၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်းကို ၇.၇ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်သွားချိန်တွင် ၇၆ နှစ်အရွယ် ဒေါ်ခင်ရီသည် သမီးဖြစ်သူနှင့်အတူ အိမ်ထဲတွင်ရှိနေခဲ့သည်။ စက္ကန့်ပိုင်းအတွင်းပင် သူမသည် အုတ်ပုံအောက်သို့ မြုပ်ပျောက်သွားခဲ့ရပြီး လှုပ်ရှားမရဖြစ်ခဲ့ရသည်။
ဒေါ်ခင်ရီသည် အုတ်ခဲများ 'မိုးရွာသကဲ့သို့' သူ့အပေါ်ကျလာပုံကို အမှတ်ရနေသည်။ "သမီး မင်းတစ်ယောက်တည်းနဲ့ မတတ်နိုင်ဘူး၊ အကူအညီလိုတယ်"လို့ ကယ်တင်ရန်ကြိုးစားနေသောသူမ၏သမီးကိုပြောခဲ့ပါသည် "ကျွန်မအပေါ်မှာ ကျောက်တုံးကြီးတစ်တုံးရှိနေတယ်၊ ဒီကျောက်တုံးမကျပါစေနဲ့လို့ ဆုတောင်းခဲ့တယ်"
အိမ်နီးချင်းများက ဒေါ်ခင်ရီကို စိတ်တည်ငြိမ်အောင်ထားဖို့ အားပေးစကားပြောကာ လူများကို အကူအညီထပ်တောင်းခဲ့ကြသည်။ လူလေးယောက်သည် သူမကိုဆွဲထုတ်ရန် နာရီဝက်ကြာခဲ့သည်။ သူမ၏မျက်နှာ၊ လက်နှင့်ခြေထောက်များမှာ ယောင်ကိုင်းနေပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း သူမ၏အဝတ်အထည်များပါ စုတ်ပြဲသွားခဲ့သည်။
“မြေကြီးက ကျွန်မတို့ကို လုံးဝမျိုချလိုက်သလိုပဲ' ခံစားခဲ့ရတယ်။"
ဒေါ်ခင်ရီ သည် အုတ်ပုံအောက်မှ ရုန်းထွက်လာချိန်တွင် သူမ၏အိမ်နှင့် အဖိုးတန်ပစ္စည်းအားလုံး ဆုံးရှုံးရပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဤအဖြစ်အရပ်သည် မြန်မာနိုင်ငံတဝှမ်းမှ လူပေါင်းသိန်းချီ၏ ကြုံတွေ့နေရသော အခြေအနေဖြစ်သည်။
|
ခေါင်းစဉ်-ဒေါ်ခင်ရီသည် ပြိုလဲပျက်စီးနေသော သူမ၏အိမ်ဟောင်းဘေးမှ ရပ်ကာ လက်ညှိုးထိုးပြလျက်၊ ထိုအပိုင်းအစများကို တစ်နေ့ပြီးတစ်နေ့ ဖြည်းဖြည်းချင်း ရှင်းလင်းနေရဆဲဖြစ်သည်။
ဓာတ်ပုံ - © IOM/Nang Seng Nang
|
|
ခေါင်းစဉ်-သူမ ရွာရှိ နေအိမ်အများအပြားမှာ ပြိုကျပျက်စီးသွားခဲ့သည်။
ဓာတ်ပုံ - © IOM/Nang Seng Nang
|
မြန်မာ့သမိုင်းတွင် ဒုတိယအသေအပျောက်အများဆုံး ငလျင်အဖြစ် လူ ၃,၈၀၀ ကျော်သေဆုံး၊ ၅,၀၀၀ ကျော်ဒဏ်ရာရရှိပြီး ရာနှင့်ချီသောသူများ ပျောက်ဆုံးနေဆဲဖြစ်သည်။ လူဦးရေ ၁၇ သန်းခန့် ထိခိုက်ခဲ့ရပြီး ၎င်းတို့အနက် ၂ သန်းမှာ အရေးပေါ်အကူအညီလိုအပ်နေသည်။ ငလျင်မတိုင်မီကတည်းက မြန်မာနိုင်ငံတွင် လူဦးရေ ၂၀ သန်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ လိုအပ်နေခဲ့ပြီးဖြစ်သည်။
ဒေါ်ခင်သည် ယခုအခါ သူမ၏ယခင်အိမ်တည်ရှိရာအရှေ့တွင် ယာယီမိုးကာြဖင့် မိသားစုနှင့်အတူခိုလှုံနေထိုင်နေပါသည်။ အခြေခံလိုအပ်ချက်များ ကန့်သတ်ချက်ရှိသည့် ခက်ခဲကြမ်းတမ်းသော နေထိုင်မှုအခြေအနေများဖြင့် ရင်ဆိုင်နေရပြီး မုတ်သုံမိုးရာသီသည် ဘဝကို ပို၍ပင်ခက်ခဲစေမည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးရှိ အခြားသူများကဲ့သို့ပင် ဒေါ်ခင်သည်လည်း မိသားစုဝင်များဆုံးရှုံးမှုကို ဝမ်းနည်းပူဆွေးနေရသည်။ "နောက်ဆက်တွဲငလျင်အတွင်း ငလျင်ဘေးဒဏ်သင့်သူများကို ကူညီရန် ကြိုးစားနေစဉ် ကျွန်မရဲ့ဆယ်ကျော်သက်မြေးလေးနှစ်ဦး အသက်ဆုံးရှုံသွားခဲ့ပါတယ်။ သူတို့ ဘယ်တော့မှ ပြန်မလာတော့ပါဘူး" ဟု ယူကြုံးမရမျက်ရည်ကျရင်းကပြောပြခဲ့ပါသည်။
