သတင်းထုတ်ပြန်ချက်

WFP နှင့် UNOPS အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေတို့ လက်တွဲပြီး မြန်မာနိုင်ငံ၌ဖြစ်ပွားနေဆဲCOVID-19 ကပ် ရောဂါဘေးဒဏ်ခံစားကြရသည့် ထိခိုက်လွယ်ဆုံးသော ရပ်ရွာလူထုများအတွက် ငွေသားအထောက်အပံ့များ ပေးအပ်

၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်။

WFP LIFT
ခေါင်းစဉ်-အကျိုးခံစားခွင့်ရှိသူ အမျိုးသမီးတစ်ဦးအား LIFT မှပေးအပ်သည့်ငွေကြေးအထောက်အပံ့နှင့်အတူတွေ့ရစဉ်။
ဓာတ်ပုံ - © WFP Zaw Win Lay

ရန်ကုန်။            ။မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်ခံဒေသများတွင် နေထိုင်နေရသည့် ထိခိုက်လွယ်ဆုံးသော ရပ်ရွာလူထုများအတွက် COVID-19ကပ်ရောဂါ၏ သက်ရောက်မှုကို ဆက်လက်တုံ့ပြန် ကိုင်တွယ်ဖြေရှင်းရာတွင်   အထောက်အကူဖြစ်စေမည့် ငွေသားအထောက်အပံ့များ ပေးအပ်ခြင်း အစီအစဉ်ကို UNOPS မှ စီမံခန့်ခွဲသည့် အသက်မွေးဝမ်းကျောင်းမှု နှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) နှင့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဥ်  (WFP) တို့မှ စတင်ဆောင်ရွက်လိုက်ပါသည်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်တို့ရှိ ပဋိပက္ခဒဏ်ခံစားနေရသော ဒေသများမှ နေရပ်စွန့်ခွာနေထိုင်နေရသူများနှင့် ဆင်းရဲနွမ်းပါးသည့်မိသားစုများ အပါအဝင် အိမ်ထောင်စုပေါင်း ၄၆,၀၀၀ ကျော်ကို WFP ၏ နည်းပညာအကူအညီဖြင့် LIFT မှ တစ်ကြိမ်တည်း ငွေသားပံ့ပိုးမှု ၆၅,၀၀၀ ကျပ် (၃၆ ဒေါ်လာခန့်) ကို မကြာသေးမီက ပေးအပ်ခဲ့ပါသည်။ အဆိုပါငွေသားပံ့ပိုးမှုသည် COVID-19 ကပ်ရောဂါကြောင့် ဘဝရပ်တည်မှုနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ခဲ့ကြရသည့် မိသားစုများအတွက် အဓိကရည်ရွယ်၍ ပေးအပ်ခြင်းဖြစ်ပြီး စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် အခြေခံလိုအပ်ချက်များကို လက်လှမ်းမီစေမည် ဖြစ်ပါသည်။

“ငွေသားအထောက်အပံ့တွေက မိသားစုတွေကို အပြုသဘောမဆောင်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်း လုပ်ဆောင်နေရတာမျိုးတွေ ရှောင်ရှားနိုင်ဖို့ အကူအညီ ဖြစ်စေမှာပါ။ ထိခိုက်လွယ်တဲ့ မိသားစုတွေအနေနဲ့ ဝင်ငွေတွေဆုံးရှုံးပြီး လူမှုရေး၊စီးပွားရေး အကျပ်အတည်းတွေ အများကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ အာဟာရပြည့်ဝတဲ့  စားနပ်ရိက္ခာတွေကို လက်လှမ်းမီ ရရှိနိုင်ဖို့လည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။” ဟု LIFT ရန်ပုံငွေ ညွှန်ကြားရေးမှုး Sara Netzer  မှ ပြောကြားခဲ့သည်။

အဆိုပါငွေသားထောက်ပံ့မှုအကူအညီကို WFP ၏ မြန်မာနိုင်ငံတွင်းလက်ရှိဆောင်ရွက်နေဆဲ ဖြစ်သည့် ငွေသားပေးအပ်မှုအစီအစဥ်မှတစ်ဆင့် အကျိုးခံစားခွင့်ရှိသူများထံ တိုက်ရိုက်ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ပါသည်။

