သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသောမြို့နယ်များတွင် ဆာလောင်မွတ်သိပ်မှုကို ဖြေရှင်းနိုင်ရန် WFP အား ဂျပန်နိုင်ငံက ပံ့ပိုးကူညီ

၂၀၂၁ ခုနှစ် မေလ ၁၄ ရက်။

ရန်ကုန်၊ မြန်မာ - မိမိတို့၏ အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းရန် ရုန်းကန်နေကြရသော မိသားစုများကို ထောက်ပံ့ကူညီရန် ဂျပန်နိုင်ငံအစိုးရ၏ အမေရိကန်ဒေါ်လာ (၄) သန်း လှူဒါန်းပံ့ပိုးမှုကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် ယနေ့ ကြိုဆိုလက်ခံရရှိခဲ့ပါသည်။

ဂျပန်နိုင်ငံအစိုးရ၏ လှူဒါန်းပံ့ပိုးမှုဖြင့်  WFP သည် ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေပေါင်း ၆၀၀,၀၀၀ ဝန်းကျင်အား ကူညီထောက်ပံ့နိုင်မည်ဖြစ်ပါသည်။ ထောက်ပံ့ပေးမည့် စားနပ်ရိက္ခာများကို ထိခိုက်လွယ်သောမိသားစုများ၏ လက်ဝယ်သို့အရောက် တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်ပါသည်။ ဖော်ပြပါအထောက်အပံ့သည် WFP ၏ စီမံကိန်းသစ်ဖြစ်သော မြန်မာနိုင်ငံ မြို့ပြဒေသများရှိ ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံး မြို့နယ်များတွင်နေထိုင်သူ လူဦးရေ  (၂) သန်း အတွက် စားနပ်ရိက္ခာများထောက်ပံ့ပေးမည့်အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ စားနပ်ရိက္ခာ အထောက်အပံ့များကို ၂၀၂၁ ခုနှစ် မေလ (၁၃) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ စတင်ကာ ဖြန့်ဖြူးပေးဝေလျက်ရှိပြီဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုကိုဖြေရှင်းဖို့ ဆောင်ရွက်နေတဲ့ WFP ရဲ့ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုတွေကို ဂျပန်နိုင်ငံအစိုးရအနေနဲ့ အားပေးထောက်ခံပါတယ်။ WFP ရဲ့ ကနဦးဆောင်ရွက်မှုကြောင့် ဂျပန်ပြည်သူလူထုထံက အကူအညီဟာ မြန်မာ့မြို့ပြဆင်းရဲနွမ်းပါးတဲ့ဒေသတွေက အထိခိုက်လွယ်ဆုံး ဒေသခံပြည်သူတွေထံကို တိုက်ရိုက်ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ပြည်သူပြည်သားတွေဟာ မြန်မာပြည်သူလူထုနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr Maruyama Ichiro က ပြောပါသည်။

မြန်မာနိုင်ငံတွင်  နဂိုရှိရင်းစွဲ ဆင်းရဲနွမ်းပါးမှု၊ COVID-19 ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းတို့၏ ဆင့်ကဲရိုက်ခတ်မှုကြောင့် လာမည့်ခြောက်လအတွင်း လူဦးရေ (၃.၄) သန်း အဓိကအားဖြင့် မြို့ပြဒေသများ၌ နေထိုင်ကြသူများ သည် ဆာလောင်ငတ်မွတ်မှုကို ရင်ဆိုင်ကြရလိမ့်မည်ဟု  WFP က ခန့်မှန်းထားသည်။

“နှစ်ပေါင်းများစွာ WFP နဲ့အတူ ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်မှုအတွက် ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ပြည်သူ ပြည်သားတွေကို   လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။ အခုလိုတကယ့်ကို အရေးကြီးတဲ့အချိန်မျိုးမှာ ဂျပန်နိုင်ငံ အစိုးရနဲ့ ဂျပန်ပြည်သူပြည်သားတွေအနေနဲ့  မြန်မာပြည်သူလူထုအတွက် မေတ္တာဂရုဏာထားပြီး ထပ်မံကူညီ ပံ့ပိုးလိုက်တာ ဖြစ်ပါတယ်။ အခုလို စေတနာပြည့်ဝတဲ့လှူဒါန်းမှုတွေဟာ မြန်မာနိုင်ငံမှာ ကပ်ဘေးကြီးတစ်ခု ဖြစ်မလာအောင် ကြိုတင်တားဆီးနိုင်ဖို့ ကြိုးစားနေတဲ့ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်လုပ်ငန်းတွေအတွက် တကယ့်ကို အရေးပါ အခရာကျပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က ပြောသည်။

ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်များရှိ ပဋိပက္ခဘေးကြောင့် နေရပ်စွန့်ခွာရသူများအား WFP က ဆက်လက် ပေးအပ်လျက်ရှိသည့် စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များအတွက် ဂျပန်နိုင်ငံက ယခုနှစ်အစောပိုင်း ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ (၄.၇) သန်းနှင့် မတ်လတွင် အမေရိကန်ဒေါ်လာ (၃) သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ (၇.၇) သန်း ပံ့ပိုးကူညီခဲ့ပါသည်။

#                                  #                                  #

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ၂၀၂၀ ခုနှစ်  ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ် အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

WFP ကို တွစ်တာတွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

generic profile

ခွမ်းလီ

WFP
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနချုပ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