ကျန်းမာရေးဝန်ဆောင်မှုအဆောက်အအုံများ ပျက်စီးသွားခြင်းကြောင့်၊ သူမသည် ကနဦးတွင် ရရှိသမျှသောဆေးဝါးများဖြင့်သာ ဒဏ်ရာများကို ကုသခဲ့ရသည်။ ရွာရှိဘုန်းကြီးကျောင်းတွင် ရွေ့လျားဆေးခန်းလုပ်ငန်းစတင်သည့်အချိန်အထိ ထိုသို့ပြုလုပ်ခဲ့ရသည်။
ငလျင်ဖြစ်ပွားပြီး ရက်ပိုင်းအတွင်း IOM မှ အခမဲ့ရွေ့လျားဆေးခန်းတွေဟာ ငလျင်ဘေးဒဏ်သင့်တဲ့ လူတွေကိုအရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ ဆရာဝန်များ၊ သူနာပြုများ၊ သားဖွားဆရာမများနှင့် ကျန်းမာရေးပညာပေးအဖွဲ့များသည် ရုပ်ပိုင်းဆိုင်ရာရောဂါများကိုသာမက အရေးပါသော စိတ်ကျန်းမာရေးနှင့် စိတ်လူမှုရေးအထောက်အပံ့များကို ပံ့ပိုးပေးနေသည်။
ကျွန်မရဲ့ဒဏ်ရာတွေအတွက် လုံလောက်တဲ့ဆေးဝါးတွေရခဲ့တယ်" လို့ သူမကပြောပါတယ်။ "စိတ်ဖိစီးမှုတွေကြောင့် အခုထိအိပ်မပျော်သေးပေမယ့် ဆေးတွေကြောင့် သက်သာစေတယ်
|
|
|
|
| ဒေါ်ခင်နှင့် အခြားသူများသည် ငလျင်ဒဏ်ကြောင့် ပိုမိုဆိုးရွားလာသည့် ကျန်းမာရေးအခြေအနေများအတွက် လှည့်လည်ကုသပေးနေသော ဆေးအဖွဲ့များထံမှ ပြုစုစောင့်ရှောက်မှုများ ရယူနေကြရသည်။ Photo: IOM/Nang Seng Noung |
IOM ၏ ရွေ့လျားဆေးခန်းများသည် လူနာ ၃,၇၀၀ ကျော်အား အခြေခံဆေးကုသမှုများ ပေးအပ်ခဲ့ပြီးဖြစ်သည်။ IOM သည် အသက်ကယ်ပစ္စည်း ၉၀ တန် (ပစ္စည်း ၇၀,၀၀၀ ကျော်) တွေကို လေယာဉ်နဲ့သယ်ဆောင်ပေးခဲ့ပြီး လူ ၇,၃၀၀ ကျော်ကို ငွေကြေးအကူညီတွေ ထောက်ပံ့ပေးအပ်ခဲ့သည်။
နေရာတော်တော်များများတွင် ဒေသခံအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ အားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုအားကောင်းစေပါခဲ့သည်။ ၎င်းတို့၏ ခံနိုင်ရည်စွမ်းအားနှင့် စည်းလုံးညီညွတ်မှုတို့ကြောင့် ဒေသခံအသိုင်းအဝိုင်းများသည် အခက်အခဲများကို လျင်မြန်စွာနှင့် ထိရောက်စွာ တုံ့ပြန်နိုင်ကြသည်။
၇၈ နှစ်အရွယ် ဦးကျော်ဝင်းဟာ ဤကဲ့သို့သော ခွန်အားနှင့် ခံနိုင်ရည်ရှိမှု၏ အကောင်းဆုံးနမူနာတစ်ခုဖြစ်သည်။ ဦးကျော်ဝင်းဟာ ငလျင်ဘေးနှင့်မီးဘေးကိုတခါထဲကြုံတွေ့ရသူတဦးဖြစ်သည်။ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကြောက်မက်ဖွယ်အတွေ့အကြုံတွေကြားကနေတောင် မိသားစုအတွက်ရော၊ ကျေးရွာသားတွေအတွက်ပါ သူတတ်နိုင်သမျှ ကူညီနေတဲ့သူဖြစ်ပါသည်။
"အချိန်မရှိတော့ဘူး။ အသက်လွတ်အောင်ပြေးခဲ့ရတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ ကျွန်တော့်ဆီမှာရှိတဲ့အရာအားလုံး မီးတွေထဲရောက်ကုန်တယ်' လို့ နောက်ဆက်တွဲငလျင်အတွင်း သူ့အိမ်မီးလောင်ကျွမ်းခဲ့တဲ့အဖြစ်ကို ပြန်လည်ပြောပြခဲ့ပါသည်။
