မန္တလေး ဒိုင်ယာရီ ၃
ငလျင်ဒဏ်ခံရသူများ၏ စိတ်ဒဏ်ရာများနှင့် မျှော်လင့်ချက်များ
အသက် ၂၄ နှစ်အရွယ် နှင်းအိမ်က သူ့မိခင်နဲ့အတူ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ နေထိုင်ပါတယ်။ အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီး နှစ်လကြာတဲ့အထိ နှင်းအိမ်တို့အတွက်တော့ ကမ္ဘာမြေကြီးက တုန်ခါနေဆဲပါပဲ။
နောက်ဆက်တွဲ ငလျင်တွေက ဆက်လက်ပြီး လှုပ်ခတ်နေပြီး ငလျင်ဘေးသင့်ပြည်သူတွေရဲ့ စိတ်ကို ခြောက်ခြားနေဆဲဖြစ်ပါတယ်။ လတ်တလော အပြင်းထန်ဆုံးအနေနဲ့ မေလ ၁၇ ရက်ကလှုပ်ခဲ့တဲ့ အင်အား ၅.၁ အဆင့်ရှိ နောက်ဆက်တွဲငလျင်က နှင်းအိမ်တို့နေထိုင်ရာ ကျောက်ဆည်မြို့တည့်တည့်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
"အိမ်တစ်ခုလုံး ယိမ်းခါသွားတာ။ လွန်ခဲ့တဲ့နှစ်လက ကြောက်ဖို့ကောင်းတဲ့ အဲဒီနေ့ကို ပြန်ရောက်သွားသလိုပဲ" လို့ နှင်းအိမ်က ပြောပြပါတယ်။ "ရင်တွေအရမ်းတုန်လာပြီးတော့ အဲ့နေ့ညကစပြီး သေချာပြန်ပြီး အိပ်မပျော်တော့ဘူး။"
သူမရဲ့ ရပ်ရွာအသိုက်အဝန်းဟာ ဒုက္ခပေါင်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်နေခဲ့ရပြီးဖြစ်ပါတယ်။ ငလျင်မတိုင်ခင် နှစ်ပတ်သုံးပတ်လောက်ကပဲ အဆိုပါဒေသတဝိုက်မှာ ရေကြီးခဲ့လို့ မိသားစုတွေဟာ အိုးအိမ်တွေကို ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်ထားကြရတာပါ။ အဲဒီနောက်မှာ ငလျင်လှုပ်ခတ်ခဲ့ပြီး ခိုင်မာတယ်လို့ ထင်ရတဲ့အရာအားလုံး ပြိုလဲပျက်စီးခဲ့ရပါတယ်။
"ငလျင်လှုပ်ပြီးတော့ ကျွန်မမြို့ထဲပတ်ပြီး လျှောက်ကြည့်ခဲ့တယ်၊ နေရာတိုင်းမှာ အပျက်အစီးတွေချည်းပဲ" လို့ သူမက မှတ်မှတ်ရရ ပြန်ပြောပြပါတယ်။ "အဆောက်အအုံတွေအောက်မှာ ပိတ်မိနေတဲ့ မိသားစုတွေ၊ မိဘတွေကို ငိုရင်းအော်ခေါ်နေတဲ့ ကလေးတွေ။" အဲဒီထဲမှာ ကျွန်မဘယ်တော့မှ မမေ့နိုင်တော့မယ့် ဟာကတော့ ကျောက်ဆယ်မြို့ပေါ်က မူကြိုကျောင်းမှာ ကလေးလေးတွေ ပိတ်မိနေတာပဲ။ ကလေးတွေ ပိတ်မိတဲ့သူကပိတ်မိ၊ ဒဏ်ရာရာတဲ့သူကရနဲ့ အားလုံးကြောက်လန့်တကြားဖြစ်နေခဲ့တာ။”
ဒေသခံ လုပ်အားပေးတွေက လက်ဗလာနဲ့ တူးပြီး အထဲက ကလေးတွေဆီရောက်ဖို့ ကြိုးစားနေတာကို နှင်းအိမ်တွေ့ခဲ့ရတာပါ။ "သူတို့ရဲ့ အော်ဟစ်အကူအညီတောင်းတဲ့အသံတွေက ညတိုင်း ကျွန်မစိတ်ထဲမှာ ပြန်ကြားနေတုန်းပဲ။"
