အထီးကျန်ခြင်းမှ ဝင်ဆန့်လာခြင်း - ဘာသာစကားသင်ယူခြင်းဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ ထိုင်းနိုင်ငံ လူမှုအသိုင်းအဝိုင်းတွင် ဝင်ဆန့်လာခြင်း
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ - နေသာတဲ့ တနင်္ဂနွေ မနက်ခင်းမှာ အသက် ၃၈ နှစ်အရွယ် လင်းထက်* နဲ့ အသက် ၂၈ နှစ်အရွယ် မြမြ* တို့ဟာ သူတို့ရဲ့ ကျွမ်းကျင်မှုသင်တန်းပြီးဆုံးပြီးနောက် ကျေးလက်လူငယ်ဖောင်ဒေးရှင်းရဲ့ ရုံးခန်းမှာ ရောက်ရှိ နေကြပါတယ်။ မြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့ သူတို့နှစ်ဦးဟာ အသက် ၁၃ နှစ် အရွယ်မှာ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး သူတို့ ကိုယ်တိုင်နဲ့ သူတို့၏မိသားစုများအတွက် ဘဝသစ် တည်ဆောက်ရန် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်ဖြတ်နေရပါတယ်။
မြန်မာနိုင်ငံ ကော့ကရိတ်မြို့ဇာတိ မြမြဟာ ပညာဆက်သင်ချင်ပေမဲ့ မိသားစုရဲ့ ငွေကြေး အခက်အခဲတွေကြောင့် အသက်ငယ်ငယ်နဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ရပါတယ်။
ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့အစ်မက တမြို့ထဲမှာဘဲ အိမ်အကူအလုပ် တစ်ခု ရနိုင်တယ် လို့ပြောတဲ့ အတွက် မြမြဟာ ကော့ကရိတ်ကနေ ဘန်ကောက်အထိ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုစောင့်ကြိုနေတာကတော့ အကြွေးတွေ၊ အရမ်းနည်းတဲ့ လစာနဲ့ အထီးကျန်တဲ့ ခံစားချက်တွေဘဲ ဖြစ်ပါတယ်။
"အလုပ်ရှင်ကတော့ 'ဘန်ကောက်ကိုလာတဲ့ခရီးစရိတ်ပြန်ဆပ်ဖို့' ဆိုပြီး လခထဲက လစာငွေအချို့ ကို လစဉ် ဖြတ်သွားတယ်" လို့ မြမြက ပြောပါတယ်။
"တစ်လကို ဘတ် ၃,၀၀၀ (အမေရိကန် ၉၁ ဒေါ်လာ လောက်) ပဲရတယ်။ အလုပ်ချိန်လည်းကြာပြီး အနားယူချိန် ဆိုတာ မရှိပါဘူး" လို့လည်း ဆက်ပြောပါတယ်။
“အိမ်အကူ အလုပ်မှာ ထိုင်းအလုပ်ရှင်တွေနဲ့ နိုင်ငံခြားသား အလုပ်ဖော်တွေပဲရှိနေတော့ တစ်ယောက်တည်းလို့ ခံစားရတယ်။ ထိုင်းစကားမပြောတတ်လို့ သူဌေးနဲ့ အလုပ်ဖော်တွေနဲ့ ပြောဆိုလို့မရဘူး။ ကိုယ်ခံစားရတာတွေကို ပြောပြလို့လည်းမရ၊ ကိုယ့်အခွင့်အရေးကို ကာကွယ်ဖို့လည်း အခွင့်အလမ်း မရှိတာကြောင့် အရမ်းပင်ပန်းပြီး မျှော်လင့်ချက်မရှိသလို ခံစားလာရတယ်” လို့ သူမကပြောပါတယ်။
