ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းလုပ်သားများ ရင်ဆိုင်ကြုံတွေ့နေသည့် ဘဝနှင့် စိန်ခေါ်မှုများကို လေ့လာထားသော UNDP ၏ အစီရင်ခံစာအသစ်
မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့အထောက်အထားမဲ့ရွေ့ပြောင်းလုပ်ကိုင်သူများသည်အကျိုးခံစားခွင့်များနှင့်ဝန်ဆောင်မှုများတန်းတူမရရှိခြင်းတို့ကိုရင်ဆိုင်ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ စာရွက်စာတမ်းအထောက်အထားမရှိဘဲ ရွေ့ပြောင်းအလုပ်လုပ်ကိုင်သူများသည် ညံ့ဖျင်းသော လုပ်ငန်းခွင် အကျိုးခံစားခွင့်အခြေအနေများကို ကြုံတွေ့ရခြင်း၊ ဝန်ဆောင်မှုများကိုလည်း အများပြည်သူနှင့် တန်းတူမရရှိဘဲ လက်လှမ်းမမီနိုင်ဖြစ်နေခြင်းနှင့် နေရပ်ပြန်ပို့ခံရခြင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း UNDP ၏ စစ်တမ်းကောက်ယူမှုအသစ်က ဖော်ပြသည်။
သို့သော် ထိုင်းနိုင်ငံ၏ ရွေ့ပြောင်းလုပ်သားလိုအပ်ချက်ကို ဖြည့်ပေးရန်နှင့် နိုင်ငံ၏စီးပွါးရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်နေမှုကို ပံ့ပိုးရာတွင် ၎င်းတို့သည် အရေးကြီးသောကဏ္ဍမှ ပါဝင်နေပါသည်။ ရွေ့ပြောင်းလုပ်သားများ၏ လုပ်ငန်းခွင်ဆိုင်ရာ အကျိုးခံစားခွင့်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း၊ အထောက်အထားမဲ့ ရွေ့ပြောင်းလုပ်သားများအား တရားဝင် အထောက်အထားရှိ လုပ်သားဖြစ်စေရန် လုပ်ဆောင်ရသည့် အဆင့်ဆင့်တို့တွင် ဟန့်တားထားသော အတားအဆီးများကို ဖယ်ရှားခြင်း အစရှိသည့် နည်းလမ်းများကို လုပ်ဆောင်ပေးခြင်းဖြင့် ရွေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးနှင့် အိုးအိမ်စည်းစိမ်များကို ပိုမိုတိုးတက်ကောင်းမွန်စေကာ တစ်ဘက်တွင်လည်း နိုင်ငံ၏ စက်မှုလုပ်ငန်းများကို အထောက်အကူ ဖြစ်စေနိုင်ပါသည်။
ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက်ရှိသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးပဋိပက္ခများ ဖြစ်ပွါးနေပြီး ယိုယွင်းဆိုးရွားလာသော စီးပွားရေးကြောင့် အခြေခံကုန်ပစ္စည်းများ နေ့စဉ်စျေးတက်နေသောအခါ ပြည်သူများမှာ ဝင်ငွေရရှိရန် ရုန်းကန်နေရသည်။ ဤအခြေအနေမျိုးတွင် လူများသည် နယ်စပ်ဖြတ်ကျော်ပြီး ပိုမိုလုံခြုံ ကောင်းမွန်သော ဘဝနေထိုင်မှုနှင့် အလုပ်အကိုင်များကို ရှာဖွေကြမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ခွာရန်တစ်ခုတည်းသာ စိတ်အားထက်သန်နေသော်လည်း ထိုင်းနိုင်ငံတွင်းသို့ တရားဝင်ဝင်ရောက်ရန် ငွေကြေး သို့မဟုတ် လိုအပ်သော အချက်အလက် စာရွက်စာတမ်းမရှိသည့် ရွေ့ပြောင်းလုပ်သားများသည် ခေါင်းပုံဖြတ်ခံရခြင်း၊ လူကုန်ကူးခံရနိုင်ခြင်းနှင့် အလွဲသုံးစားပြုခံရနိုင်မှု အန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်။
