အသက် ၂၂ နှစ်အရွယ် Ji Taung နဲ့ ထက်မြက်အောင်တို့နှစ်ဦးက မြန်မာနိုင်ငံမြောက်ဖျားပိုင်း တရုတ်နိုင်ငံနယ်စပ်အနီးက ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့သူတွေပါ။ ဒါပေမဲ့လည်း သူတို့နှစ်ဦးရဲ့ ဘဝအတွေ့အကြုံတွေကတော့ မိုးနဲ့မြေလိုကွာခြားကြပါတယ်။
ပြီးခဲ့တဲ့ ၁၁ နှစ်အတွင်းမှာ Ji Taung က မိဘတွေရယ်၊ အဘိုးအဘွားတွေရယ်၊ မောင်နှမခြောက်ယောက်ရယ်နဲ့အတူ စစ်ဘေးရှောင်စခန်းတစ်ခုမှာ နေထိုင်ခဲ့ကြပါတယ်။ ကချင်ပြည်နယ်က အခြားထောင်ပေါင်းများစွာသော မိသားစုတွေလိုပဲ သူတို့မိသားစုဟာလည်း ကာလရှည်ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် ခိုကိုးရာမဲ့ဖြစ်ခဲ့ကြရသူတွေပါ။
အစပိုင်းမှာတော့ Ji Taung တစ်ယောက် စခန်းကအခြေအနေတွေနဲ့ အသားတကျဖြစ်ဖို့ မလွယ်ခဲ့ပါဘူး။ “လူတွေက များလွန်းတော့ မွန်းကျပ်စရာကြီးပေါ့” လို့ သူကပြောပြပါတယ်။ “ကျွန်မတို့ ကိုယ်ပိုင်ကျွဲနွားတွေမွေးခဲ့၊ စိုက်ပျိုးရေးတွေလုပ်ခဲ့တဲ့ ကိုယ့်အိမ်ကိုလွမ်းတာပေါ့။ ဒါပေမဲ့လည်း ကျွန်မတို့ ဒီကအခြေအနေတွေနဲ့ အဆင်ပြေအောင် နေခဲ့ကြပါတယ်။” ဒါပေမဲ့လည်း ကျားမ ခွဲခြား မထားတဲ့ အများသုံးရေချိုးခန်းတွေရယ်၊ ပညာသင်ယူဖို့အခွင့်အလမ်းမဲ့နေတာတွေရယ်က Ji Taung နဲ့ စစ်ဘေးရှောင်စခန်းမှာနေကြရတဲ့ တခြားမိန်းကလေးငယ်တွေအတွက် လိုက်လျောညီထွေဖြစ်အောင်နေဖို့ ပိုခက်ခဲစေခဲ့ပါတယ်။
ထက်မြက်အောင်ကတော့ တစ်ခါမှ နေရပ်စွန့်ခွာမနေခဲ့ဖူးပါဘူး။ သူက မိဘတွေရယ်၊ ညီအစ်ကိုနှစ်ယောက်ရယ်နဲ့အတူ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ နေထိုင်ပြီး မိသားစုက ဆန်ဆိုင်ဖွင့်ထားပါတယ်။ သိပ်မကြာခင်နှစ်ပိုင်းအတွင်းမှာမှ သူ့မိသားစုက အခက်အခဲတွေစပြီး ဖြစ်လာခဲ့ပါတယ်။
ကိုဗစ်-၁၉ မဖြစ်ခင်တုန်းကတော့ ကျွန်တော်တို့ ဝင်ငွေထွက်ငွေလုံလောက်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း နေ့စဉ်ကုန်ကျစရိတ်တွေ မြင့်လာသလို လုံခြုံရေးအခက်အခဲတွေကလည်း ကျွန်တော်တို့အခြေအနေတွေကို ပိုဆိုးလာစေခဲ့ပါတယ်” လို့ ထက်မြက်အောင်က ဆိုပါတယ်။ ဒါ့အပြင် လက်ရှိအကျပ်အတည်းကြောင့် သူတို့နှစ်ဦးစလုံးရဲ့ ပညာရေး ရပ်တန့်သွားခဲ့ရပါတယ်။
“ဒီကလူငယ်အများစုက လမ်းပျောက်ပြီး မျှော်လင့်ချက်မဲ့သလို ခံစားနေကြရတယ်”