အဲဒီငလျင်လှုပ်တဲ့နေ့ဟာ သူ့စိတ်ထဲက တစ်စုံတစ်ခုကို ပြောင်းလဲပစ်ခဲ့ပါတယ်။ နှင်းအိမ်က ကိုယ့်အတွေးတွေထဲမှာပဲ လမ်းပျောက်နေပြီး သူငယ်ချင်း မိတ်ဆွေတွေနဲ့ အဆက်အသွယ်မရှိတော့သလို စပြီးခံစားလာရပါတယ်။ "တစ်ခါတလေ ကျွန်မ လူတစ်ယောက်နဲ့စကားပြောနေတယ်။ ရုတ်တရက်ကြီး ကျွန်မက အဲဒီစကားဝိုင်းမှာ တကယ်ရှိမနေဘဲ အဝေးကြီးကနေ အဲဒီစကားဝိုင်းကို လှမ်းကြည့်နေသလို ခံစားရတယ်" လို့ ပြောပြပါတယ်။ "ကျွန်မ ဘာဖြစ်နေတာလဲလို့ တော်တော်နဲ့ နားမလည်ခဲ့ဘူး။ နောက်မှ ဒါက စိတ်ဒဏ်ရာတစ်ခုပဲဆိုတာ သဘောပေါက်လာတယ်။ ဒီလိုစိတ်ဒဏ်ရာမျိုး ကျွန်မတို့ တော်တော်များများ ခံစားနေကြရတယ်။ ဒါပေမဲ့ ဒီအကြောင်းကို ပြောတဲ့သူ သိပ်မရှိဘူး။"
နှင်းအိမ်ဟာ ၂၀၂၂ ခုနှစ်ကစပြီး U-Report Myanmar ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့သူပါ။ သူက လူငယ်လုပ်အားပေးအဖွဲ့မှာ ပါဝင်ခဲ့ပြီး ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ ငလျင်လှုပ်ပြီးနောက် သူကိုယ်တိုင် စိတ်ကျန်းမာရေး အခက်အခဲတွေကို ရင်ဆိုင်ရပြီးနောက်မှာ သူက ဒီပလက်ဖောင်းကတစ်ဆင့် စိတ်ကျန်းမာရေး ဆိုင်ရာ ကိစ္စတွေမှာ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်ဖြစ်ခဲ့ပါတယ်။
ငလျင်လှုပ်ပြီး နှစ်ပတ်သုံးပတ်အကြာမှာ မူကြိုကျောင်းပြိုကျမှုကနေ လွတ်မြောက်လာတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ခဲ့ရပါတယ်။ သူက ကလေးရဲ့ အဘွားနဲ့ စကားပြောကြည့်တဲ့အခါမှာ စိတ်ထိခိုက်စရာတစ်ခုကို သိခဲ့ရပါတယ်။ အဘွားက သူ့ရဲ့မြေးလေး ဘယ်လောက်အထိ စိတ်ဒဏ်ရာရနေလဲဆိုတာ မသိနေပါဘူး။
"အဲ့ဒီကလေးလေးက သူ့ဆရာမတွေနဲ့ အတန်းဖော်တွေ သေသွားတာကို မြင်ခဲ့ရတယ်။ ဒါပေမဲ့ သူ့နားက လူကြီးတွေက ကလေးက ဒီအတိုင်း 'အသံတိတ်နေတာ'၊ 'ဝမ်းနည်းနေတာ' လို့ပဲ ထင်နေကြတယ်။ "သူတို့က ကလေးအိပ်မက်ဆိုးတွေမက်နေတာကို မသိကြဘူး၊ အသံကျယ်ကျယ်ကြားရင် တောင် ကလေးလန့်သွားတာတွေ၊ တခြားကလေးတွေနဲ့ သူ မကစားတော့တာတွေကို မမြင်ကြဘူး"။
ဒီလိုတွေ့ပြီးနောက်မှာ သူ့အတွက် U-Report ပလက်ဖောင်းမှာ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး စာတွေရေးဖို့ သူ့ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေခဲ့ပါတယ်။ "ကျွန်မတို့က မမြင်နိုင်တဲ့ဒဏ်ရာတွေကို လျစ်လျူရှုထားမယ်ဆိုရင် ကျွန်မတို့ အသိုင်းအဝိုင်းတွေကို ပြန်တည်ဆောက်နိုင်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။ "ကလေးတွေရော၊ လူကြီးတွေမှာပါ စိတ်ဒဏ်ရာတွေ ရှိနေကြတယ်။ ဒီစိတ်ဒဏ်ရာတွေအတွက် အသိအမှတ်ပြုမှုတွေ၊ နားလည်မှုတွေ၊ ပံ့ပိုးမှုတွေ လိုတယ်။"
