မြို့ပြများ အရှိန်အဟုန်ဖြင့် တိုးချဲ့ပေါ်ပေါက်လာနေသော ကျွန်ုပ်တို့၏ ကမ္ဘာကြီးတွင် မြို့ကြီးများသည် ယနေ့ခေတ် အကျပ်အတည်းများ၏ သက်ရောက်မှုကို မကြာခဏဆိုသလို ခံစားနေရသည်။ ပဋိပက္ခများ၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ရာသီဥတု ပြောင်းလဲမှု အရေးပေါ် အခြေအနေတို့ကြောင့် လူဦးရေ ၁၂၃ သန်းသည် နေရပ်မှ စွန့်ခွာပြီး အများစုသည် ဖိစီးမှုများရှိနှင့်ပြီးဖြစ်သည့် မြို့ကြီး၊ မြို့ငယ်များတွင် ဘေးကင်းလုံခြုံရာ ရှာကြရသည်။
လူ ရှစ်ဦးလျှင် တစ်ဦးခန့်မှာ အလွတ်သဘော အခြေချ နေထိုင်ရာနေရာများတွင် နေထိုင်ကြပြီး၊ လူဦးရေ သန်း ၃၀၀ ကျော်မှာ အိမ်ခြေယာမဲ့ ဖြစ်နေပါသည်။ ကျန်းမာရေး ဝန်ဆောင်မှုများ၊ ရေပေးဝေရေးစနစ်များနှင့် သယ်ယူပို့ဆောင်ရေး ကွန်ရက်များသည် ပြတ်တောက်နေပြီး၊ ကပ်ဘေးသစ်များ၏ အန္တရာယ်များလည်း ရှိနေပါသည်။
သို့သော် မြို့ကြီးများသည် ဖြေရှင်းနည်းများ အမြစ်တွယ် ကြီးထွားလာနိုင်သည့်နေရာများ ဖြစ်ပါသည်။ အာလုံး ပါဝင်နိုင်ရေးကို ဦးတည်၍ စီမံဆောင်ရွက်ပါက အသစ်လာရောက်နေထိုင်သူများသည် စီးပွားရေး မြှင့်တင်ရာတွင်၊ လူမှုအသိုက်အဝန်းများကို ခိုင်မာစေရာတွင်နှင့် ယဉ်ကျေးမှုဓလေ့များကို ကြွယ်ဝစေရာတို့တွင် အထောက်အကူပြုပါသည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့လူသားများ အခြေချနေထိုင်မှုနေ့တွင် ပိုမိုကောင်းမွန်သော အိမ်ယာများမှသည် မြေယာပိုင်ဆိုင်ခွင့်များ၊ ရေရရှိမှုနှင့် သန့်ရှင်းရေးစနစ်များအထိ ဖြေရှင်းနည်းများကို မီးမောင်းထိုးပြလိုပါသည်။ မြို့တော်ဝန်များနှင့် ဒေသန္တရအစိုးရများ၏ အရေးပါသော ဦးဆောင်မှု၊ မြို့ပြ ရပ်ရွာလူထု အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များ၏ ကြံ့ကြံ့ခံနိုင်စွမ်း တို့ကိုလည်း အသိအမှတ်ပြုပါသည်။
အထူးသဖြင့် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အပါအဝင် အထိခိုက်လွယ်ဆုံးသူများအတွက် ရယူသုံးစွဲနိုင်ခွင့်ကို သေချာစေနိုင်မည့် ဆန်းသစ်တီထွင်မှုများကို ဝေမျှပေးရန် ကြိုးပမ်းလုပ်ဆောင်ပါသည်။
မြို့ကြီးတစ်မြို့သည် အုတ် ကျောက်များနှင့် တည်ဆောက်ထားသည့် အဆောက်အအုံထက် ပိုပြီး အဓိပ္ပါယ်ရှိပါသည်။ မိသားစုများ ခိုလှုံနေထိုင်ရာ နေအိမ်အဖြစ် အားထားလို့ရမည့်နေရာ ဖြစ်ပါသည်။
လူတိုင်းအတွက် ဘေးကင်းလုံခြုံမှုနှင့် ပိုင်ဆိုင်မှုတို့ကို သေချာစေနိုင်သည့် ပိုမိုခိုင်မာသော မြို့ကြီးများကို အတူတကွ တည်ဆောက်ကြပါစို့။