"ရေခြားမြေခြား အခွင့်အလမ်းများ ရှာဖွေခြင်း - ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ဘဝနှင့် စိန်ခေါ်မှုများအား လေ့လာခြင်း" အစီရင်ခံစာအတွက် စစ်တမ်းကောက်ယူခဲ့ရာ ရွှေ့ပြောင်းနေထိုင်သူ ၂,၂၄၉ ဦးအနက် ၃၇ ရာခိုင်နှုန်းသည် စာရွက်စာတမ်းနှင့် အထောက်အထားမဲ့ နေထိုင်သူများဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာကာ ပြည်နယ် ၁၃ ခုတွင် နေထိုင်လျှက်ရှိကြောင်း တွေ့ရှိရသည်။
မညီမျှသော လုပ်ငန်းခွင်အခြေအနေများ
စာရွက်စာတမ်းနှင့် အထောက်အထားမဲ့ အမျိုးသမီးများသည် တစ်လလျှင် ၂၂၃ ဒေါ်လာဖြင့်သာ အနိမ့်ဆုံး ပျှမ်းမျှလစာရနေချိန်တွင် စာရွက်စာတမ်းနှင့် အထောက်အထားရှိသော အမျိုးသားများသည် ၃၃၈ ဒေါ်လာ ရရှိခဲ့သည်။ ၎င်းပမာဏသည် ထိုင်းနိုင်ငံတွင် တရားဝင်အနိမ့်ဆုံး လုပ်ခနှုန်းထားထက် ကျော်လွန်နေသော်လည်း စစ်တမ်းဖြေဆိုခဲ့သူ ၁၇ ရာခိုင်နှုန်းက ယင်းထက်နည်းသော လုပ်ခကိုသာရရှိကြောင်း တွေ့ရှိခဲ့သည်။ ယင်းတို့အနက် ထက်ဝက်ကျော်မှာ စာရွက်စာတမ်းနှင့် အထောက်အထားမဲ့ အမျိုးသမီးများဖြစ်သည်။
ထိုင်းဥပဒေအရ တစ်ပတ်လျှင် တစ်ရက်ပိတ်ရက်၊ အချိန်ပိုလုပ်ခနှင့် မီးဖွားခွင့်ကဲ့သို့သော ခံစားခွင့်များ ရှိသော်လည်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ၄၀ ရာခိုင်နှုန်းက ၎င်းတို့သည် ထိုကဲ့သို့ အလုပ်ခံစားခွင့်များ မရရှိခဲ့ဟု ဆိုသည်။ ထိုကဲ့သို့ မရရှိသူများသည် ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေသော ဦးရေ၏ နှစ်ဆ ရှိသည်။
ရွှေ့ပြောင်းလုပ်သားများသည် အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်ရသည့်အခါအများစုသည် အကူအညီ အထောက်အပံ့မရရှိနိုင်ကြပေ။ အထောက်အထားရှိ ရွှေ့ပြောင်းလုပ်သား မျဋး၏ ၉၅ ရာခိုင်နှုန်းနှင့် အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားများ၏ ၉၈ ရာခိုင်နှုန်း အသီးသီးတို့မှ အကူအညီ လုံးဝမရရှိခဲ့ကြောင်း ဖြေဆိုခဲ့သည်။
ပြည်နယ်လုံခြုံရေးကွန်ယက်တွင် မှတ်ပုံတင်ထားသည့် စာရွက်စာတမ်း အထောက်အထားရှိသူများနှင့် မရှိသူများအရေအတွက်မှာလည်း ကွာဟချက်တစ်ခု ရှိပါသည်။ စာရွက်စာတမ်းအထောက်အထားရှိသူများ၏ ၆၂ရာခိုင်နှုန်းသည် လူမှုလုံခြုံရေးတွက်စာရင်းသွင်းထားပြီး ၄၄ရာခိုင်နှုန်းသည် အစိုးရကျန်းမာရေး အာမခံတွင် စာရင်းသွင်းထားကြောင်းတွေ့ရသည်။ သို့ရာတွင် စာရွက်စာတမ်းအထောက်အထားမရှိသူများ၏ ကိန်းဂဏန်းများကမူ ၂ ရာခိုင်နှုန်းနှင့် ၅ရာခိုင်နှုန်း အသီးသီးသာ ရှိနေကြောင်းတွေ့ရသည်။
ပုံမှန်ထက်နည်းသော ပျမ်းမျှလစာဝင်ငွေနှင့် ရပ်တည်နေရသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများသည် ၎င်းတို့ပိုမိုခက်ခဲချိန်များတွင် အကျိုးခံစားခွင့် ရသင့်သည့် ထိခိုက်ဒဏ်ရာရမှု၊ ဖျားနာမှု၊ အလုပ်လက်မဲ့နှင့် ကလေးထောက်ပံ့ကြေး ခံစားခွင့်များကဲ့သို့သော အရေးကြီး လူမှုကာကွယ်စောင့်ရှောက်ရေး ယန္တရားများကို လက်လှမ်းမမီခြင်းများရှိနေသည်။