"နှင်းအိမ်ရဲ့ စိတ်ကျန်းမာရေး ဆောင်းပါးတွေကြောင့် ကျွန်မတို့တော်တော်များများ ခံစားနေရပေမယ့် အမည်မတပ်နိုင်တဲ့အရာတစ်ခုကို နားလည်သွားတယ်" လို့ အသက် ၁၈ နှစ်အရွယ် ရန်ကုန်မြို့မှ U-Reporter တစ်ဦးဖြစ်သူ သန့်က ပြောပြပါတယ်။ "သူ့စာတွေကြောင့် ကျွန်မတစ်ယောက်တည်း ဒီလိုဖြစ်နေတာမဟုတ်ဘူးဆိုတာ နားလည်ခဲ့သလို ကျွန်မရဲ့ အခက်အခဲတွေအကြောင်း ဖွင့်ပြောဖို့လည်း အားတွေရခဲ့ပါတယ်။"
ငလျင်လှုပ်ပြီး နှစ်လအကြာမှာတောင် နှင်းအိမ်တို့နေထိုင်ရာ ပတ်ဝန်းကျင်ဟာ ကပ်ဘေးဇုံတစ်ခုလို ဖြစ်နေတုန်းပါပဲ။ နောက်ဆက်တွဲငလျင်တွေက လှုပ်နေဆဲဖြစ်တဲ့အတွက် ငလျင်အန္တရာယ်က ရှိနေတုန်းပါပဲ။ ဒါကြောင့် မိသားစုအတော်များများက ပျက်စီးနေတဲ့အိမ်တွေဆီ မပြန်ရဲဘဲ အပြင်မှာပဲ အိပ်စက်နေကြရပါတယ်။ "ရေနဲ့ မီးမရသေးတဲ့ မိသားစုတွေလည်းရှိတယ်" လို့ ပြောပြပါတယ်။ "အဲဒီမိသားစုတွေက ဝင်ငွေမရှိကြတော့ အိမ်နီးချင်းတွေကိုပဲ အားကိုးနေကြရတယ်။ အဲဒီတော့ အားလုံးအတွက် အားတင်းပြီးရင်ဆိုင်ဖို့၊ ပြန်ထူထောင်နိုင်ဖို့အတွက် ပိုပိုခက်ခဲနေကြတယ်။"
မရေရာမှုတွေက လူတိုင်းအပေါ်ကို ဖိစီးနေပါတယ်။ "ကျွန်မတို့ဒေသတဝိုက်မှာက နောက်ဆက်တွဲငလျင်တွေက မကြာမကြာလှုပ်နေတုန်းဆိုတော့ ကြောက်ပြီး ညဘက်တွေဆို အိပ်မပျော်ဘူး" လို့ နှင်းအိမ်က ပြောပြပါတယ်။ "ဒီငလျင်တွေက ဘယ်တော့ရပ်မှာလဲ၊ ဘယ်တော့မှ လုံခြုံတယ်လို့ ပြန်ပြီးခံစားရမှာလဲ။ ကလေးတွေလည်း ဘယ်တော့မှ ကြောက်စိတ်မရှိဘဲ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မလဲ၊” လို့ နှင်းအိမ် တစ်ယောက် အမြဲမေးခွန်းထုတ်နေမိပါတယ်။
ဒါပေမဲ့ ဒီအိပ်မရတဲ့အချိန်တွေထဲမှာပဲ မျှော်လင့်ချက်တွေလည်း ရှိနေပါသေးတယ်။ လက်ဗလာနဲ့မြေကြီးတွေကို တူးရင်း ကလေးတွေကို ကယ်ဖို့ကြိုးစားနေတဲ့ စေတနာ့ဝန်ထမ်းတွေ၊ ဘာမှစားစရာမရှိတဲ့ မိသားစုတွေကို သူတို့ရဲ့ နောက်ဆုံးထမင်းပန်းကန်လေးတစ်လုံးကို မျှပြီးစားနေကြတဲ့ အိမ်နီးချင်းတွေနဲ့ U-Report မှာ သူရေးနေတဲ့ ဆောင်းပါးလေးတွေက သူ့ကို ခွန်အားတွေပေးနေပါတယ်။
