“မမြင်နိုင်တဲ့ စိတ်ဒဏ်ရာများကို ကုစားခြင်း” - ငလျင်ဒဏ်သင့်မြန်မာပြည်သူ/သားများအတွက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာအနာတရတို့ကို ပြန်လည်ကုစားရေး နှင့် စိတ်ကျန်းမာရေးအတွက် အထောက်အပံ့များ
WHOသည်ငလျင်သင့်ပြည်သူများနှင့်ကျန်းမာရေးဝန်ထမ်းများအတွက်အရေးပေါ်အခြေအနေနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွင်းစိတ်ကျန်းမာရေးအထောက်အပံ့များကိုတိုးမြှင့်ပေးနေ
"ပဋိပက္ခတွေကနေ ဘဝကိုပြန်လည်တည်ဆောက်ဖို့ စနေတဲ့အချိန်မှာပဲ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်သွားပါတယ်" ဟု မန္တလေးမြို့မှာ ပလတ်စတစ်အမိုးအကာတွေနဲ့နေနေရတဲ့ ကလေးနှစ်ဦး၏ မိခင်မှ ပြောပါတယ်။ "ကျွန်မရဲ့အိမ်နဲ့ အလုပ်အကိုင်ကိုဆုံးရှုံးခဲ့ရပါတယ်၊ ဒီအလုပ်အကိုင်ဟာ ကျွန်မ မိသားစုအတွက်တစ်ခုတည်းသောဝင်ငွေလမ်းကြောင်းပါ။ ဒီအခြေအနေတွေကိုရင်ဆိုင်ဖို့ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ကလေးတွေအတွက် ကျွန်မ သန်မာနေဖို့လိုပါတယ်။"
မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံကိုလှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ဟာ လူပေါင်း (၄,၇၀၀) ကျော်သေဆုံးပြီး (၅,၁၀၀) ကျော်ဒဏ်ရာရရှိခဲ့ကာ ယခင်ကြုံတွေ့နေရတဲ့ ပြဿနာအခြေအနေတွေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ဒီဘေးဒုက္ခဟာ အထူးသဖြင့် စစ်ကိုင်းလို ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ ရှိပြီးသား စိတ်ဒဏ်ရာတွေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ "ဒါဟာ ငလျင်ဘေးတစ်ခုတည်းမဟုတ်ပါဘူး" ဟု ရှေ့တန်းကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ " တစ်ဖန်ပြီးတစ်ဖန် ဖြစ်ပေါ်လာသော ပြဿနာများဖြစ်ပါတယ်။ နာကျင်မှုကလဲ ပိုမိုနက်ရှိုင်းပါတယ်။"
ငလျင်ဒဏ်သင့်ဒေသတွေမှာ စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေဟာ တိုးများလာနေပြီး ဒါတွေကို သတိမထားမိဘဲ ဖြစ်နေတတ်ပါတယ်။ အသက်ရှင်ကျန်ရစ်သူအများအပြားဟာ စိုးရိမ်သောကရောက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းပူဆွေးခြင်းနဲ့ စိတ်ဒဏ်ရာဝေဒနာတွေကို ခံစားနေကြရပါတယ်။
ယာဘီစခန်းတွေမှာ လူတွေဟာ ပူပြင်းတဲ့အပူနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေကြားမှာ နေထိုင်နေရပြီး၊ ကိုယ်ပိုင်လွတ်လပ်မှု၊ သန့်ရှင်းတဲ့ရေနဲ့ ဘေးကင်းလုံခြုံတဲ့သန့်စင်ခန်းတွေလုံလုံလောက်လောက်မရရှိကြပါဘူး။ မိသားစုတွေဟာ ကိုယ်ချစ်ရတဲ့သူတွေကိုဆုံးရှုံးခဲ့ရတဲ့အပြင် နေ့စဉ်မသေချာမရေရာမှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
ကျန်းမာရေးလက်ထောက်တစ်ဦးမှ ပြန်ပြောင်းပြောပြခဲ့တာက "မိသားစုဝင် ၇ ဦးဆုံးရှုံးခဲ့ရတဲ့ အမျိုးသားတစ်ယောက် ကျွန်တော်တို့ဆေးခန်းကိုလာခဲ့ပါတယ်။ သူဒီအတိုင်းပဲ ရပ်ပြီး ငိုနေတယ်။ ကျွန်တော်နားထောင်ပေးခဲ့ပါတယ်။ အခြား ဘာလုပ်ပေးရမှန်းမသိခဲ့ပါဘူး၊ ဒါပေမယ့် ဒီလိုအချိန်မျိုးမှာ နားထောင်ပေးတာဟာ သူတို့အတွက် အဓိက လိုအပ်တဲ့ အရာပါပဲ။ ဒါတွေဟာ ကျွန်တော်တို့နေ့တိုင်းကြုံတွေ့နေရတာတွေပါ။"
