လူကုန်ကူးမှုဟာ အလွန်ဆိုးရွားတဲ့ ပြစ်မှုတစ်ခုဖြစ်သလို ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်ပါတယ်။ ရက်စက်ဆိုးရွားတဲ့ ကွန်ယက်တွေက ထိရှလွယ်ဆုံးသူတွေကို ပစ်မှတ်ထားပြီး နာကျင်ခံစားရမှုအပေါ် အမြတ်ထုတ်နေတဲ့ အလျင်မြန်ဆုံး တိုးပွားနေတဲ့ ရာဇဝတ်မှုပုံစံတွေထဲက တစ်ခုဖြစ်ပါတယ်။
ဒါဟာ လိမ်လည်လှည့်ဖြားခြင်း၊ အဓမ္မခိုင်းစေခြင်းနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းတို့အပေါ်အခြေခံပြီး စနစ်တကျဖွဲ့စည်းထားတဲ့ ရက်စက်ဆိုးရွားတဲ့ လုပ်ငန်းတစ်ရပ်လည်း ဖြစ်ပါတယ်။ နောက်ပြီး အဲဒီလုပ်ငန်းက အလျင်အမြန် ပြောင်းလဲတိုးပွားလာနေပါတယ်။
ရာဇဝတ်မှုကျူးလွန်နေတဲ့အဖွဲ့တွေက နယ်စပ်တလျှောက်မှာ စိုးရိမ်ဖွယ် အမြန်နှုန်းနဲ့ အကျွမ်းတဝင် လှည့်လည်လှုပ်ရှားနေပါတယ်။ သူတို့တွေက တရားဥပဒေရဲ့ ဟာကွက်တွေကို အသုံးချတာ၊ တရားဝင်လုပ်ငန်းတွေနဲ့ ပို့ဆောင်ထောက်ပံ့ရေး ကွန်ယက်တွေမှာ စိမ့်ဝင်တာ၊ ရွှေ့ပြောင်းနေထိုင်မှု စီးဆင်းမှုကို အခွင့်အရေး ယူတာအပြင် အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ ဒါမှမဟုတ် ဆိုက်ဘာ လိမ်လည်မှုတွေထဲကို အဓမ္မ သိမ်းသွင်းတာတွေအပါအဝင် နည်းပညာသုံးကာ အလုပ်အကိုင်ခန့်အပ်တာ၊ ချုပ်ကိုင်ချယ်လှယ်တာနဲ့ အကြမ်းဖက်တာတွေ ပြုလုပ်ပါတယ်။
ကျွန်တော်တို့တတွေ ညီညီညွတ်ညွတ်နဲ့ အရေးတကြီး တုံ့ပြန်ဆောင်ရွက်ရပါမယ်။
ပြစ်ဒဏ်ကင်းလွတ်မှုကို အဆုံးသတ်တာ၊ တရားမဝင်တဲ့နည်းလမ်းတွေနဲ့ အမြတ်အစွန်းရှာဖွေနေတာကို ဖြတ်တောက်တာအပြင် တရားဥပဒေစိုးမိုးရေးနဲ့ တရားရေးစနစ်တွေကို ခိုင်မာအားကောင်းစေတာတွေလုပ်ဆောင်ပြီး လူကုန်ကူးမှုကို ပံ့ပိုးနေတဲ့ စီးပွားရေးပုံစံကို ချိုးဖျက်နိုင်ပါတယ်။ ပြစ်မှု ကျူးလွန်သူတွေကို တာဝန်ခံမှုလည်း ရှိစေရပါမယ်။
ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေကို တားဆီးရေးနဲ့ ထိရှလွယ်ဆုံးသူတွေကို အကာအကွယ်ပေးရေးအတွက် အသိပညာပေးတာတွေကို တိုးမြှင့်လုပ်ဆောင်နိုင်ဖို့နဲ့ တိုင်ကြားနိုင်တဲ့ လမ်းကြောင်းတွေကို တိုးချဲ့နိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နည်းပညာကုမ္ပဏီတွေအပါအဝင် ပုဂ္ဂလိကလုပ်ငန်းနယ်ပယ်တွေနဲ့လည်း ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရပါမယ်။
လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသူတွေအတွက် တရားမျှတမှုရရှိစေဖို့၊ ရွှေ့ပြောင်းနေထိုင်ရသူတွေကို ထောက်ပံ့ကူညီဖို့နဲ့ ဆင်းရဲမွေတေမှုနဲ့ မညီမျှမှုကနေ ပဋိပက္ခနဲ့ ရာသီဥတုပြောင်းလဲမှုအထိ ဖြစ်ပေါ်ရတဲ့ အခြေခံအကြောင်းအရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းရပါမယ်။
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့မှာ လူကုန်ကူးခံရသူတွေနဲ့အတူ ရပ်တည်ကာ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှုရှိစေပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ဝယ်ယူခံရတာ၊ ရောင်းချခံရတာ ဒါမှမဟုတ် အမြတ်ထုတ်ခံရတာတွေမရှိတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်ကြရအောင်ပါ။