ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် မုတ်သုံရာသီအတွင်း ဘေးအန္တရာယ်ကင်းသော ရေသန့်ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်မှု
မုတ်သုံမိုးရွာသွန်းမှုနှင့်အတူ၊ WHO နှင့်မိတ်ဖက်အဖွဲ့အစည်းများသည် ငလျင်ဒဏ်သင့်မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းနေထိုင်ရသူများအတွက် ရေသန့်ရရှိရန်ကြိုးပမ်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင် မုတ်သုံမိုးများ ရွာသွန်းနေချိန်တွင် ၂၀၂၅ ခုနှစ် မတ်လက လှုပ်ခဲ့သော ပြင်းအားကြီး ငလျင်များကြောင့် ရွှေ့ပြောင်းနေထိုင်နေရသော ထောင်ပေါင်းများစွာသော မိသားစုများသည် ၎င်းတို့၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေးအတွက် ခြိမ်းခြောက်မှုများ ပိုမိုရင်ဆိုင်နေကြရပါသည်။ ပျက်စီးယိုယွင်းခဲ့ရသော ရေပေးဝေရေးစနစ်များ၊ လုံလောက်မှုမရှိသော ပတ်ဝန်းကျင်သန့်ရှင်းရေးဝန်ဆောင်မှုများ၊ ပြင်းထန်သော အပူရှိန်နှင့် ရေကြီးနိုင်ခြေ မြင့်တက်လာခြင်းတို့သည် လူဦးရေထူထပ်သော စခန်းများနှင့် ယာယီတဲအိမ်များတွင် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ပျံ့နှံ့စေရန် အခြေအနေများကို ဖန်တီးပေးနေပါသည်။
ဤကြီးထွားလာသော စိန်ခေါ်မှုများကို ဖြေရှင်းရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ သန့်ရှင်းပြီး ဘေးကင်းသော သောက်သုံးရေ ရရှိရေး၊ မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ၊ ပြန်လည်ထူထောင်ရေးနှင့် အန္တရာယ်များသော ဒေသများတွင် ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ရန် အရေးတကြီး ဆောင်ရွက်လျက်ရှိပါသည်။
ဤကြိုးပမ်းဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သည် ကျန်းမာရေးစောင့်ရှောက်မှုဌာနများနှင့် ရွှေ့ပြောင်းနေထိုင်ရသည့် နေရာများသို့ရေသန့်စင်ပေသော ကိရိယာများ ဖြန့်ဝေပေးလျက်ရှိပြီး သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို မြှင့်တင်ပေးလျက်ရှိပါသည်။ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းနှင့် ညောင်ရွှေဒေသများရှိ ဆေးခန်း ၂၇ ခုနှင့် သားဖွားဆရာမကူ အခြေစိုက်စခန်း ၃ ခုတို့တွင် ရေသန့်စင်ပေးသောကိရိယာ ၃၀ ကို တပ်ဆင်ပေးထားပြီး တစ်လလျှင် လူဦးရေ ၁၃၅၀၀ ကျော်အား သန့်ရှင်းသောရေကို ဖြန့်ဝေပေးလျက်ရှိပါသည်။
ဤသို့ ဆောင်ရွက်ပေးမှုများသည် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါနှင့် အခြား မသန့်ရှင်းသော ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချရာတွင် အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ နောက်ဆုံးထုတ် အခြေအနေအစီရင်ခံစာ (၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်) အရ မုတ်သုံမိုး စတင်ရွာသွန်းခြင်းသည် ငလျင်ဒဏ်သင့်ဒေသများ၊ အထူးသဖြင့် ယာယီတဲများနှင့် ယာယီခိုလှုံရာနေရာများတွင် နောက်ထပ်ကျန်းမာရေး အန္တရာယ်များကို ဖြစ်ပေါ်လာနေပြီဖြစ်သည်။ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အရေပြားရောဂါများ သီးခြားဖြစ်ပွားမှုများ ရှိနေကြောင်း သတင်းပို့ထားရာ ဘေးကင်းသောရေနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု ရရှိရေး၏ အရေးတကြီးလိုအပ်မှုကို မီးမောင်းထိုးပြနေပါသည်။
"ဒီမှာနေရတာ တကယ်ကို ခက်ခဲပါတယ်။ တစ်လခွဲလောက်ဆိုရင် ဒီနေရာမှာ ရေကြီးနိုင်ပါတယ်။ ရေကြီးခဲ့ရင်တော့ ဒီမှာရှိတဲ့လူတိုင်း ဆိုးရွားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်" ဟု ၂၈ မတ်လက မြန်မာနိုင်ငံတွင် လှုပ်ခဲ့သော ငလျင်များဖြစ်ပွားပြီးနောက် ယာယီတဲတွင် နေထိုင်ခဲ့ရသည့် ၆၅ နှစ်အရွယ် ဦးကြည် (အမည်ပြောင်း) က ပြောပါသည်။
