ချက်ချင်း အလုပ်ခန့်ခဲ့သည့် အကြောင်းကို တက်ရောက်သူများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

WaterAid Myanmar အဖွဲ့ ၏ Country Director ဖြစ်သူ Shihab Uddin Ahamad က ရန်ကုန်ရှိ ဝင်ငွေနည်းပါးသော ဒေသခံများသို့ တန်ဘိုးနည်း ရေသန့်လုပ်ငန်းတည်ထောင်ခြင်း၊ အမျိုးသမီးများ အများစုပါဝင်သော အထည်ချုပ် စက်ရုံ အလုပ်သမားများအား အစားအသောက်နှင့် တစ်ကိုယ်ရေ သန့်ရှင်းမှု ထုတ်ကုန်အသုံးအဆောင်များ ထုတ်လုပ်ခြင်းမှ ၎င်းတို့၏ ဝင်ငွေများကို ထောက်ပံ့ကူညီမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ရန်ကုန်မြို့၏ မြို့ပြဧရိယာနေရာများတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ သည် အထူးသဖြင့် ထိခိုက်လွယ်သည်။ အခြေခံလေ့လာမှုမှ အမျိုးသမီး (၈၀) ရာခိုင်နှုန်းကျော်က အစားအသောက်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အလုပ်အကိုင် သို့မဟုတ် ဝင်ငွေဆုံးရှုံးခြင်းသည် ၎င်းတို့၏ အဓိကစိန်ခေါ်မှုများဖြစ်သည်ဟု ဆိုသည်။ ရန်ကုန်မြို့ရှိ UN Women ၏ ၂၀၂၁ ခုနှစ်အတွင်း လေ့လာချက်အရ အမျိုးသမီး (၃) ဦးတွင် (၂) ဦးသည် အကြမ်းဖက်ရာဇ၀တ်မှု၏ သားကောင်ဖြစ်လာမည်ကို အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

“ရန်ကုန်မှာ အမျိုးသမီး ၈၀ ရာခိုင်နှုန်းဟာ အလွတ်သဘော အလုပ်အကိုင်တွေ လုပ်ကိုင်နေကြတယ်ဆိုတာ သိရှိပြီး၊ အဲဒါက ထိခိုက်လွယ်သောအုပ်စု အတွက် စီးပွားရေး ကျဆင်းမှုများဖြစ်စေသည့်အပြင်  လူမှုရေးအကာကွယ်ဆိုင်ရာ အထောက်အပံ့ ပေးနိုင်ရန်အခက်အခဲ များဖြစ်စေသည်။ ထို့အပြင်၊ လုံခြုံသောအမိုးအကာနှင့် အိမ်ရာအခြေအနေများမရှိခြင်းသည် လိင်နှင့်ကျားမရေးရာ အခြေခံအကြမ်းဖက်မှုအန္တရာယ်ကို တိုးစေသည်” ဟု Karin Fueg၊ UN Women Country Representative a.i. ၊ UN Women မှ ပြောကြားခဲ့ပါသည်။

“URP အောက်တွင်၊ UN Women သည် အမျိုးသမီးများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် ငွေကြေးကို လက်လှမ်းမီနိုင်စေရန် ကူညီပေးရန်၊ အမျိုးသမီးများအား လုပ်ငန်းကျွမ်းကျင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူဖြစ်စေရန်၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာ မှတစ်ဆင့် ကျား၊ မ စံနှုန်းများကို ကိုင်တွယ်ဖြေရှင်းရန်၊ လူမှုထောက်ပံ့ရေး သို့မဟုတ် ကျားမရေးရာအခြေခံအကြမ်းဖက်မှု ကို ကူညီဆောင်ရွက်သည့်ဝန်ဆောင်မှုများ၊ စီးပွားရေးဆိုင်ရာ ကွန်ရက်များနှင့် လွှဲပြောင်းပေးပို့မှုများကဲ့သို့သော ဝန်ဆောင်မှုများကို ပံ့ပိုးပေးမည်။” ဟု မစ္စ Fueg က ပြောသည်။

Urban Resilience Project ၏ ရပ်ရွာအခြေပြုချဉ်းကပ်မှု သည် ခံနိုင်ရည်တည်ဆောက်မှု၊ စီးပွားရေးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်သည်။ ထိခိုက်လွယ်သူအများစု၏ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းပြီး ရပ်ရွာလူထု၏ ပိုင်ဆိုင်မှုသဘောကို မြှင့်တင်ခြင်းဖြင့်၊ စီမံကိန်းသည် ရေရှည်အောင်မြင်မှုနှင့် အပြုသဘောဆောင်သော ပြောင်းလဲမှုများအတွက် အုတ်မြစ်ချပေးပါသည်။

ခေါင်းစဉ်-အမိုးအကာမလုံလောက်မှု၊ မသန့်ရှင်းသောရေ၊ မိလ္လာစနစ် နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး မလုံလောက်မှုစသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည့် အလွတ်သဘောအခြေချနေထိုင်သူများ နေထိုင်ရာ ရန်ကုန်မြို့ အနီး တစ်နေရာ။
ဓာတ်ပုံ - © UN-Habitat Myanmar
Find out more!

• Read the report: https://www.undp.org/publications/helping-communities-weather-socio-economic-downturn-building-urban-resilience 

• Explore the Myanmar Development Observatory: https://www.undp.org/myanmar/projects/myanmar-development-observatory 

ခေါင်းစဉ်-ရန်ကုန်မြို့အနီး ရပ်ကွက်တွင် အလွတ်သဘော အခြေချနေထိုင်သည့် အမျိုးသမီးများသည် မသန့်ရှင်းသော ရေအရင်းအမြစ်မှ ရေကို ခပ်ယူနေပုံ။
ဓာတ်ပုံ - © UN-Habitat Myanmar

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN Women
ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့
UN Habitat
ကုလသမဂ္ဂ လူသားများအခြေချနေထိုင်မှု အစီအစဉ်
UNDP
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