မျှော်လင့်ချက်ရောင်ခြည်
ရေနဲ့တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေကို လက်လှမ်းမှီရရှိခြင်းဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကရင်ပြည်နယ်ကနေရပ်ရှောင်မိသားစုတွေအတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်။
"တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတဲ့ ပဋိပက္ခတွေကြား၊ နေရပ်စွန့်ခွာမှုတွေကြားထဲ ဈေးနှုန်းတွေက ကြောက်စရာကောင်းလောက်အောင် ထိုးတက်လာတော့ အခြေခံတစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေဆိုတာ တော်ရုံမတတ်နိုင်တော့တဲ့ ဇိမ်ခံပစ္စည်းတွေ ဖြစ်လာတာ တကယ့်အမှန်တရားပါပဲ" လို့ ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်အေးတင်က ဆိုပါတယ်။ ဒေါ်အေးတင်တို့မိသားစုက ပဋိပက္ခဖြစ်ပွားမှုတွေ မြင့်တက်လာတဲ့အတွက် ကရင်ပြည်နယ်ထဲက တခြားမိသားစုတွေလိုပဲ ကရင်ပြည်နယ် နန်းတော့ကိုးကျေးရွာကနေ မိမိတို့ရဲ့နေအိမ်၊ ရပ်ရွာကိုစွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်လာကြရသူတွေပါ။
အိမ်ကနေ လက်ဗလာခြေဗလာနဲ့ နောင်ခိုင်မြို့နယ်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရချိန်မှာ များပြားလွန်းတဲ့ စစ်ဘေးရှောင်မိသားစုတွေ၊ မလုံလောက်တဲ့ အခြေခံအဆောက်အအုံတွေ၊ ရှာဖွေစားသောက်အတွက် အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ဆင်းရဲဒုက္ခရောက်ကြရသလို အရေးကြီးတဲ့ ရေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကိုလည်း အလုံအလောက်အသုံးမပြုနိုင်ကြပါဘူး။
"ရေရှားတာက ကျွန်မတို့ရဲ့ နေ့စဉ်ဒုက္ခတစ်ခုပါပဲ။ အိမ်သာကလည်း နည်းတဲ့အပြင် အဝေးကြီးသွားရတယ်၊ အန္တရာယ်လည်းများတယ်၊ အထူးသဖြင့် ညဘက်မှောင်မည်းနေချိန်ဆို ကြောက်လည်းတော်တော်ကြောက်တာပေါ့။”
သူတို့ရဲ့ဒုက္ခက ဒီလောက်နဲ့မပြီးသေးပါဘူး။ ဒေါ်အေးတင်ရဲ့ ခင်ပွန်းဖြစ်သူက အိမ်နားမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်းမှာ ရခဲ့တဲ့ဒဏ်ရာတွေက မပျောက်ကင်းသေးတဲ့အတွက် မိသားစုကိုထောက်ပံ့ဖို့ အလုပ်မလုပ်နိုင်သေးတာကြောင့် ကလေးနှစ်ယောက်ရှိနေတဲ့ သူတို့မိသားစုအတွက် ထပ်ဆင့်ပိုခက်ခဲလို့နေပါတယ်။
မိသားစုကို ကျွေးမွေးစောင့်ရှောက်ဖို့ ရုန်းကန်နေရတဲ့ကြားက ညစ်ညမ်းမှုဖြစ်နိုင်တဲ့ သောက်သုံးရေရင်းမြစ်တွေကိုပဲ မှီခိုနေရတာကတစ်ကြောင်း၊ လူဦးရေများပြားလွန်းတာကြောင့် စစ်ဘေးရှောင်နေရာတွေမှာ သန့်ရှင်းရေးအားနည်းလွန်းတာကတစ်ကြောင်း စတဲ့အကြောင်းကြောင်းတွေကြောင့် သားသမီးနှစ်ယောက်ရဲ့ ကိုယ်စိတ်ကျန်းမာရေးအတွက်လည်း မိခင်ဖြစ်သူက အမြဲပူပန်နေရပါတယ်။ စစ်ဘေးရှောင်မိသားစုတွေရဲ့ နဂိုကမှ အားကိုးစရာ ပစ္စည်းအင်အား လူအင်အားနည်းနေရတဲ့ကြားက ကလေးတွေ ရောဂါအမျိုးမျိုးဖြစ်နေတာကိုလည်း အမြဲလိုလိုမြင်နေကြားနေရပါတယ်။