သူ့ရဲ့ဆောင်းပါးတွေကတစ်ဆင့် အဘက်ဘက်ကနေ ပံ့ပိုးပေးဖို့လိုအပ်နေတဲ့အကြောင်း သူက ပြောပြပါတယ်။ "ကျွန်မတို့မှာ စိတ်ဒဏ်ရာနဲ့ပတ်သက်ပြီး နားလည်တဲ့ ကျွမ်းကျင်ပညာရှင်တွေ လိုအပ်ပါတယ် ။ ကလေးတွေအတွက် သူတို့ရဲ့ ကြောက်ရွံ့မှုတွေကို ဖော်ပြဖို့ လုံခြုံစိတ်ချရတဲ့ နေရာတွေ လိုအပ်ပါတယ်။ အကူအညီတောင်းတာဟာ အားနည်းချက်မဟုတ်ဘူး၊ ဒါက သတ္တိရှိတာပါလို့ အသိအမှတ်ပြုတဲ့ လူမှုအသိုင်းအဝိုင်းတွေ လိုအပ်ပါတယ်။"
နှင်းအိမ်က သူ့ရဲ့စိတ်ကျန်းမာရေးအတွက် ဘာတွေလုပ်လဲဆိုတာကိုလည်း အခုလိုပြောပြပါတယ် "ကျွန်မရဲ့ ခံစားချက်တွေအကြောင်း တခြား U-Reporter တွေနဲ့ ပြောဖြစ်တယ်။ ကျွန်မစိတ်ထဲမှာ စိုးရိမ်စိတ်တွေ တအားများလာပြီဆိုရင် အသက်ပြင်းပြင်းရှူတဲ့လေ့ကျင့်ခန်းကို လုပ်ဖြစ်တယ်" လို့ မျှဝေပြောပြခဲ့ပါတယ်။ "လူတစ်ယောက် ရှင်သန်ဖို့ဆိုတာ စားစရာ၊ နေစရာရရုံနဲ့ မပြီးဘူး၊ ကျွန်မတို့ရဲ့ စိတ်တွေ၊ နှလုံးသားတွေကိုလည်း ကုစားဖို့လိုတယ်လို့ ကျွန်မကိုယ် ကျွန်မ သတိပေးဖြစ်တယ်။"
စိတ်ဒဏ်ရာခံစားနေရတဲ့ တခြားလူငယ်တွေကို နှင်းအိမ်က သူကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေကနေ အားပေးလိုက်ပါသေးတယ်။ “အားလုံးက အခုချိန်မှာ ခံစားချက်တွေအများကြီးရှိနေမှာပါ။ ကြောက်တာဟာလည်း လက်တွေ့ကျတယ်၊ ပြီးတော့ ဒီလိုခံစားနေရတာ တစ်ယောက်တည်းမဟုတ်ပါဘူး။ ငလျင်ပဲဖြစ်ဖြစ်၊ ရေဘေးပဲဖြစ်ဖြစ်၊ ဘယ်လို အခက်အခဲပဲကြုံကြုံ လိုအပ်လာရင် အကူအညီတောင်းတာဟာ ရှက်စရာမဟုတ်ပါဘူး။ ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ယောက်နဲ့ စကားပြောပါ။ ကိုယ့်အကြောင်းကို မျှဝေပြောပြပါ။ တခြားသူတွေကိုလည်း သူတို့အကြောင်းတွေ မျှဝေနိုင်အောင် ကူညီပေးပါ။"
မြန်မာနိုင်ငံကို ဆက်လက်ဂရုတစိုက် စောင့်ကြည့်ကူညီပေးဖို့ အရေးကြီးတဲ့အကြောင်း သူမက အလေးပေး ပြောကြားခဲ့ပါတယ်။ "နှစ်လဆိုတာ အကြာကြီးလို့ထင်ရပါတယ်၊ ဒါပေမဲ့ ငလျင်ဘေးက လွတ်မြောက်လာသူတွေအတွက် ပြန်လည်ထူထောင်ရေးက တစ်ပတ်နှစ်ပတ်မဟုတ်ဘဲ နှစ်နဲ့ချီပြီး လုပ်ဆောင်ရမှာပါ။ ကျွန်မတို့ ရေရှည်ပံ့ပိုးမှုတွေလိုအပ်နေပါတယ်။ အိုးအိမ်တွေပဲ ပြန်လည်တည်ဆောက်ရမှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ဘဝတွေ၊ အိပ်မက်တွေနဲ့ ကလေးတွေအတွက် ညဘက်မှာ ငြိမ်းငြိမ်းချမ်းချမ်းအိပ်နိုင်ဖို့ ဘေးကင်းလုံခြုံမှုရှိတယ်ဆိုတဲ့အသိစိတ်တွေကိုလည်း ပြန်ပြီးတည်ဆောက်ကြရမှာပါ။"
