မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ သတင်းစကား
၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုဟာ ထိခိုက်ခံရသူမရှိတဲ့ ပြစ်မှုမျိုး မဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူတွေနဲ့ လူ့အဖွဲ့အစည်းတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေတဲ့အပြင်၊ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့ မတည်ငြိမ်မှုတွေကိုပါ ပိုပြီးတော့ ဖြစ်ပွားစေပါတယ်။
ဓာတု မူးယစ်ဆေးဝါး (synthetic drugs) တွေ ပေါများလာတာ၊ အွန်လိုင်းပေါ်ကနေ တရားမဝင်ရောင်းဝယ်တဲ့ ကွန်ရက်တွေ ကြီးထွားလာတာတွေက ဒီအကျပ်အတည်းကို ပိုပြီးတော့ ဆိုးရွားစေပါတယ်။ တစ်ချိန်တည်းမှာပဲ အားနည်းတဲ့ ကျန်းမာရေး စနစ်တွေ၊ ဆေးကုသမှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတာနဲ့ အကူအညီ ရယူနိုင်ခွင့် နည်းပါးနေတာတွေက မူးယစ်ဆေးစွဲသူတွေအပေါ် ခွဲခြားနှိမ့်ချဆက်ဆံတာမျိုး လျော့ကျသွားအောင် လုပ်ဆောင်တဲ့နေရာမှာသာမက မူးယစ်ဆေးကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို ကုသပေးတဲ့နေရာမှာပါ အဟန့်အတား ဖြစ်စေပါတယ်။
ဒီနှစ်ရဲ့ ဆောင်ပုဒ်က ကြိုတင်မျှော်တွေးမှု၊ ဆန်းသစ်တီထွင်မှု၊ ပြီးတော့ စည်းလုံးညီညွတ်မှုတွေကို အခြေခံပြီး ဖြေရှင်းနည်းတွေ ရှာဖွေကြဖို့ ကမ္ဘာကြီးကို တိုက်တွန်းထားပါတယ်။ နည်းပညာကို အသုံးချပြီး အွန်လိုင်းပေါ်က မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုကို တားဆီးတာ၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ရာဇဝတ်ဂိုဏ်းတွေရဲ့ ကွန်ရက်တွေနဲ့ ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို စုံစမ်းဖော်ထုတ် နှိမ်နင်းတာ၊ ပြီးတော့ ကြိုတင်ကာကွယ်ရေး၊ အန္တရာယ်လျှော့ချရေးနဲ့ ဆေးကုသမှု အပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး တိုးမြှင့်လုပ်ဆောင်တာတွေအားဖြင့် ဖြေရှင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ ဒီလိုကြီးမားတဲ့ အန္တရာယ်ဆိုးကြီးကို တိုက်ဖျက်ဖို့အတွက် လိုအပ်နေတဲ့ ရဲရင့်ပြတ်သားကာ ဆန်းသစ်ပြီး၊ လူအများလက်ခံထားပြီးသား ဖြေရှင်းနည်းတွေကို အကောင်အထည်ဖော်ကြဖို့ ထပ်မံ သန္နိဋ္ဌာန်ချကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