စိတ်ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို လက်လှမ်းမီခြင်း
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု စတင်ဖြစ်ပြီးကတည်းက ပဋိပက္ခများ၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုများ၊ ဝင်ငွေနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခြင်းတို့ကြောင့် လူအများသည် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို သိသိသာသာ ခံစားနေရသည်။ အခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး ရွှေ့ပြောင်းနေထိုင်ရန် ရွေးချယ်ခဲ့ရသည့် မြန်မာပြည်သူများအဖို့ စိတ်ဖိစီးမှုအတိုင်းအတာသည် မြင့်မားနေပြီးသားဖြစ်ကာ ထိုင်းနိုင်ငံသို့ ရောက်ရှိရန်လည်း စရိတ်ကြီး၍ ခက်ခဲသော ခရီးများကို ကြံ့ကြံ့ခံပြီး ဖြတ်သန်းရပေသည်။ ရောက်ရှိပြန်လျှင်လည်း ဆင်းရဲသော နေရာထိုင်ခင်း အခြေအနေများ၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် အကျိုးခံစားခွင့်နည်းပါးမှုများကို ကြုံနိုင်သည့်အပြင် စာရွက်စာတမ်း အထောက်အထား မရှိသူများအတွက်လည်း နေရပ်သို့ပြန်ပို့ခံရမည်ကို ကြောက်ရွံ့မှု များပြားလာခြင်းကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ကျန်းမာရေး ပြဿနာများကို ပိုမိုဆိုးရွားလာစေနိုင်သည်။
အစီရင်ခံစာအရ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများသည် ၎င်းတို့၏ မရေရာသော နေထိုင်မှုအခြေအနေကြောင့် ခေါင်းပုံဖြတ်ခံရရန် လမ်းဖွင့်ထားသလို ဖြစ်နေပြီး စိုးရိမ်သောကနှင့် အဆက်မပြတ် ကြောင့်ကြမှု မြင့်မားလျှက်ရှိသည်ကို တွေ့ရှိရသည်။ သို့သော်လည်း ၎င်းတို့အဖို့ စိတ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများကို လက်လှမ်းမီရန် ခက်ခဲလှသည်။ ရွှေ့ပြောင်းနေထိုင်သူများသည် ၎င်းတို့၏ စိတ်ကျန်းမာရေးကို ပံ့ပိုးမြှင့်တင်ပေးရန်အတွက် ခိုင်မာသော ရပ်ရွာဆက်ဆံရေးနှင့် လူမှုပံ့ပိုးမှုစနစ်များ ဖန်တီး၍ အချင်းချင်း အားကိုးကြသည်။
အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ အနည်းငယ် (၁၂ ရာခိုင်နှုန်း) သည် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်သူများ၏ ထက်ဝက်ကျော် (၅၄ ရာခိုင်နှုန်း) ကျော်နှင့် နှိုင်းယှဉ်ပါက အစိုးရဆေးရုံများသို့ သွားရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ ဖြေဆိုသူများ၏ ၁၈ ရာခိုင်နှုန်းက ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ဆေးကုသမှု စရိတ်စကကြီးမြင့်ခြင်းသည် အတားအဆီးတစ်ခုဖြစ်နေကြောင်း တင်ပြခဲ့ပြီး၊ ဤပြဿနာကို တတ်နိုင်သော စျေးနှုန်းသင့်တင့်သော ကျန်းမာရေးအာမခံ ထားရှိခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ထိုကဲ့သို့ ကျန်းမာရေးဝန်ဆောင်မှု အစီအစဉ် အချက်အလက်များအကြောင်း လက်လှမ်းမီမှု မရှိနိုင်ခြင်းကလည်း မကြာခဏအသုံးပြုနိုင်မှုမရှိခြင်းကို ဖော်ပြနေသည်။
