ညနေခင်းအတော်များများမှာ မချာတစ်ယောက် ထင်းမီးဖိုငယ်လေးပေါ် တင်ထားတဲ့ ဒယ်အိုးကြီးရှေ့မှာ ရပ်ပြီး အဝါရောင်တောက်တောက် ကုလားပဲ အနှစ်တွေနဲ့ တိုဟူးကြော်နေတတ်ပါတယ်။ သူမကြော်နေတဲ့ အပြင်ဘက်မှာ ကြွပ်ရွပြီး အတွင်းသား နူးညံ့တဲ့ တိုဟူးကြော်၊ ဒါမှမဟုတ် ပါးလွှာပြီး ဖောင်းကြွ ကြွပ်ရွနေတဲ့ တိုဟူးခြောက်ကြော်ဟာ မြန်မာ့ လမ်းဘေးအစားအစာတစ်မျိုးဖြစ်ပါတယ်။ သူမရဲ့ကလေးတွေ နောက်တစ်နေ့ ဈေးမှာ အဆင်သင့်ရောင်းဖို့အတွက် တိုဟူးကြော်တွေကို ထုပ်ပိုးနေကြစဉ်မှာ တိုဟူးတွေဟာ တဖြောက်ဖြောက်၊ တစီစီနဲ့ အသံတွေ မြည်နေပါတယ်။ မီးခိုးငွေ့တွေဟာ တောင်ငူမှာရှိတဲ့ သူတို့အိမ်နံရံတွေမှာသာမက သူတို့ရဲ့ ဆံပင်တွေနဲ့ အဝတ်အစားတွေကိုပါ စွဲထင်နေတော့တာပါပဲ။
“တိုဟူးကြော်ထုပ်ပေါင်း ရာနဲ့ချီပြီး ထုတ်လုပ်ရတာဆိုတော့ တိုဟူးကြော်တဲ့အခါ အနံ့က တော်တော်လေး ပြင်းပါတယ်” လို့ သူမက ရယ်မောရင်း ပြောပြပါတယ်။ “ဒါပေမဲ့ ကျွန်မတို့ကတော့ ဒီအနံ့နဲ့ ဒီအသံကို နှစ်သက်ပါတယ်။ ဒီနေရာမှာ ဒါဟာ ကျွန်မတို့မိသားစု ဝမ်းစာရေးအတွက် ထောက်ပံ့ပေးနေတဲ့အရာပဲလေ”
၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မချာနဲ့ သူမရဲ့ မိသားစုဟာ မော်တော်ဆိုင်ကယ်တွေပေါ်် ရသမျှပစ္စည်းတွေကို တင်ဆောင်ကာ ကချင်ပြည်နယ်ရှိ သူမတို့ရဲ့ ကျေးရွာကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ သင်းအုပ်ဆရာတစ်ဦးဖြစ်သူ သူမရဲ့ ခင်ပွန်းနဲ့အတူ ယခုအခါတွင် တောင်ငူမြို့ရှိ ငှားရမ်းထားတဲ့ အိမ်တစ်လုံးမှာ သူမတို့ရဲ့ သားသမီးအရင်းတွေ၊ မွေးစားသားသမီး (၃) ဦးနဲ့ သက်ကြီးရွယ်အို ဘိုးဘွားများအပါအဝင် မိသားစုဝင် (၁၅) ဦးနှင့်အတူ စုပေါင်းနေထိုင်လျက်ရှိပါတယ်။ ပြင်သစ်အစိုးရမှ ရန်ပုံငွေပံ့ပိုးပေးပြီး ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ (UN Women) နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) တို့မှ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စီမံချက်မှ ထောက်ပံ့ငွေ ရရှိပြီးနောက် သူမဟာ ပိုမိုကောင်းမွန်တဲ့ ချက်ပြုတ်ရေးကိရိယာတွေနဲ့ ကုန်ကြမ်းတွေကို ဝယ်ယူခဲ့ပြီး၊ ထုတ်လုပ်မှုကို တိုးမြှင့်ကာ ဖောက်သည်အသစ်တွေကိုလည်း ရောင်းချနိုင်ခဲ့ပါတယ်။ ထို့အပြင် ကူညီပေးရန်အတွက် ရပ်ကွက်ထဲက အခြားသော စစ်ဘေးရှောင်အမျိုးသမီး နှစ်ဦးကိုလည်း ငှားရမ်းခဲ့ပါတယ်။ ကျောင်းလခ၊ စားစရိတ်နဲ့ အိမ်ငှားခတို့ကို လုံလောက်စွာ ပေးချေနိုင်တဲ့ ပုံမှန်ဝင်ငွေလမ်းကြောင်းတစ်ခုကို မချာ တည်ဆောက်နိုင်ခဲ့ပြီး၊ သူမရဲ့ မိသားစုအတွက် သူမနှင့် မရင်းနှီးတဲ့ အရပ်ဒေသတစ်ခုမှာ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရှိလာအောင် ဖန်တီးနိုင်ခဲ့ပါတယ်။
