သတင်းထုတ်ပြန်ချက်

လုပ်ငန်းဆိုင်ရာ အစီရင်ခံတင်ပြချက် - မြန်မာနိုင်ငံတွင် မိုခါမုန်တိုင်းဒဏ် ခံစားခဲ့ရသည့်သူများအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံ့များအား WFP တိုးမြှင့်ပေးအပ်နေ

၂၀၂၃ ခုနှစ် မေလ ၃၁ ရက်။

စစ်တွေ။      ။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) နှင့် မိတ်ဖက်ဒေသခံအဖွဲ့အစည်းများသည် မုန်တိုင်းသင့်ပြည်သူ လူဦးရေပေါင်း ၂၃၀,၀၀၀ ကျော်အတွက် အသက်ကယ်စားနပ်ရိက္ခာ အထောက်အပံ့များ ပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ 

ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မြန်မာနိုင်ငံ၌ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း ဝင်ရောက်တိုက်ခိုက်သည့် ဖျက်အားအပြင်းထန်ဆုံး မုန်တိုင်းဖြစ်သည်။  မေလ ၁၄ ရက် မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ရာ အချိန် ၇၂ နာရီအတွင်းမှာပင် WFP အနေဖြင့် မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံခဲ့ရသည့် ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့တွင် စားနပ်ရိက္ခာဖြန့်ဝေမှုများကို စတင်နိုင်ခဲ့ပါသည်။ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်များပျက်စီးပြိုလဲသွားကာ အသက်မွေးလမ်းကြောင်း အခွင့်အလမ်းများဆုံးရှုံးသွားသလို လျှပ်စစ်မီး၊ ဆက်သွယ်ရေးလိုင်းများနှင့် ပို့ဆောင်ရေးကွင်းဆက် ထောက်ပံ့ရေးလမ်းကြောင်းများလည်း ပျက်စီးခဲ့ရသည်။ 

“အရင်ကတည်းကရှိနေတဲ့ ရှုပ်ထွေးတဲ့ အရေးပေါ် အခြေအနေအပေါ်မှာမှ မုန်တိုင်း  ကြောင့် အရေးပေါ်အခြေအနေ ထပ်ဆင့်ဖြစ်သွားတဲ့ အနေအထားဖြစ်ပါတယ်။ တိုက်ပွဲရှောင်မိသားစုတွေဆိုရင် မုန်တိုင်းဒဏ်ကနေ လွတ်မြောက်လာပေမယ့်လည်း အခု သူတို့မှာ ပိုင်ဆိုင်မှုရယ်လို့ ဘာဆိုဘာမှ မရှိတော့ပါဘူး။ တစ်ပူပေါ် နှစ်ပူဆင့် ပိုလို့တောင် ထိခိုက်လွယ်တဲ့အခြေအနေကို ရောက်နေကြပါတယ်။” WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောကြားသည်။

“ကျွန်တော်တို့ WFP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကတော့ ဘယ်နေရာဒေသကပဲဖြစ်ဖြစ် အကူအညီလိုအပ်နေသူတိုင်းအတွက် ကျွန်တော်တို့မှာ ရှိသလောက်စားနပ်ရိက္ခာတွေကို ပို့ဆောင်ပြီး ဖြန့်ဝေပေးနိုင်ဖို့ လျင်လျင်မြန်မြန်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ရိက္ခာတွေက လျော့နည်းလာတဲ့ အနေအထားမှာရှိနေပါတယ်။ ဒီအခြေအနေမှာ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို အရေးတကြီး လိုအပ်နေပါတယ်။”

မုန်တိုင်းတုံ့ပြန်မှုဆိုင်ရာ WFP ၏ ဆောင်ရွက်ချက်များကို အောက်တွင်ဖော်ပြထားပါသည်။

  • WFP နှင့်မိတ်ဖက်အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူ ၂၃၀,၀၀၀ ကျော်ထံသို့ အသက်ကယ်စားနပ်ရိက္ခာအကူအညီများ ပေးအပ်ပြီးဖြစ်ပါသည်။
  • အဆိုပါလူဦးရေထဲတွင် မုန်တိုင်းမတိုက်ခတ်မီကပင် လက်နက်ကိုင်ပဋိပက္ခများ ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် မိသားစုများအပြင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများမှ ရိုဟင်ဂျာ မိသားစုများပါဝင်ပါသည်။
  • WFP ၏ စားနပ်ရိက္ခာအထောက်အပံ့များသည် ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက် ဦးနှင့် ရသေ့တောင်မြို့နယ်များ သို့သော်လည်းကောင်း ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များသို့လည်းကောင်း ရောက်ရှိနေပြီ ဖြစ်သည်။
  • WFP သည် နိုင်ငံတစ်ဝန်းတွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများရှိ လူဦးရေ ၈၀၀,၀၀၀ ထံ သုံးလစာအရေးပေါ် စားနပ်ရိက္ခာနှင့် ငွေသားအထောက်အပံ့ကို ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
  • WFP သည် နိုင်ငံတစ်ဝန်းရှိ ဝမ်းရေးဖူလုံမှုမရှိသော လူဦး‌ရေ  ၂ ဒဿမ ၁ သန်းအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အာဟာရ အကူအညီများကို ယခုနှစ်ကုန်ပိုင်းအထိပေးအပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ရရှိရန် ရံပုံငွေရှာဖွေလျက်ရှိပါသည်။ အဆိုပါ သန်း ၆၀ တွင် မုန်တိုင်းသင့်သူ ၄၄၀,၀၀၀ ဦးအား ကူညီရန်အတွက် လိုအပ်သော ရန်ပုံငွေ ၂၃ သန်း အပါအဝင်ဖြစ်သည်။ နောက်ထပ်ရန်ပုံငွေများ မကြာမီတွင် ထပ်မံမရရှိပါက WFP ၏ အသက်ကယ်ဆယ်ရေးအစီအစဥ်များသည် ၂၀၂၃ ခုနှစ် ဩဂုတ်လမှ စတင်၍ ပြတ်တောက်မှုများနှင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။
  • WFP နှင့် မိတ်ဖက်အဖွဲ့အစည်းများပြုလုပ်ခဲ့သည့် စောင့်ကြည့်လေ့လာမှတ်တမ်းများအရ မုန်တိုင်းဒဏ်ခံခဲ့ရသည့် နေရာဒေသများအတွက် အဓိကအလိုအပ်ဆုံးအရာများမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ သောက်ရေ၊ သုံးရေနှင့် သန့်ရှင်းရေးအခက်အခဲတို့ ဖြစ်ပါသည်။
  • မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားမှုများသည် ယခုလက်ရှိကာလအတွက်သာမက ရေရှည်အတွက်ပါ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်မည်ဖြစ်ပါသည်။ ပင်လယ်ရေငံဝင်ရောက်မှုကြောင့် လယ်မြေများ နှင့် ငါးကန်များပျက်စီးခဲ့ပြီး စပါးမျိုးစေ့များနှင့် တိရစ္ဆာန်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

ဓါတ်ပုံများကို အောက်ပါ link တွင် ရယူနိုင်ပါသည်

https://multimedia.wfp.org/Share/4x0tm820vb705p7og6182ao04e610434   

ဗီဒီယိုဖိုင်များကို အောက်ပါ link တွင် ရယူနိုင်ပါသည်

https://we.tl/t-j3W6NYZVMA  

 

Elise Gibergues-Newton

WFP
Communications Officer
Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