သတင်းထုတ်ပြန်ချက်

ပဋိပက္ခဘေးဒဏ်ကြုံတွေ့နေရသော ချင်းပြည်နယ် ပလက်ဝမြို့ထံ WFP ၏ အရေးပေါ်အထောက်အပံ့များ ထပ်မံရောက်ရှိ

၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၁ ရက်။

ပလက်ဝ၊ မြန်မာ – ‌‌‌‌ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) သည် ဝေးလံခေါင်းပါး၍ လပေါင်းများစွာ ရိက္ခာနှင့်ကုန်စည်ပုံမှန်စီးဆင်းမှု ပြတ်တောက်နေသော ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ထံသို့ အရေးပေါ် စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များကို ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ စုစုပေါင်း (၁၆၅) မက်ထရစ်တန်ချိန်ရှိသည့် အဆိုပါအထောက်အပံ့များကို စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသည့် ပြည်သူလူထုမိသားစုများအတွက် ယခုရက်သတ္တပတ်တွင် စတင်ဖြန့်ဝေပေးအပ်လျက်ရှိပါသည်။

“လမ်းခရီးအခက်အခဲတွေနဲ့ ‌ဒေသလုံခြုံရေးအခြေအနေမတည်ငြိမ်တဲ့ကြားက ပလက်ဝမြို့ဆီ ကျွန်တော်တို့ အရေးပေါ်အထောက်အပံ့တွေ ထပ်ပြီးပေးပို့နိုင်ခဲ့ပါတယ်။ ချင်းပြည်နယ်အစိုးရအပါအဝင် အဆင့်ဆင့်က တာဝန်ရှိသူတွေရဲ့  ကူညီပံ့ပိုးမှုကျေးဇူးကြောင့်လို့ ဆိုရမှာပါ” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတီဖန်အန်ဒါဆန်က ပြောသည်။ “ပလက်ဝမြို့နယ်အတွင်းမှာရှိနေတဲ့ မိသားစုတွေဟာ စျေးကွက်တွေ၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရတဲ့အခြေအနေကို ဆက်ပြီးရင်ဆိုင်နေကြရတာကြောင့် သူတို့ဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အဆက်မပြတ်ပေးပို့နိုင်ဖို့ တကယ့်ကို အရေးတကြီး လိုအပ်ပါတယ်။”

၂၀၂၀ ခုနှစ် မေလတွင် ပို့ဆောင်နိုင်ခဲ့သည့်အထောက်အပံ့များ၏ နောက်ဆက်တွဲအနေဖြင့် ယခုပို့ဆောင်ခဲ့သည့် အရေးပေါ် အထောက်အပံ့များတွင် ဆန်၊ ပဲ၊ ဆီ၊ ဆား နှင့် ခွန်အားမြှင့်အာဟာရမှုန့်များ ပါဝင်ပြီး လူဦးရေ ၄,၀၀၀ ကျော် အတွက် အချိန်ကာလ (၂) လခန့်ကြာ နေ့စဥ်စားနပ်ရိက္ခာ လုံလောက်စေမည်ဖြစ်ပါသည်။ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအနေဖြင့် အာဟာရဖြည့်စွက်အစားအစာများကိုလည်း ရရှိကြမည်ဖြစ်ပါသည်။

ပြီးခဲ့သည့်လတွင် WFP အနေဖြင့် ပလက်ဝမြို့အနီးရှိ ဆမီးမြို့တွင်နေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်လူထုအတွက် အချိန်ကာလ (၄) လစာ စားနပ်ရိက္ခာများကို ပို့ဆောင်သိုမှီးပေးထားနိုင်ခဲ့ပါသည်။

#                                  #                                  #

နှစ်တိုင်းတွင် နိုင်ငံပေါင်း ၈၀ ကျော်ရှိ လူဦးရေသန်းပေါင်းမြောက်များစွာကို ကူညီထောက်ပံ့နေသည့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် လူသားချင်းစာနာမှုအကူအညီပေးသည့် ဦးဆောင်အဖွဲ့အစည်းဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်း သဘာဝဘေးနှင့် ပဋိပက္ခ အရေးပေါ်အခြေအနေများတွင် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းနှင့် ‌‌ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုကို ဖော်ဆောင်ပေးခြင်းမှတစ်ဆင့် လူ့အသက်ကယ်ဆယ်ရေးနှင့် ပိုမိုကောင်းမွန်သည့် လူမှုဘဝအနာဂတ် ဖန်တီးပေးရေးကို ဆောင်ရွက်နေသည်။

တွစ်တာ @WFP_Media နှင့် @WFPAsiaPacific   ဝဘ်ဆိုက် www.wfp.org/countries/myanmar

Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ
generic profile

ခွမ်းလီ

WFP
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနချုပ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