ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ မှ မြန်မာနိုင်ငံ အင်းလေးကန်ဒေသ၌ ငလျင်ပြန်လည်ထူထောင်ရေးတွင် ပံ့ပိုးရန် “အလုပ်အကိုင်ဖန်တီးရေး ထောက်ပံ့မှုအစီအစဥ်”ကို မိတ်ဆက်ခြင်း
၂၀၂၅ ခုနှစ် မေလ ၂၉ ရက်။
ဤကနဦးခြေလှမ်းသည် ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများအား အရေးပေါ် ဝင်ငွေ ထောက်ပံ့ပေးနိုင်ပြီး ရပ်ရွာလူထုအား သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များမှတဆင့် နေအိမ်များနှင့် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံများကို ပြန်လည်တည်ဆောက်နိုင်အောင် အကူအညီပေးပါသည်။
ရှမ်းပြည်တောင်ပိုင်း၊ မြန်မာနိုင်ငံ (ILO သတင်း) - အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) သည် ဒေသခံမိတ်ဖက်များနှင့်အတူ ရှမ်းပြည်တောင်ပိုင်း အင်းလေးကန်တဝိုက်ရှိ ငလျင်ဒဏ်သင့် ကျေးရွာများတွင် ကနဦးပြန်လည်ထူထောင်ရေး ပံ့ပိုးနိုင်ရန် “အလုပ်အကိုင်ဖန်တီးရေး ထောက်ပံ့မှုအစီအစဥ်” တစ်ခုကို အလျင်အမြန် စတင်လိုက်ပါသည်။ ဤကနဦးခြေလှမ်းသည် ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများအား ချက်ချင်း ဝင်ငွေရအောင် ပံ့ပိုးပေးပြီး ပျက်စီးသွားသည့် နေအိမ်များနှင့် အရေးကြီး အခြေခံအဆောက်အအုံများကို ပြန်လည်တည်ဆောက်လာနိုင်စေပါသည်။
ILO ဆက်ဆံဆက်သွယ်ညှိနှိုင်းရေးအရာရှိ Yutong Liu သည် မိတ်ဖက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရင်းအမြစ်စုဆောင်းရေးဆိုင်ရာ အကြီးတန်းအကြံပေး Oktavianto Pasaribu ၊ အခြား ILO မှ တာဝန်ရှိသူများနှင့်အတူ ဤအစီအစဉ်ကို မေလနောက်ဆုံးပတ်အတွင်းက မိတ်ဆက်ခဲ့ရာ လက်ရှိတွင် သလဲဦးအင်း၊ ကြာတောနှင့် ဇရပ်ကြီး စသည့်ကျေးရွာများမှ ဒေသခံလုပ်သား ၇၀ ဦး ပါဝင်ဆောင်ရွက်နေပါသည်။ ဆောင်ရွက်နေသောလုပ်ငန်းများမှာ အပျက်အစီးများကို ဘေးကင်းစွာ ဖယ်ရှားရှင်းလင်းခြင်း၊ ပြန်လည်အသုံးပြုနိုင်သော ဆောက်လုပ်ရေးပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းနှင့် ကနဦး အိမ်ယာပြုပြင်ခြင်းတို့ ပါဝင်ပါသည်။ ဤလုပ်ငန်းများသည် မတ်လ ၂၀၂၅ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်များအလွန် နေအိမ်နှင့် အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးခဲ့ရသူ လူဦးရေ ၅၀၀ ခန့်အား တိုက်ရိုက်အကျိုးပြုနိုင်ရန် ရည်ရွယ်ပါသည်။
“ဒါက ကျွန်တော့်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဆိုးဆုံး ငလျင်ဘေးပဲ” ဟု အသက် ၅၉-နှစ်အရွယ် ဇရပ်ကြီးရွာသား ဦးကြာအေးက ပြောပါသည်။ “ကျွန်တော်တို့ရွာက အိမ်တိုင်း ပျက်စီးသွားတယ်။ အရင် ရေကြီးတာ၊ ရာသီအလိုက်မုန်တိုင်းဝင်တာတွေတုန်းက ဘုန်းကြီးကျောင်းမှာ ခိုလှုံလို့ရခဲ့ပေမဲ့ ဒီတခါကတော့ အကြီးအကျယ် ပျက်စီးသွားခဲ့တာ။ သွားစရာနေရာလည်းမရှိသလို ဘယ်လိုပြန်စရမယ်မသိဘူး။ ILO က ထောက်ပံ့ကူညီမှုက ရှေ့ဆက်ဖို့အတွက် ကယ်တင်မှုတစ်ခုပါ။ ဒီ အလုပ်အကိုင်ဖန်တီးရေး ထောက်ပံ့မှုအစီအစဥ်ကြောင့် အခု ကျွန်တော်တို့မှာ မျှော်လင့်ချက်ရှိလာပြီး ကျွန်တော်တို့ အိမ်တွေနဲ့ ဘဝတွေကို ပြန်ထူထောင်ဖို့ စတင်နိုင်ပါပြီ။”