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ ငလျင်ဒဏ်သင့်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့ စိတ်ကျန်းမာရေးနဲ့ လူမှုဘဝအထောက်အကူပြုလုပ်ငန်း (MHPSS) တွေကို အရှိန်မြှင့်တင်ဆောင်ရွက်နေပါတယ်။ ရှေ့တန်း ကျန်းမာရေး ဝန်ထမ်း ၄၅၀ ကျော်ကို စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (PFA) သင်တန်းတွေ ပို့ချပေးခဲ့ပြီး ၊ "စိတ်ဖိစီးမှုတွေကြားမှာ အကျိုးရှိတာလုပ်ဆောင်ခြင်း" လိုမျိုး စိတ်ဖိစီးမှုလျှော့ချရေး လက်စွဲတွေကို မြန်မာဘာသာနဲ့ ဖြန့်ဝေပေးခဲ့ပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေး စာရွက်စာတမ်း၊ ပိုစတာ (IEC) တွေကိုလည်း မြန်မာဘာသာနဲ့ ပြုစုဖြန့်ဝေခဲ့ပါတယ်။ WHO ဟာ ငလျင်ကြောင့်ထိခိုက်မှုတွေနောက်ပိုင်း လူမှုအသိုက်အဝန်းရဲ့ ဒဏ်ခံနိုင်မှုနဲ့ပြန်လည်ထူထောင်ရေးတွေကိုမြှင့်တင်ပေးခဲ့ပြီး စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အထင်အမြင် လွဲမှားမှုတွေကိုလျှော့ချပေးခဲ့ပါတယ်။
မြို့ပြဒေသတွေမှာရှိတဲ့ ထိခိုက်ခံရတဲ့လူမှုအသိုက်အဝန်းတွေဟာ စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ အတွက် အင်တာနက်နဲ့မီဒီယာတွေကိုအားထားနိုင်ပေမယ့် သွားလာရန်ခက်ခဲတဲ့ဒေသတွေမှာရှိတဲ့သူတွေအတွက် IEC ပစ္စည်းတွေဟာ အထူးအကျိုးရှိပါလိမ့်မယ်။ ဒါ့အပြင် ဒီပစ္စည်းတွေဟာ ရှေ့တန်းကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ မိမိကိုယ်ကိုစောင့်ရှောက်မှုကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်။ သူတို့တွေဟာ ပင်ပန်းနွမ်းနယ်မှု၊ စာနာမှုနဲ့ သူတစ်ပါးရဲ့ဒဏ်ရာကိုမိမိကိုယ်တိုင်စိတ်ခံစားရမှုတွေကို အထူးခံစားရနိုင်ပါတယ်။
"လူတွေဟာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေသာမက မမြင်နိုင်တဲ့ စိတ်ဒဏ်ရာတွေကိုလည်း ခံစားနေကြရပါတယ်" လို့ WHO မြန်မာနိုင်ငံ ကိုယ်စားလှယ် ဒေါက်တာသူရှာရာ ဖာနန်ဒိုက ပြောပါတယ်။ "ကျွန်ုပ်တို့ဟာ အဲဒီနှစ်ခုလုံးကို ဂရုစိုက်ရပါမယ်။ ဒါကြောင့် စိတ်ကျန်းမာရေးဟာ ကျွန်ုပ်တို့ရဲ့ တုံ့ပြန်ဆောင်ရွက်မှုနဲ့ ပြန်လည်ထူထောင်ရေး မဟာဗျူဟာရဲ့ အဓိကအစိတ်အပိုင်း ဖြစ်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံဟာ မိုးရာသီကိုရင်ဆိုင်ဖို့အသင့်ပြင်နေချိန်မှာ ငလျင်ဒဏ်ဘေး မိသားစုတွေဟာ မသေချာ မရေရာမှုတွေနဲ့ ဆက်လက်ရှင်သန်နေထိုင်နေရပြီး စိတ်ကျန်းမာရေး လိုအပ်ချက်တွေ တိုးလာဖွယ်ရှိပါတယ်။ ဒီလိုအကျပ်အတည်း ကာလမှာ စိတ်ပိုင်းဆိုင်ရာ ကုစားမှုဟာ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုလိုပဲ အရေးကြီးပါတယ်။ WHO အနေနဲ့ ဒီနှစ်ခုလုံးကို ဆောင်ရွက်ပေးဖို့ ကတိပြုထားပါတယ်။
WHO ဟာ အသက်ကယ်ကျန်းမာရေးဝန်ဆောင်မှုတွေကိုဆက်လက်ထောက်ပံ့ဖို့၊ ရောဂါဖြစ်ပွားမှုတွေကိုကာကွယ်ဖို့နဲ့ ပျက်စီးသွားတဲ့ကျန်းမာရေးအခြေခံအဆောက်အအုံတွေကိုပြန်လည်တည်ဆောက်ဖို့အတွက် အရေးပေါ်ရန်ပုံငွေ တောင်းခံထားပါတယ်။ နိုင်ငံတကာအကူအညီအထောက်အပံ့ဟာ အလွန်အရေးကြီးပါတယ်။ ရေရှည်ရန်ပုံငွေ မရှိဘူးဆိုရင် မြန်မာနိုင်ငံဟာ မိုးရာသီကိုရင်ဆိုင်နေချိန်မှာ ဒုတိယကျန်းမာရေးဘေးအန္တရာယ်ကိုကြုံတွေ့နိုင်ပါတယ်။
ငလျင်တွေဟာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပေါ် ကယ်ဆယ်ရေး ထက် ပိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံသားတွေရဲ့ ခံနိုင်ရည်ရှိမှု၊ ပြန်လည်ထူထောင်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ ရေရှည် ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ရပါမယ်။ မြန်မာနိုင်ငံ လူမှုအသိုက်အဝန်းတွေရဲ့ မတုန်မလှုပ် စိတ်ဓာတ် ဟာ ဒီမစ်ရှင်ကိုလမ်းညွှန်ပေးနေပြီး ဆက်လက်ပြီးစည်းလုံးညီညွတ်မှုနဲ့အထောက်အပံ့တွေဟာ အရေးကြီးကြောင်းကို လည်း အသိပေးနေပါတယ်။
WHO မြန်မာနိုင်ငံရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေကိုပိုမိုဖတ်ရှုဖို့ [ဒီနေရာကိုနှိပ်ပါ]။
WHO မြန်မာနိုင်ငံ Facebook စာမျက်နှာမှာ ပိုမိုသိရှိရန်။