ရွှေ့ပြောင်းခြင်းဆိုင်ရာ စိန်ခေါ်မှုများ
စာရွက်စာတမ်း အထောက်အထားရှိ ရွှေ့ပြောင်းလုပ်သားများ၏ ပိုမိုကောင်းမွန်သော အတွေ့အကြုံများ ရှိသော်လည်း မှန်ကန်သော စာရွက်စာတမ်းများဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ရန် ပျမ်းမျှအားဖြင့် ဒေါ်လာ ၁၂၄ နှင့်အထက် ကုန်ကျသည်။ ဤပမာဏသည် ဝင်ငွေအကန့်အသတ်ရှိသော မြန်မာနိုင်ငံရှိ လူအများအပြားအတွက် မြင့်မား၍ ရှာဖွေရန်ခက်ခဲသော ပမာဏဖြစ်သည်။ ထို့အပြင် ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံပြောင်းရွေ့ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် ယုံကြည်ရလောက်သည့် သတင်းအချက်အလက် ရရှိနိုင်မှုသည် အလွန်နည်းပါးနေပြီး ရွေ့ပြောင်းလုပ်သား ၉၅ ရာခိုင်နှုန်းမှာ ၎င်းတို့နှင့် ရင်းနှီးသူ မိသားစု၊ မိတ်ဆွေ အဆက်အသွယ်များအပေါ် မှီခိုအားထားကာ တစ်ဆင့် လာရောက်ခြင်းများကြောင့် တရားဝင် ရွေ့ပြောင်းနေထိုင်ခြင်းကို ပိုမိုအားနည်းစေသည်။
မှန်ကန်သော သတင်းအချက်အလက် သို့မဟုတ် ငွေကြေးအလုံအလောက်မရှိခြင်း၊ ၎င်းတို့ကိုယ်တိုင်နှင့် မိသားစုများကို ထောက်ပံ့ရန်အတွက် သင့်တင့်လျောက်ပတ်သော ၀င်ငွေကို ရှာဖွေရခြင်းနှင့် အခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး ရွှေ့ပြောင်းနေထိုင်ရန် ရွေးချယ်ခဲ့ရသည့် လုပ်သားများအတွက်တွင်မူ စာရွက်စာတမ်း အထောက်အထားမရှိဘဲ ရွှေ့ပြောင်းနေထိုင်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ ထို့ကြောင့်လည်း ၎င်းတို့အား အမြတ်ထုတ်ခံရမှုနှင့် ခေါင်းပုံဖြတ်ခံရမှု အခြေအနေများတွင် ပိုမိုဖြစ်ပေါ်နိုင်ချေများသည်။
အဆိုပါ အထောက်အထားမဲ့ ရွှေပြောင်းလုပ်သားများသည် အများအားဖြင့် အသက်ငယ်ရွယ်ကြပြီး လုပ်ခလစာ နည်းပါးနိုင်ခြင်း၊ ထောက်ပံ့မှုကွန်ရက် အားနည်းသော အလုပ်ဝန်းကျင်တွင် လုပ်ကိုင်ရခြင်းနှင့် ပညာရေးနောက်ခံ နိမ့်ပါးခြင်းတို့ကြောင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေနှင့် အလုပ်အကိုင်ရာထူးများဆီသို့ ကူးပြောင်းရာတွင်လည်း အခက်အခဲများ ကြုံတွေ့နိုင်ပါသည်။
UNDP မှ စစ်တမ်းကောက်ယူခဲ့သည့် ရွှေ့ပြောင်းလုပ်သားများအနက် အမျိုးသားများထက် အထောက်အထားမဲ့ အမျိုးသမီးလုပ်သားမှာ ၃၀ ရာခိုင်နှုန်း ပိုများပြီး ၎င်းတို့သည် ရွှေ့ပြောင်းနေထိုင်မှု လုပ်ငန်းစဉ်အတွင်း တစ်ကိုယ်တော် ပြောင်းရွှေ့လာသည့်အခါ သို့မဟုတ် ဖမ်းဆီးခံရခြင်းမှ ရှောင်တိမ်းလာသောအခါများတွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် အလွဲသုံးစားပြုမှု အန္တရာယ်များ ကြုံတွေ့ရနိုင်ခြေ များပြားသည်။