ထိုအချိန်မှစ၍ ဦးကျော်ဝင်းနှင့်မိသားစုသည် ရွေ့လျားဆေးခန်းလုပ်ငန်းစဉ်များ လုပ်ဆောင်နေသော ဘုန်းကြီးကျောင်းတွင် နေထိုင်လျက်ရှိသည်။ သူတို့သည် အစားအသောက်၊ ရေနှင့် အဝတ်အစားများအတွက် လှူဒါန်းမှုများကို အားထားနေရသည်။ “ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ရဲ့ကျေးရွာသားတွေကို၊ ငလျင်စဖြစ်ကတည်းက သူတို့မှာရှိတာတွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေခဲ့ကြတယ်' ဟု ဆိုပါသည်။
ဦးကျော်ဝင်း၏အသက်အရွယ်သည် ဆေးခန်းတွင် ကူညီရန် အဟန့်အတားမဖြစ်စေပါ။ 'ကျွန်တော်လည်း ကူညီနိုင်တယ်၊ ထိုင်စရာခုံတွေ၊ စားပွဲတွေ ချပေးတယ် သေးသေးမွှားမွှားအကူအညီတွေပေါ့' ဟု သူပြောပြသည်။
ခေါင်းစဉ်-ဦးကျော်သည် မိသားစုရာပေါင်းများစွာ ခိုလှုံနေရသည့် ဘုန်းကြီးကျောင်းတွင် တစ်နေ့လုံးနီးပါး အခြားသူများအား မပြတ်ကူညီလျက်ရှိသည်။
ဓာတ်ပုံ - © IOM/Nang Seng Noung
ငလျင်ဖြစ်ပွားပြီး လွန်ခဲ့သော နှစ်လတာကာလကြာမြင့်သော်လည်း၊ အရာအားလုံးဆုံးရှုံးခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေးလမ်းကြောင်းမှာ ရှည်လျားပြီး ခရီးပန်းဝေးနေဆဲဖြစ်သည်။
"လက်တွေ့အခြေအနေမှာ လိုအပ်ချက်တွေက အလွန်ကြီးမားနေဆဲပါ အမိုးအကာ၊ အစားအစာ၊ ရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သန့်ရှင်းရေးစနစ်တွေအထိ အားလုံးလိုအပ်နေပါတယ်" ဟု IOM’s Chief of Mission က ပြောသည်။ “လိုအပ်တဲ့အကူအညီထောက်ပံ့မှုတွေရမှသာ အမြန်ဆုံးနဲ့ အားလုံးပါဝင်နိုင်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ဆောင်နိုင်မှာပါ။ အခုအချိန်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ အရေးကြီးဆုံးအချိန်ပါပဲ။”
ဒေါ်ခင်နှင့် ဦးကျော်တို့သည် အခြားသူများကဲ့သို့ပင် တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ဆက်နေကြသည်။ သူတို့ပတ်ဝန်းကျင်ရှိ ပျက်စီးမှုများကို မြင်တွေ့ရသည့်အခါ စိတ်ဓာတ်ကျမိသော်လည်း၊ သူတို့ထက်ပို၍ ခက်ခဲနေသူများအား စိုးရိမ်သောကြောင့် အကူအညီတောင်းရန် ဝန်လေးနေကြဆဲဖြစ်သည်။
"ကျွန်မအနေနဲ့ လှူဒါန်းမှုတိုင်းကို ကျေးဇူးတင်မိပါတယ်၊ ကြီးကြီးမားမားဖြစ်စေ၊ သေးသေးလေးဖြစ်စေ။ အကယ်၍ အိမ်များပြန်လည်တည်ဆောက်ရန် အထောက်အပံ့ရမည်ဆိုလျှင် ကျွန်မအတွက်သာမက ထိခိုက်ခံစားရသူအားလုံးအတွက် ကျေးဇူးတင်မိပါမယ်" ဟု ဒေါ်ခင်က ပြောသည်။ "ငလျင်ကြောင့် လူများစွာ ထိခိုက်ခဲ့ရတာမို့ ကျွန်မအနေနဲ့ တစ်စုံတစ်ခုတောင်းဆိုဖို့ မသက်မသာဖြစ်မိပါတယ်။"
ဒေါ်ခင်သည် ခံစားနေရသော ဝမ်းနည်းမှုနှင့် ဒုက္ခများကြားတွင် မျှော်လင့်ချက်ကို ခိုင်မာစွာ ထိန်းသိမ်းထားသည်။ အခုအချိန်မှာ သူမရဲ့ဆန္ဒကတော့ ရိုးရိုးလေးပါ။ “ဖျင်အိမ်ကလေးတစ်လုံး ပြန်ဆောက်နိုင်ရင် စိတ်ထဲ အေးချမ်းရပြီ” ဟုဆိုပါသည်။
*ဤဆောင်းပါးကို IOM Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။