မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့ သတင်းစကား
၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ စစ်ရဲ့ ဆိုးရွားတဲ့ နည်းဗျူဟာတစ်ခု ဖြစ်ပါတယ်။ အကြမ်းဖက်ဖို့၊ ညှဥ်းပန်းနှိပ်စက်ဖို့နဲ့ ဖိနှိပ်ချုပ်ချယ်ဖို့တို့အတွက် အသုံးပြုပြီး ကိုယ်ခန္ဓာတွေ၊ စိတ်တွေနဲ့ လူထုတစ်ရပ်လုံး အပေါ် ဒဏ်ရာဒဏ်ချက်တွေ စွဲကျန်စေပါတယ်။ သေနတ်သံတွေ ရပ်သွားပြီးတဲ့နောက်မှာတောင် အဲဒီ ဆိုးရွားတဲ့ ပြစ်မှုတွေကြောင့် ရရှိတဲ့ ထိတ်လန့်ကြောက်ရွံမှုတွေကို ကာလရှည်ကြာစွာ ထပ်တလဲလဲ ခံစားနေကြရစေပါတယ်။
အကြမ်းဖက်ခံရပြီး ရှင်သန်လွတ်မြောက်လာသူတွေဟာ ခွဲခြားဆက်ဆံခံရမှုနဲ့ စိတ်ဒဏ်ရာတွေကြောင့် မကြာခဏဆိုသလို မဖြေရှင်းနိုင်တဲ့ဝန်ကို ထမ်းပိုးထားနေကြရပေမယ့် ပြစ်မှုကျူးလွန်သူတွေကတော့ အပြစ်မရှိဟု ဆိုကာ မကြာခဏပင် လွတ်မြောက်နေပါတယ်။ ဒီနာကျင်ခံစားရမှုက သူတို့တွင်မှာသာ ရပ်တန့်သွားတာ မဟုတ်ပါဘူး။ မိသားစုဝင်တွေရဲ့ မျိုးဆက်တွေကိုပါ ဖျက်ဆီးပြီး ဘဝတစ်လျောက်လုံးထိတိုင်အောင် သက်ရောက်စေတဲ့အပြင် အကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်လာသူတွေရဲ့ သားစဥ်မျိုးဆက်ကိုပါ စိတ်ဒဏ်ရာနဲ့ နာကျင်မှု အမွေဆိုးကို ရစေပါတယ်။
ဒီနှစ်မှာ အလေးပေးပြောကြားလိုတာက ပဋိပက္ခတွေနဲ့ ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြောင့် မျိုးဆက် အဆက်ဆက်တိုင်အောင် နက်ရှိုင်းပြီး ကာလရှည်ကြာတဲ့ ထိခိုက်ခံစားရမှုတွေ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုစက်ဝန်းကို ချိုးဖျက်ဖို့အတွက် အတိတ်မှာ ဖြစ်ခဲ့တဲ့ ကြောက်မက်ဖွယ်ရာတွေကို ရင်ဆိုင်ရပါမယ်။ လက်ရှိ ပစ္စုပ္ပန်ကာလမှာ အကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်လာသူတွေကို ပံ့ပိုးကူညီပေးရပါမယ်။ နောက်ပြီး အနာဂတ်မျိုးဆက်သစ်တွေ အလားတူ ကံကြမ္မာဆိုးမျိုး မကြုံတွေ့ရအောင် ကာကွယ်ရပါမယ်။
ဆိုလိုတာက အရေးကြီးပြီး ရှင်သန်လွတ်မြောက်လာသူတွေကို အခြေပြုတဲ့ စိတ်ဒဏ်ရာတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုတွေ သူတို့တွေ ရရှိစေဖို့၊ တရားမျှတစွာ ဆောင်ရွက်ဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှုရှိစေဖို့တို့အပြင် ရှင်သန်လွတ်မြောက်လာသူတွေရဲ့ အသံတွေကို နားထောင်ပြီး ဖြည့်ဆည်းဝန်းရံပေးဖို့ ဖြစ်ပါတယ်။
ဒီစက်ဆုပ်ရွံရှာဖွယ် ပြစ်မှုကြီးကို အဆုံးသတ်ဖို့၊ ရှင်သန်လွတ်မြောက်လာသူတွေအတွက် တရားမျှတမှုကို တောင်းဆိုဖို့နဲ့ အကြမ်းဖက်မှုစက်ဝန်း အပြီးတိုင် ရပ်တန့်ဖို့ ရေရှည် အရေးတကြီး အားထုတ်ကြိုးပမ်းရေးတို့အတွက် ပူးပေါင်းလုပ်ဆောင်ကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