“COVID-19 ဆက်လက်ဖြစ်ပွားမှုတွေကြောင့် အကျိုးသက်ရောက်ခဲ့ရတဲ့ ပြည်နယ်လေးခုက ထိခိုက်လွယ်တဲ့ အိမ်ထောင်စုတွေအတွက် LIFT ရဲ့ ငွေကြေးထောက်ပံ့မှု အစီအစဉ်မှာ WFP အနေနဲ့ တက်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် နှင့်  ဒါရိုက်တာ Stephen Anderson မှမှတ်ချက်ပြုပါသည်။ “မြန်မာနိုင်ငံ တစ်ဝန်းက စားနပ်ရိက္ခာအကူအညီ လိုအပ်နေတဲ့ ရပ်ရွာလူထုတွေအတွက် စားနပ်ရိက္ခာ  နဲ့ အာဟာရ ပံ့ပိုးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့ WFP ရဲ့ လုပ်ငန်းတွေမှာ LIFTက ပံ့ပိုးပေးတဲ့ ငွေကြေးအထောက်အပံ့တွေကြောင့် ပိုမိုအထောက်အကူပြုစေပါတယ်။ ” ဟုပြောကြားခဲ့သည်။

LIFT မှ ယခင်ကပေးအပ်ခဲ့သည့်  ထပ်ဆောင်းငွေကြေးပံ့ပိုးမှုများသည် မိခင်များ၊ ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းသူများ၊ ရွှေ့ပြောင်းလုပ်သားများ နှင့် သက်ကြီးရွယ်အိုများအတွက် ၎င်းတို့၏ မရှိမဖြစ်လိုအပ်ချက်များ ကို မိမိတို့ကိုယ်တိုင်ရွေးချယ် ခွင့်ရရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် အဆိုပါ ပံ့ပိုးကူညီမှုများကြောင့် ပြည်သူများ၏ ဝယ်ယူနိုင်မှုစွမ်းအားကို မြှင့်တင်ပေးပြီး ဒေသတွင်းစီးပွားရေးကိုပါ အကျိုးဖြစ်ထွန်းစေပါသည်။

LIFT ၏ ငွေကြေးအထောက်အပံ့များအတွက် ပံ့ပိုးကူညီပေးကြသော ယူနိုက်တက်ကင်းဒမ်း၊ ဥရောပ သမဂ္ဂ၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ နယူးဇီလန်၊ အိုင်ယာလန်နှင့် နော်ဝေး နိုင်ငံများအား ကျေးဇူးတင်ရှိပါသည်။ LIFT သည် အဆိုပါ အလှူရှင်အဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် ပြည်သူပေါင်း ၂.၉သန်းကျော်အတွက် အထောက်အပံ့အကူအညီများကို COVID-19 စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ပေးအပ်နိုင်ခဲ့ပါသည်။

***

အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) သည် ၂၀၀၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အလှူရှင်များ စုပေါင်းထည့်ဝင်ထားသည့် ရန်ပုံငွေဖြစ်ပြီး UNOPS မှ စီမံခန့်ခွဲကာ မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှုနောက်ကျနေသော လူဦးရေကို ထက်ဝက်လျှော့ချရန် ရည်မှန်းထားပါသည်။  ဖွံ့ဖြိုးမှုနောက်ကျနေသော အိမ်ထောင်စုများ၏ အသက်မွေးမှုများ ရေရည်တည်တံ့ရန် နှင့် ကြံ့ကြံ့ခံနိုင်စွမ်းများ ပိုမိုအားကောင်းစေရန်အတွက် LIFT က ရည်ရွယ်ပြီး ၎င်းပြည်သူများ၏ စီးပွားဖြစ်ထွန်းနိုင်စွမ်းများ အပြည့်အဝရောက်ရှိစေရန် ပံ့ပိုးပေးလျက်ရှိရာ ဝင်ငွေတိုးစေခြင်း၊ အမျိုးသမီးနှင့် ကလေးများ၏ အာဟာရ အဆင့်အတန်းများ တိုးတက်လာခြင်း နှင့် အခက်အခဲ အကျပ်အတည်းနှင့် ဖိစီးမှုဒဏ်များကြောင့် ထိခိုက်လွယ်မှုကို လျော့ကျစေခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါသည်။ လက်ရှိအချိန်ထိဆိုလျှင် မြန်မာနိုင်ငံ မြို့နယ်စုစုပေါင်း၏ ၇၇ ရာခိုင်နှုန်းသော ဒေသများရှိ ပြည်သူပေါင်း ၁၂.၈သန်းကျော်ကို ပံ့ပိုးပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အကြောင်း

၂၀၂၀ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းဖြစ်သည်။ ပဋိပက္ခနှင့် သဘာဝဘေးဒဏ် ထိခိုက်ခံရသူများအတွက် စားနပ်ရိက္ခာအထောက်အပံ့မှတစ်ဆင့် ကယ်ဆယ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်လျက်ရှိပါသည်။ WFP ကို တွစ်တာတွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

generic profile

အဲလစ်စဘတ်တာ ဇယ်လ်ကိုင်း

UNOPS
ဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်ပညာရှင် LIFT/UNOPS
generic profile

ခွမ်းလီ

WFP
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနချုပ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNOPS
ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး
WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