မြန်မာနိုင်ငံက ပဋိပက္ခဒဏ်ခံစားနေရတဲ့ ပြည်နယ်တွေထဲ လုံခြုံရေးပြဿနာတွေ အဆမတန် မြင့်တက်လာခဲ့ရာမှာ အထူးသဖြင့် ကချင်ပြည်နယ်မှာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ပြည်နယ်မှာဖြစ်ပွားနေတဲ့ နှစ် ၅၀ နီးပါး ပဋိပက္ခအတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိလာခဲ့ပြီး လူပေါင်း ၉၇,၀၀၀ ကျော်ခန့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ အထူးသဖြင့် မိန်းကလေးငယ်တွေက အရွယ်မရောက်မီ အိမ်ထောင်ပြုရတာ၊ အတင်းအကျပ် လက်ထပ်ခိုင်းတာ၊ လူကုန်ကူးခံရတာနဲ့ ကျားမအခြေပြု အကြမ်းဖက်ခံရတာစတဲ့ အန္တရာယ်တွေရှိနေသလို ယောက်ျားလေးတွေမှာလည်း လက်နက်ကိုင်တပ်တွေရဲ့ လူသစ်စုဆောင်းခံရတာနဲ့ မူးယစ်ဆေးရောင်းဝယ်သူတွေရဲ့ လက်ထဲရောက်သွားတာစတဲ့ အန္တရာယ်တွေ ရင်ဆိုင်နေကြရပါတယ်။
ကချင်ပြည်နယ်မှာရှိတဲ့ ဆယ်ကျော်သက်လူငယ်တွေကို ပံ့ပိုးပေးဖို့အတွက် UNICEF နဲ့ Plan International တို့က ကနေဒါနိုင်ငံအစိုးရရဲ့ ရန်ပုံငွေပံ့ပိုးမှုနဲ့အတူ Champions of Change လို့ခေါ်တဲ့ ဘဝတွက်တာ ကျွမ်းကျင်မှုသင်တန်း အစီအစဉ်တစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအစီအစဉ်က Ji Taung နဲ့ ထက်မြက်အောင်တို့လို ဆယ်ကျော်သက် လူငယ်တွေအတွက် ရှစ်ပတ်ကြာတက်ရောက်ရမယ့် စနစ်တကျရွေးချယ် စီစဉ်ထားတဲ့ နည်းပြသင်တန်းနဲ့ ‘အချင်းချင်းမျှဝေဆွေးနွေးခြင်းကဏ္ဍ”ဖြစ်ပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာ မျိုးဆက်ပွား ကျန်းမာရေး၊ ကျားမတန်းတူညီမျှမှုနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေအပြင် ယုံကြည်မှုတည်ဆောက်ခြင်းလို နှလုံးရည်နဲ့ဆိုင်တဲ့ အရည်အသွေးတွေလည်း ပါဝင်ပါတယ်။
ဒီအစီအစဉ်က ပညာသင်ယူဖို့ မတတ်နိုင်တဲ့ အထိအခိုက်လွယ်သောကလေးတွေကို ဦးစားပေးသင်ကြားပေးတာ ဖြစ်ပါတယ်။ Champions of Change သင်တန်းတက်ရောက်ပြီးသွားသူတွေက အသေးစားလုပ်ငန်းလေးတွေ စတင်လုပ်ကိုင်နိုင်ဖို့ ဒါမှမဟုတ် ပြည်တွင်းအဖွဲ့အစည်းတွေမှာ အလုပ်လုပ်နိုင်ဖို့အတွက် ပြင်ဆင်ပေးမယ့် သက်မွေးသင်တန်းကို တက်ရောက်နိုင်မယ့် အခွင့်အရေးရရှိမှာဖြစ်ပါတယ်။
Ji Taung နဲ့ ထက်မြက်အောင်တို့က အခြား Champions of Change ဦးဆောင်မှုကဏ္ဍအတွက် သင်တန်းပြီးမြောက်သူတွေနဲ့အတူ သူတို့ရပ်ရွာအသိုက်အဝန်းအတွင်းမှာ ဘဝတူချင်း ဗဟုသုတ ဖလှယ်ဆွေးနွေးရာမှာ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် ဆောင်ရွက်နိုင်ဖို့ သင်တန်းတက်ရောက်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်ကစပြီး Ji Taung က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ မိခင်တွေ၊ လူငယ်တွေနဲ့အတူ ပြုလုပ်ခဲ့ကြတဲ့ ဆွေးနွေးပွဲတွေ ဦးဆောင်ကျင်းပခဲ့ပါတယ်။
ထက်မြက်အောင်က သင်တန်းဦးဆောင်သူအဖြစ်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် သူနဲ့သက်တူရွယ်တူလူငယ်တွေဟာ စစ်ဘေးရှောင်စခန်းတွေမှာ ဘယ်လိုနေထိုင်ကြရသလဲဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။ “ကျွန်တော်တို့ရပ်ကွက်တွေနဲ့မတူဘဲ ဒီစခန်းတွေမှာ နေရာလွတ်များများစားစားမရှိဘူး၊ ကျပ်ကျပ်တည်းတည်းနေကြရတယ်။ မိသားစုတစ်စုကို အခန်းလေးတစ်ခန်းပဲရတယ်။ နွေဆိုရင် တော်တော်ကြီးကို ပူကြမှာပဲ” လို့ ထက်မြက်အောင်က ပြောပြပါတယ်။