UNDP ဌာနေကိုယ်စားလှယ် Titon Mitra မှပြောကြားခဲ့သည်မှာ "ထိုင်းနိုင်ငံဟာ သူတို့ရဲ့ပြောင်းရွေ့လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် လုပ်ခလစာစျေးမကြီးတဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေအပေါ် ကာလရှည်ကြာ မှီခိုနေရပါတယ်။ လုပ်သားအများစုဟာ မိမိနိုင်ငံမှာ အကန့်အသတ်ဖြင့်သာ ငွေကြေးရှာဖွေနိုင်ပြီး အခြားရွေးချယ်စရာ နည်းလမ်းတွေလည်း အနည်းငယ်ပဲ ရှိတဲ့အခါမှာ သူတို့ကို ခေါင်းပုံဖြတ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရကြပါတယ်။"
"မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ တရားဝင် စာရွက်စာတမ်းရရှိရေးနဲ့ အထောက်အထားရနိုင်ဖို့ ရင်ဆိုင်နေရတဲ့ အတားအဆီးတွေကို ဖျက်သိမ်းပြီး အဲဒီလုပ်ငန်းစဉ်တွေကို ပိုမိုလွယ်ကူအောင် လုပ်ဆောင်ပေးခြင်းဟာ ထိုင်းနိုင်ငံမှာ သူတို့ကို အကာအကွယ်ပေးဖို့အတွက် အရေးကြီးတဲ့ ပထမခြေလှမ်းပဲ ဖြစ်ပါတယ်။ ခေါင်းပုံဖြတ်ခံရခြင်းမှ ကင်းဝေးပြီး လုံခြုံတဲ့ အလုပ်ပတ်ဝန်းကျင်ကို ရွှေ့ပြောင်းလုပ်သားတွေအတွက် ဖန်တီးပေးခြင်းက နှစ်ဦးနှစ်ဘက်စလုံးကို အကျိုးပြုနိုင်ပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။"
"လုပ်ငန်းခွင်တွေကို ပိုမိုကောင်းမွန်စွာ စောင့်ကြည့်လေ့လာခြင်းနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို သူတို့ရဲ့ စုပေါင်းညှိနှိုင်းမှုစွမ်းအားကို တိုးမြှင့်ရန်အတွက် သမဂ္ဂဖွဲ့ခွင့်ပေးပြီး ကိုယ်စားပြုမှုကို ခွင့်ပြုလိုက်ခြင်းတွေဟာလည်း အခြေအနေကို ပိုမိုတိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။"
"ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီဖို့ လိုအပ်ပါတယ်။ စျေးနှုန်းမမြင့်မားဘဲ သင့်တင့်လျှောက်ပတ်တဲ့ နှုန်းထားနဲ့ ကျန်းမာရေးအာမခံ မူဝါဒတွေကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ရန် လိုအပ်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုဝန်ဆောင်မှုတွေဟာ ယဉ်ကျေးမှုထုံစံအရ ညှိနှိုင်းဖို့လိုအပ်ပြီး လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလာသူတွေ ကြုံတွေ့နေရနိုင်တဲ့ စိတ်ဖိစီးမှုတွေ၊ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့လည်း လိုအပ်လှပါတယ်”
စစ်တမ်းတွေ့ရှိချက်များကို အစီရင်ခံစာ အပြည့်အစုံတွင် အသေးစိတ်လေ့လာပြီး မြန်မာ့ ဖွံ့ဖြိုးတိုးတက်မှု စောင့်ကြည့်လေ့လာရေးယူနစ် အကြောင်း ပိုမိုသိရှိရန် ဤတွင်ဖတ်ရှုပါ။ အစီရင်ခံစာ အနှစ်ချုပ်ကိုလည်း မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။
*ဤဆောင်းပါးကို UNDP မြန်မာ ဝက်ဘ်ဆိုဒ် တွင် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် မူရင်းရေးသားထုတ်ဝေခဲ့ပါသည်။