သူမပြောလိုက်တဲ့ စကားလုံးတွေမှာ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ မျှော်လင့်ချက်နှစ်ခုစလုံးကို တွေ့ရပါတယ်။ "ကျွန်မတို့မှာ အခက်အခဲတွေ ရှိနေတုန်းပါပဲ။ ဒါပေမယ့်လည်း ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေမပျောက်သွားပါဘူး။ ကျွန်မတို့ရဲ့ ဒဏ်ရာတွေကို တဖြည်းဖြည်းချင်းနဲ့ ကုစားနေပါတယ်။"
နှင်းအိမ်တို့လို ငလျင်ဘေးသင့်ပြည်သူတွေဟာ သူတို့ရဲ့ ပြန်လည်ထူထောင်ရေး ခရီးရှည်ကြီးကို ရှေ့ဆက်သွားနေချိန်မှာ မြန်မာနိုင်ငံဟာ နောက်ထပ်နောက်ထပ်သော စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုအဖြစ်အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ မုတ်သုံရာသီဟာ တဖြည်းဖြည်း ဝင်ရောက်လာနေပါတယ်။ မုတ်သုံဝင်လာတာနဲ့အမျှ ငလျင်ဘေးသင့်ဒေသတွေက ပျက်စီးနေတဲ့အိမ်တွေ၊ ယာယီအဆောက်အအုံတွေမှာ နေထိုင်နေကြဆဲဖြစ်တဲ့ မိသားစုတွေအတွက် ပိုပြီးစိုးရိမ်စရာတွေရှိလာနေပါတယ်။ ရှည်ကြာနေတဲ့ ပဋိပက္ခများအပြင် ဆိုင်ကလုန်းမုန်တိုင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုနဲ့ ငလျင်တွေအပါအဝင် သဘာဝကပ်ဘေးအဖြစ်များတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုတွေဟာ စိတ်ဒဏ်ရာများစွာနဲ့ ရုန်းကန်နေကြရပြီးဖြစ်သလို ပြန်လည်ထူထောင်ဖို့အတွက်လည်း အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ပြည်သူတစ်သန်းကျော် ရေဘေးကြုံတွေ့ခဲ့ရပြီး ပြီးခဲ့တဲ့ အရေးပေါ်အခြေအနေတွေကနေ ပြန်လည်ထူထောင်နေရဆဲအချိန်မှာ အသစ်အသစ်သော ကပ်ဘေးတွေက ဘယ်လောက်မြန်မြန် ဒုက္ခရောက်စေနိုင်သလဲဆိုတာ ပြသလိုက်တာပဲဖြစ်ပါတယ်။
ယူနီဆက်မြန်မာက ရပ်ရွာအသိုင်းအဝိုင်းတွေ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပြီး မြန်မာပြည်သူများ အခက်အခဲအမျိုးမျိုး ရင်ဆိုင်နေကြချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးနဲ့ အာဟာရဝန်ဆောင်မှုတွေ၊ ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး ဝန်ဆောင်မှုတွေ၊ စိတ်ကျန်းမာရေးနဲ့ အရေးပေါ်အခြေအနေ ကြိုတင်ပြင်ဆင်မှုတွေအတွက် ပံ့ပိုးပေးလျက်ရှိပါတယ်။
*ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။