“ကျွန်မ မိသားစုအတွက် သာမက ကျွန်မပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေအတွက်ပါ ကူညီပံ့ပိုးပေးနိုင်တဲ့အတွက် ကျေးဇူးတင်ရပါတယ်” ဟု သူမက ပြောပြပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ ကမ္ဘာပေါ်မှာ ရန်ပုံငွေ ထောက်ပံ့မှု ရရှိမှု အနည်းဆုံးရရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေများအနက်မှ တစ်ခု ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်အတွင်း လူဦးရေ ၃.၇ သန်းမှာ နေရပ်စွန့်ခွါ တိမ်းရှောင်ခဲ့ကြပြီး ယင်းတို့အနက်မှ ထက်ဝက်ကျော်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖြစ်ကြပါတယ်။ အမျိုးသားများသည် ပဋိပက္ခများအတွင်း သေဆုံးကြရခြင်း (သို့မဟုတ်) မိမိတို့၏ မြေယာနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပဋိပက္ခဖြစ်ပွားရာ ကျေးရွာများတွင် ကျန်ရစ်ခဲ့ကြခြင်းတို့ကြောင့် အိမ်ထောင်စုများတွင် အမျိုးသားများ မရှိတော့သည့် အခြေအနေမျိုး မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။ ထိုအခါ အမျိုးသမီးများမှာ များသောအားဖြင့် ပိုင်ဆိုင်မှုနည်းပါးခြင်း၊ ဈေးကွက်သို့ ချိတ်ဆက်နိုင်မှု အားနည်းခြင်းနှင့် ငွေကြေးဆိုင်ရာ လုံခြုံမှုမရှိ ခြင်း စသည့် အခက်အခဲများကိုလည်း ရင်ဆိုင်ကြရသည့်အခြေအနေ၌ မိသားစုအား အဓိကပြုစုစောင့်ရှောက်သူများနှင့် အဓိက ဝင်ငွေရှာဖွေသူများ ဖြစ်လာကြရပါတယ်။
ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ (UN Women) နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) တို့သည် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပံ့ပိုးမှု၊ စီးပွားရေးလုပ်ငန်း ကျွမ်းကျင်မှုနှင့် လိုအပ်သလို အသုံးပြုနိုင်သည့် ငွေသား အကူအညီများ အပါအဝင် စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ကျား-မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ဘေးကင်းလုံခြုံစွာ လွှဲပြောင်းညွှန်းပို့ပေးသည့် လမ်းကြောင်းများအပါအဝင် အသက်ကယ်ဆယ်ရေးအတွက် ကာကွယ်စောင့်ရှောက်ပေး ခြင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုအချိန်အထိ အမျိုးသမီးဦးရေ (၅၀၀) ကျော်သည် ငွေသားအကူအညီများကို ရရှိခဲ့ပြီးဖြစ်ကာ၊ အကျပ်အတည်းကာလများအတွင်း အမျိုးသမီးများ၏ စီးပွားရေး ပြန်လည် ဦးမော့လာမှုနှင့် ၎င်းတို့၏ ဘေးကင်းလုံခြုံမှုတို့သည် တစ်ခုနှင့်တစ်ခု ခွဲခြား၍မရဘဲ ဆက်စပ်လျက်ရှိနေကြောင်းကို ဤစီမံကိန်းမှ ထင်ဟပ်ဖော်ပြနေပါတယ်။