"ကျွန်မကလေးတွေ နေမကောင်းဖြစ်မလားဆိုပြီး အမြဲစိုးရိမ်နေရတယ်" လို့ ဒေါ်အေးတင်က ပူပန်စိတ်နဲ့ပြောပြပါတယ်။ "ဒီမှာက သန့်ရှင်းရေးကလည်း အားနည်းတယ်၊ ရေကလည်း မသန့်တော့ ကလေးတွေအတွက် ရောဂါဖြစ်နိုင်ခြေက အမြဲရှိနေတာလေ။ ကလေးတွေ ရောဂါအမျိုးမျိုးဖြစ်နေတာမြင်ရတာ စိတ်ညစ်စရာကောင်းတယ်။ အရင်တည်းကမှ စစ်ဘေးရှောင်မိသားစုတွေရဲ့ ဒုက္ခတွေက များရတဲ့အထဲ ကလေးတွေ နေမကောင်းတော့ ပိုဆိုးတာပေါ့။"
၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဒေါ်အေးတင်တို့လို စစ်ဘေးရှောင်မိသားစုတွေ ရင်ဆိုင်နေရတဲ့ ခက်ခဲတဲ့အခြေအနေတွေကို သိရှိပြီး တာနေချား၊ ဘောနာထာ၊ ဂျိုးဖြူ၊ လာမူရှီးနဲ့ နောင်ခိုင်မြို့နယ်တွေထဲက အထိခိုက်ဆုံးအိမ်ထောင်စုတွေအတွက် ရည်ရွယ်ပြီး ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) စီမံချတစ်ခုကို စပြီးအကောင်အထည်ဖော်ခဲ့ပါတယ်။
ဒီအစီအစဉ်က စစ်ဘေးရှောင်မိသားစုတွေကို အရေးကြီးတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေ ဝေပေးတယ်၊ တစ်ကိုယ်ရေသန့်ရှင်းရေး လှုပ်ရှားမှုတွေ လုပ်တယ်၊ အရေးကြီးတဲ့ ရေစစ်စက်တွေ တပ်ပေးတာတွေကြောင့် စစ်ဘေးရှောင်မိသားစုတွေအတွက် မျှော်လင့်ချက်လေးတစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်တွေက စစ်ဘေးရှောင်ပြည်သူတွေကြားက လတ်တလော ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး လိုအပ်ချက်တွေကို ဖြေရှင်းနိုင်အောင် ကူညီပေးတဲ့အပြင် ရေရှည် ကျန်းမာရေးအတွက် ဗဟုသုတနဲ့ အထောက်အကူတွေရရှိစေပြီး အခက်အခဲတွေကျော်လွှားနိုင်အောင် ကူညီပေးရာရောက်ပါတယ်။
"ဒီပံ့ပိုးမှုတွေက ကျွန်မတို့မိသားစုအတွက်ရော၊ တခြားအနီးပတ်ဝန်းကျင်က စစ်ဘေးရှောင်ပြည်သူတွေအတွက်ပါ သိပ်အရေးပါပါတယ်"လို့ ဒီစီမံချက်က ပေးတဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဝေမျှပေးခဲ့ပါတယ်။"မရှိမဖြစ်လိုတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေရယ်၊ ပညာသင်ယူနိုင်ဖို့ အခွင့်အလမ်းတွေရယ်ရလာတဲ့အပြင် ရေကိုလည်း ကိုယ်သုံးချင်တဲ့အချိန် အဆင်သင့်သုံးနိုင်လာတာတွေက ဒုက္ခတွေကြားက ဂုဏ်သိက္ခာနဲ့ လုံခြုံမှုကို ပြန်ရလိုက်သလိုပဲ ခံစားရပါတယ်။ ဒါဟာ မရှိမဖြစ်လိုအပ်နေတဲ့အရာတွေကို အသုံးပြုနိုင်ရုံ သက်သက်မဟုတ်ဘဲ ကျွန်မတို့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့အတွက် မျှော်လင့်ချက်တစ်စွန်းတစ်စပြန်ရလိုက်သလိုပါပဲ။