(ယာယီတဲထဲတွင် နေထိုင်ရခြင်း၏ အခက်အခဲများနှင့် မုတ်သုံမိုးများ ရွာသွန်းလာမှုကြောင့် ပိုမိုဆိုးရွားလာသည့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အခြေအနေများကို ဦးကြည် မျှဝေပြောကြားထားသည့် ဗီဒီယိုကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်)
ဘေးအန္တရာယ်ကင်းသော ရေရရှိရေး အတွက် ဒေသခံများ၏ စွမ်းရည်များမြှင့်တင်ခြင်း
သန့်ရှင်းသောသော သောက်သုံးရေ၊ လုံလောက်သော တစ်ကိုယ်ရေသန့်ရှင်းမှု နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထများသည် ပြည်သူ့ကျန်းမာရေး၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ အခြေခံ အရင်းအမြစ်များ လုံလောက်မှုမရှိသော အဆောက်အဦများသည် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပြီး အထူးသဖြင့် ပြည်သူများအစုလိုက်အပြုံလိုက် နေထိုင်နေရသည့် နေရာများနှင့် ဝန်ဆောင်မှုလိုအပ်ချက်များရှိနေသော ဒေသများတွင် ပိုမိုဆိုးရွားနိုင်ပါသည်။
ဒေသတွင်းစွမ်းရည်နှင့် ခံနိုင်ရည်ရှိမှုတို့ကို တည်ဆောက်နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သည်ကြက်ခြေနီအသင်းအဖွဲ့များ၊ UNICEF၊ WFP အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေသန့်ရရှိရေးစနစ်များကို အားကောင်းစေရန်နှင့် အရေးကြီးသော ကျန်းမာရေးအချက်အလက်များကို မျှဝေရန် ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းတွင် ရပ်ရွာလူထုကို စွမ်းရည်မြှင့်တင်ရန်နှင့် ကျန်းမာရေးဆိုင်ရာ အပြုအမူများကို မြှင့်တင်ရန်အတွက် သတင်းအချက်အလက်၊ ပညာပေးနှင့် ဆက်သွယ်ရေး (IEC) ပစ္စည်းများ ဖြန့်ဝေခြင်းတို့ ပါဝင်ပါသည်။ ဤဆောင်ရွက်မှုသည် ယာယီတဲများတွင် နေထိုင်နေရသည့် မိသားစုများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် အခြေခံအဆောက်အဦ လိုအပ်ချက်ရှိနေသော ဒေသများရှိ လူများကို အထူးဦးစားပေး ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပါသည်။
ဤကြိုးပမ်းမှုများကြားမှပင် သိသာထင်ရှားသော လိုအပ်ချက်များ ကျန်ရှိနေပါသေးသည်။ ကျန်းမာရေးဌာနများ၊ ကျောင်းများနှင့် ဒေသခံများစွာတို့သည် သန့်ရှင်းသော ရေ၊ သန့်ရှင်းရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထများ ရရှိရေးတွင် အခက်အခဲများ ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေသော်လည်း ငွေကြေးအရင်းအမြစ် ကန့်သတ်ချက်များကြောင့် လုပ်ငန်းများအားအတိုင်းအတာ၊ အကန့်အသတ်ဖြစ်သာ ဆောင်ရွက်နိုင်ပါသည်။ လူတိုင်းအတွက် သန့်ရှင်းသောရေ ရရှိရေးဖို့ရန်ပံ့ပိုးကူညီမှုများ ပိုမိုလိုအပ်နေပါသည်။
သန့်ရှင်းသော ရေရရှိခြင်းသည် မရှိမဖြစ်လိုအပ်သည်သာမက ရောဂါများကို ကာကွယ်ရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အရေးကြီးသော အချက်ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အချိန်မှီတုံ့ပြန်ဆောင်ရွက်မှုများနှင့်အတူ စနစ်တကျ အားကောင်းလာစေရေး ကြိုးပမ်းမှုများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရှိ ဒေသခံများ ဘေးအန္တရာယ်ကင်းစွာနှင့် ကျန်းမာစွာ နေထိုင်နိုင်ရန်နှင့် ဒေသခံပြည်သူများ၏ခံနိုင်ရည်စွမ်းအားများ မြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
*ဤဆောင်းပါးကို WHO Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။