နော်ရင်မွှေးနှင့် သူမ၏ မိသားစုတို့သည်လည်း ၂၀၂၃ ခုနှစ်တွင် တောင်ငူသို့ရောက်လာခဲ့ကြပါတယ်။
“ကျွန်မတို့ ဒေသမှာ ငြိမ်းချမ်းရေးရော တိတ်ဆိတ်ငြိမ်သက်မှုတွေပါ ဆုံးရှုံးသွားပါပြီ၊ တိုက်ပွဲတွေ ဖြစ်မယ်၊ ပြီးရင် ပြန်ငြိမ်သွားမယ် ထပ်ခါထပ်ခါ ဖြစ်နေတာဘဲ”။
အစပိုင်းတွင် သူမ၏ခင်ပွန်းဖြစ်သူမှာ ကြက်မွေးမြူရေးခြံတစ်ခုတွင် အလုပ်ရခဲ့သော်လည်း ရရှိသောဝင်ငွေမှာ မိသားစုဝင် (၉) ဦး၏ လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ ထို့ကြောင့် သူမသည် သူမ၏ နေရပ်ကျေးရွာတွင် နှစ်ပေါင်းများစွာ အောင်မြင်စွာ လုပ်ကိုင်ခဲ့ဖူးသည့် ဝါးရောင်းဝယ်ရေးလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။ သို့သော် လုပ်ငန်း ပြန်စရန်အတွက် ချေးငွေများလိုအပ်ခဲ့ပြီး၊ မတည်ငြိမ်သော ဝါးဈေးနှုန်းများနှင့် စစ်ဆေးရေးဂိတ်များ၌ ကောက်ယူနေသည့် သယ်ယူပို့ဆောင်ရေးစရိတ်များကြောင့် မကြာမီမှာပင် အကြွေးနွံထဲသို့ နစ်မွန်းခဲ့ရပါတယ်။ လိုအပ်သလို အသုံးပြုနိုင်တဲ့ ငွေသားအကူအညီက သူမကို ထိုအကြွေးများကို ဆပ်နိုင်ရန်၊ မိသားစု၏ အိမ်ငှားခ၊ ကျောင်းလခနှင့် ကျန်းမာရေး စရိတ်များကို ပေးချေနိုင်ရုံသာမက သူမ၏ အိမ်နီးနားချင်းများကိုပါ အလုပ် ပေးနိုင်ခဲ့ပါတယ်။
နော်ရင်မွှေးရော မချာပါ သူတို့ နေရပ်သို့ မည်သည့်အချိန်တွင် ပြန်နိုင်မည်ကို မသိကြသော်လည်း၊ ၎င်းတို့၏ မိသားစုများကို ဘေးကင်းလုံခြုံစွာဖြင့် အတူတကွ နေနိုင်စေခြင်း၊ ဝဝလင်လင် ကျွေးမွေးထားနိုင်ခြင်းနှင့် ၎င်းတို့ အိမ်ထောင်စု ပြင်ပရှိ အခြားသူများကိုပါ ကူညီပံ့ပိုးပေးနိုင်ခြင်းတို့ကြောင့် ခွန်အားများကို ကိုယ်စီရရှိနေကြပါပြီ။
မချာက သူမအနေနဲ့ အိမ်စရိတ်များပေးချေနိုင်ပြီး၊ မိသားစုကို ဝဝလင်လင်ကျွေးမွေးနိုင်ကာ ရပ်ရွာအတွင်းရှိ အခြားအမျိုးသမီးများကိုပါ ကူညီပံ့ပိုးပေးနိုင်သည့်အချိန်ဟာ ဂုဏ်အယူရဆုံးဖြစ်တယ်ဟု ဆိုပါတယ်။ သူမ၏ ရည်မှန်းချက်မှာ သူမ၏ဒေသမှ အစားအစာများဖြစ်သော မျှစ်ချဉ်ခေါက်ဆွဲနှင့် ဖက်ထုပ်ကြော်များ ရောင်းချသည့် “ဗန်းမော်မိသားစု စားသောက်ဆိုင်" လေးတစ်ဆိုင် ဖွင့်လှစ်ရန်ဖြစ်ပါတယ်။ ညနေခင်းတိုင်း အိမ်ထဲတွင် ပျံ့လွင့်နေတတ်သည့် တရှဲရှဲမြည်နေသော ဒယ်အိုး ထဲမှ အသံနှင့် ချိုမြိန်စူးရှသော မီးခိုးငွေ့များကြားတွင် သူမ၏ အိပ်မက်များသည် တဖြည်းဖြည်း အကောင်အထည်ပေါ်လာနေပြီး၊ ၎င်းမှာ အနည်းဆုံးတော့ မနက်ဖြန်အတွက် အဆင်ပြေချောမွေ့နေမည်ဟူသည်ကို အချက်ပြနေသကဲ့သို့ပင် ဖြစ်ပါတော့သည်။
*ဤဇာတ်ကြောင်းကို UN Women Asia and the Pacific website တွင် ၂၀၂၆ခုနှစ်၊ ဇွန်လ ၄ရက် နေ့တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။