ယူနီဆက်က ပံ့ပိုးပေးတဲ့ ဒီစီမံကိန်းက ကျားမသီးသန့် အိမ်သာတွေတည်ဆောက်ဖို့၊ အမှိုက်စွန့်ပစ်စနစ် စနစ်တကျဖြစ်စေဖို့၊ ပတ်ဝန်းကျင်သန့်ရှင်းရေး စံနှုန်းတွေကို မြှင့်တင်ဖို့၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ တစ်ကိုယ်ရေလုံခြုံရေးကို မြှင့်တင်ဖို့ များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေး ပညာပေးဆွေးနွေးပွဲတွေက ရပ်ရွာလူထုကို လက်ဆေးနည်းတွေ၊ ဓမ္မတာလာချိန် တစ်ကိုယ်ရေသန့်ရှင်းရေး ထိန်းသိမ်းပုံလို အရေးကြီးတဲ့ ကျွမ်းကျင်မှုတွေအပါအဝင် မှန်ကန်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်တွေနဲ့ပတ်သက်တဲ့ အဖိုးမဖြစ်နိုင်တဲ့ ဗဟုသုတွေတွေကို ရရှိစေပါတယ်။
"ဒီစီမံကိန်းက ကျွန်မတို့လူထုကို တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်တွေနဲ့ပတ်သက်တဲ့ တန်ဖိုးရှိတဲ့ဗဟုသုတွေပေးတဲ့အပြင် ပိုပြီးကောင်းမွန်လာတဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးတွေကြောင့် တကယ့်ကို ပြောင်းလဲပစ်လိုက်သလိုပါပဲ။ ကျွန်မတို့သိပ်ကို ကျေးဇူးတင်ပါတယ်။ အခုဆို ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ သန့်ရှင်းရေးစံချိန်စံညွှန်းတွေ မြင့်လာရုံတင်မကဘဲ ကျွန်မတို့ကလေးတွေ နေမကောင်းဖြစ်တာ လျော့သွားပြီး ကျန်းကျန်းမာမာဖြစ်လာတာကို မျက်ဝါးထင်ထင်မြင်ရပြီ" လို့ ဒေါ်အေးတင်က ဆိုပါတယ်။
ကျေးဇူးတင်စကားပြောရင်း ဒေါ်အေးတင်က "စစ်ဘေးရှောင်နေရတဲ့သူတွေအနေနဲ့ မရေရာမှုတွေကြောင့် ဘဝက ခက်ခဲကြမ်းတမ်းနေတုန်းပဲဆိုပေမယ့် အခုဆိုရင် သန့်ရှင်းတဲ့သောက်ရေလည်း ရပြီ၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အထောက်အကူတွေလည်း ပိုရလာပြီဆိုတာ သိရတော့ အကောင်းမြင်စိတ်နဲ့ ရှေ့ကိုဆက်ပြီးမျှော်လင့်နိုင်လာတယ်။ ဒါက ကျွန်မတို့ကို ပိုကောင်းတဲ့မနက်ဖြန်တွေ ရလာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပေးလိုက်သလိုပါပဲ။"
ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတဲ့အတွက် နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေ ပိုမိုများပြားတာနဲ့အမျှ ယူနီဆက်က စစ်ဘေးရှောင်ပြည်သူတွေနဲ့ ရောက်ရှိဖို့ခဲယဉ်းတဲ့ဒေသက အားနည်းထိခိုက်လွယ်တဲ့ မိသားစုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေကို ချက်ချင်းပေးနိုင်ဖို့အတွက် မြေပြင်က နိုင်ငံအဆင့် အဖွဲ့အစည်း တွေနဲ့ ပိုပြီးခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။
*ဤဆောင်းပါးကို UNICEF မြန်မာ ဝက်ဘ်ဆိုဒ် တွင် မူရင်းရေးသားထုတ်ဝေခဲ့ပါသည်။