အလုပ်အကိုင်ဖန်တီးရေး ထောက်ပံ့မှုအစီအစဥ်သည် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများမှတဆင့် အသက်မွေးဝမ်းကြောင်းကို ပြန်လည်ထူထောင်ရန်၊ ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရန်နှင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ထားသည့် ကျယ်ပြန့်သော ILO ၏ ငလျင်တုံံ့ပြန်ရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ဤအစီအစဥ်သည် ညောင်ရွှေမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်များ၏ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ကြရသည့် ရပ်ရွာလူထုအတွက် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ၂၅၀၀ ခုခန့်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အခွင့်အလမ်းများကို ဖန်တီးရန် ရည်မှန်းထားသည့် ပိုမိုကြီးမားသည့် အစီအစဥ်အတွက် စမ်းသပ်အစီအစဥ်တစ်ခု ဖြစ်ပါသည်။
“ဒီဆောင်ရွက်မှုကို မကြာမီ တခြား ဘေးဒဏ်သင့် ဒေသတွေမှာလည်း အတိုင်းအတာတစ်ခုအထိ တိုးချဲ့ပြီး သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်း ၅၀၀ ခန့် ဖန်တီးပေးနိုင်ဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Yutong Liu က ပြောကြားခဲ့သည်။ “နောက်ပိုင်းမှာ စာသင်ကျောင်းတွေ၊ ကျန်းမာရေး၀န်ဆောင်မှုထောက်ပံ့ပေးရေးစခန်းတွေ၊ လမ်းတွေ၊ ရေပေးဝေရေးစခန်းတွေနဲ့ ကျေးလက်ဒေသ အခြေခံလမ်းမတွေအပါအဝင် ဒေသခံတွေအတွက် အထောက်အပံ့ဖြစ်သော အခြေခံအဆောက်အအုံ ၁၅ ခုကို ပြန်လည်တည်ဆောက်ရေးလည်း ပါဝင်လာမှာပါ” ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။
အစီအစဉ်ကို လိုအပ်နေသည့် ဒေသများဆီသို့ ရောက်ရှိနိုင်ရေးအတွက် လာမည့် ရက်သတ္တပတ်အတွင်းတွင် ချဲ့ထွင်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုစီမံကိန်းမှ လက်ငင်း ထွက်ပေါ်လာသည့် အလုပ်အကိုင်အခွင့်အလမ်းများမှတဆင့် စား၀တ်နေရေးချို့တဲ့သော အိမ်ထောင်စု ၅၀၀ ခန့်ကို ဝင်ငွေထောက်ပံ့မှုရရှိစေမည်ဖြစ်သည်။
ဘေးကင်းလုံခြုံပြီး သင့်လျော်ကောင်းမွန်သည့် လုပ်ငန်းခွင်အခြေအနေများရှိစေရေးအတွက် ILO သည် ပါဝင်လုပ်ကိုင်သူ အလုပ်သမားအားလုံးအတွက် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးစံနှုန်းများဆိုင်ရာ သင်တန်းကို ပို့ချပေးလျက်ရှိပါသည်။ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သည့် ထူထောင်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် နည်းပညာပံ့ပိုးမှုနှင့် ဒေသတွင်း ရပ်ရွာအခြေပြု အရပ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နေပါသည်။
ILO သည် ၂၀၂၃ ခုနှစ်အစီရင်ခံစာတွင်ဖော်ပြထားသော ILO စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရာမှ ရရှိသော ခိုင်မာသည့် တိုးတက်မှု၏ ပံ့ပိုးမှုဖြင့်သာ ပြန်လည်ထူထောင်ရေး မဟာဗျူဟာများ အောင်မြင်စွာ ပြီးမြောက်နိုင်မည်ဟု ယုံကြည်သည်။