ဒီနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့က ကျွန်တော်တို့တွေကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွေ အောင်မြင်စေရေးအတွက် ဘယ်သူတစ်ဦးတစ်ယောက်မှ မကျန်ခဲ့စေဖို့ဆိုတဲ့ ကတိအတိုင်း လိုက်နာနေထိုင်ဖို့ လိုတယ်၊ အထူးသဖြင့် ကမ္ဘာတစ်ဝန်းမှာ မသန်စွမ်းသူပေါင်း ၁.၃ ဘီလီယံရှိနေတယ်ဆိုတာကို သတိပေးလိုက်တာ ဖြစ်ပါတယ်။
ဒီကနေ့ ၂၀၃၀ ရည်မှန်းချက် ပန်းတိုင် (2030 Agenda) ရဲ့ ခရီးလမ်းတစ်ဝက်ကို ရောက်ရှိလာချိန်မှာ မသန်စွမ်းသူတွေဟာ စနစ်တကျ ခွဲခြားဆက်ဆံမှုနဲ့ လူမှုအဖွဲ့အစည်း နယ်ပယ်အားလုံးမှာ သူတို့ရဲ့ အနှစ်သာရပြည့်ဝတဲ့ ပါဝင်မှုကို ကန့်သတ်တဲ့ အတားအဆီးတွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
မသန်စွမ်းသူတွေအတွက် စစ်မှန်တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဟာ အကျိုးခံစားခွင့်ရှိသူတွေအဖြစ်သာမက လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး ဘဝတလျှောက် တက်ကြွတဲ့ ပံ့ပိုးဆောင်ရွက်သူတွေအဖြစ် သူတို့ရဲ့ အခွင့်အရေးတွေနဲ့ လိုအပ်ချက်တွေအပေါ် အထူးအလေးထားအာရုံစိုက်မှု လိုအပ်ပါတယ်။
ဆိုလိုတာက မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းနဲ့အညီ ဆုံးဖြတ်ချက်ချတဲ့ စားပွဲဝိုင်းတိုင်းနဲ့ နိုင်ငံများအကြား ဆင်းရဲမွဲတေမှု ပပျောက်ရေးကနေ ကျန်းမာရေး၊ ပညာရေးနဲ့ ရာသီဥတုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေအထိပါဝင်တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စေဖို့ ကြိုးပမ်းမှုတွေမှာ မသန်စွမ်းသူတွေ ပါဝင်လာအောင် လုပ်ဆောင်ဖို့ လိုပါတယ်။
ကုလသမဂ္ဂအနေနဲ့ မသန်စွမ်းသူများပါဝင်ရေးမဟာဗျူဟာ (Disability Inclusion Strategy) ကနေတဆင့် စံနမူနာပြ ဦးဆောင်နေတဲ့အပြင် မသန်စွမ်းသူတွေနဲ့၊ မသန်စွမ်းသူတွေအတွက် တိုးတက်မှုကို တွန်းအားပေးတဲ့ အဖွဲ့ဝင်နိုင်ငံတွေကိုလည်း ပံ့ပိုးကူညီပေးနေပါတယ်။
ဒီနေ့လို အရေးပါတဲ့နေ့မှာ နိုင်ငံတိုင်းနဲ့ လူမှုအသိုက်အဝန်းတိုင်းမှာ တန်းတူညီမျှ အခွင့်အရေးတွေအပေါ် အခြေခံတဲ့ နည်းလမ်းတွေ ရေးဆွဲဖို့၊ ဝေမျှဖို့အတွက် မသန်စွမ်းသူတွေနဲ့အတူ လက်တွဲလုပ်ဆောင်ကြဖို့ တစ်ကမ္ဘာလုံးကို ကျွန်တော် တောင်းဆိုပါတယ်။