ဒီရက်တွေမှာတော့ ထက်မြက်အောင်က ဆွေးနွေးပွဲတွေကို ပံ့ပိုးပေးဖို့ရော၊ စခန်းတွေမှာ ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေကို တွေ့ဖို့အတွက်ရော စစ်ဘေးရှောင် စခန်းတွေဆီ ရောက်ဖြစ်ခဲ့ပါတယ်။
ကျွန်မမှာ “ကိုယ့်အတွက်ရော တခြားသူတွေအတွက်ပါ ခိုင်ခိုင်မာမာရပ်တည်ပြီးပြောနိုင်ဖို့ အရည်အသွေးရော သတ္တိပါ ရှိနေပါပြီ”
Ji Taung နဲ့ ထက်မြက်အောင်တို့ နှစ်ဦးစလုံးက သူတို့ရဲ့ရွယ်တူ ဘဝတူ သူငယ်ချင်းတွေအပြင် ရပ်ရွာအသိုက်အဝန်းကိုပါ ကူညီပေးနေကြပြီး သူတို့မှာ လုပ်ပိုင်ခွင့်တွေလည်း ရလာတယ်လို့ ဆိုကြပါတယ်။ Ji Taung က သူနဲ့ စစ်ဘေးရှောင်စခန်းက သူ့သူငယ်ချင်းတွေ ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတာတွေ၊ တစ်ခါတလေ သူတို့ကို ‘ပြည်ပြေးတွေ’လို့ ခေါ်ခဲ့ကြတာတွေကို ပြန်ပြောပြခဲ့ပါတယ်။
အခုဆိုရင် “ကျွန်မကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ပါ ပြောနိုင်စွမ်းရော သတ္တိပါရှိနေပြီ” လို့ Ji Taung က ဆိုပါတယ်။ သူက ကျားမအခြေပြု အကြမ်းဖက်တာနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေက ထိရောက်မှုရှိတာကိုလည်း သိခဲ့ရပါတယ်။ “ကျွန်မတို့မှာ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ ဆိုတဲ့ ဆိုရိုးရှိကြတယ်၊ ဒါကမှားနေတယ်၊ ဒါဟာ အိမ်တွင်းအကြမ်းဖက်မှုပဲဆိုတာ ကျွန်မသိခွင့်ရခဲ့တယ်၊ အဲဒီကတည်းကစပြီး ဒီအချက်က ကျွန်မစိတ်ထဲစွဲနေခဲ့တယ်။”
ထက်မြက်အောင်ကလည်း ဒီအစီအစဉ်ကနေ ကိုယ်တွေ့အကျိုးကျေးဇူးရခဲ့တယ်လို့ ဆိုပါတယ်။ “ အရင်ကဆိုရင် ကျွန်တော်က မိန်းမတွေဟာ ယောက်ျားတွေရဲ့ နောက်မှာပဲရှိတယ်၊ သူတို့က ဘယ်တော့မှ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ “စစချင်း ကျားမတန်းတူညီမျှမှုအကြောင်း ကြားလိုက်တဲ့အချိန်မှာ လက်ခံဖို့ခက်ခဲ့တယ်” လို့ သူက ဝန်ခံပါတယ်။ “ဒါပေမဲ့ အခုတော့ ကျွန်တော် အားလုံးကို လေးစားမှုနဲ့ တန်းတူညီမျှဆက်ဆံတတ်လာပြီ။”
ဒီနေ့အချိန်ထိဆိုရင် Champions of Change အစီအစဉ်က ကချင်ပြည်နယ်အတွင်းက ဆယ်ကျော်သက် လူငယ်ဦးရေ ၁,၁၀၀ ကျော်ခန့်ကို သင်တန်းများပို့ချပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ ၇၀၀ ဦးခန့်က သက်မွေးသင်တန်းတက်ရောက်နေပြီး သူတို့ထဲက ၁၁၇ ဦးကတော့ ကျွမ်းကျင်သူတွေအဖြစ် အလုပ်လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။