နောက်ဆုံးမှာ မြမြဟာ အိမ်အကူအလုပ်ကနေထွက်ပြီး ဘန်ကောက်မှာရှိတဲ့ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်သွားလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာသာစကားမကျွမ်းကျင်တာကြောင့် အလုပ်ဖော်တွေနဲ့ ရင်းနှီးဖို့ ခက်သလို အထီးကျန်တဲ့ခံစားချက်ကလဲ ဆက်ရှိနေပါတယ်။ မြမြဟာ လက်ရှိ အခြေအနေကို ပြောင်းလဲဖို့ ဆုံးဖြတ်ပြီး ထိုင်းစာကို မိမိဘာသာ စတင်လေ့လာခဲ့ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားအချင်းချင်း မိတ်ဆက်ပေးတဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) နှင့် FRY ရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းများကို မတက်ခင် အချိန်ထိ သူမရဲ့ တိုးတက်မှုဟာ အလွန် နှေးကွေးပါတယ်။
FRY ဆိုတာကတော့ ကျေးလက်နဲ့ မြို့ပြမှာရှိတဲ့ လူငယ်တွေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ပညာရေးနဲ့ ကျွမ်းကျင်မှုဆိုင်ရာ အခွင့်အလမ်းများ ပံ့ပိုးပေးပြီး လူနေမှုဘဝ မြှင့်တင်ရန် ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်း တစ်ခုပါ။ FRY နဲ့ပူးပေါင်းပြီး IOM ကလည်း ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အသက်မွေးဝမ်းကျောင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်အောင် ရည်ရွယ်ပြီး ကျွမ်းကျင်မှုသင်တန်းတွေနဲ့ အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးတဲ့ အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။
ထိုင်းစာသင်တန်းတွေ ဖွင့်ပေးတာက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း နဲ့ သင့်တော်တဲ့အလုပ်တွေ ရှာဖွေရနိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။ စက်ချုပ်သင်တန်းလိုမျိုး ကျွမ်းကျင်မှု သင်တန်းတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို အပိုဝင်ငွေ ရရှိစေပြီး လက်တွေ့ ကျတဲ့ ကွန်ပျူတာ သင်တန်းတွေကလည်း ရုံးလုပ်ငန်းတွေမှာ တိုက်ရိုက်ပြန်ပြီး အသုံးချနိုင်တယ်လို့ FRY အဖွဲ့ အရာရှိချုပ် မောင်ကွယ် စွမ်းသရီစစ် က ပြောပါတယ်။
IOM နဲ့ FRY တို့ပူးပေါင်းပြီး စီစဉ်တဲ့ သင်တန်းမိတ်ဆက်ပွဲ ကို ပထမဆုံးအကြိမ်ရောက်လာတဲ့ မြမြကို ကျွမ်းကျင်မှုဖွံ့ဖြိုးရေးသင်တန်းပြီးထားတဲ့ မြန်မာလူမျိုးတစ်ဦးက ဒီသင်တန်း တက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ ဆိုတာ ရှင်းပြပေးပြီး ကြိုဆိုခဲ့ပါတယ်။ နှစ်ပေါင်းများစွာ မိမိနိုင်ငံ ယဉ်ကျေးမှုနဲ့ ဝေးကွာပြီး ပညာရေးနဲ့ အဆက်ပြတ်ခဲ့တာကြောင့် ဒီအခိုက်အတန့်ဟာ သူမဘဝအတွက် အလှည့်အပြောင်း တစ်ခုဖြစ်လာခဲ့ပါတယ်။
“အလုပ်လုပ်နေချိန်မှာ ကျွန်မရဲ့အခွင့်အရေးတွေကို အပြည့်အဝနားမလည်နိုင်တဲ့အခါ မျှော်လင့်ချက်မဲ့သလို ခံစားရတယ်။ ဒါပေမဲ့ ဘာသာစကားနဲ့ ကျွမ်းကျင်မှုသင်တန်းတွေကို သိရှိလာတဲ့အခါမှာတော့ ဥမင်အဆုံးမှာ အလင်းရောင်ကို တွေ့လိုက်ရသလိုမျိုး မဖြစ်နိုင်တော့ဘူးလို့ ထင်ထားတဲ့ အိပ်မက်တွေတောင် ပြန်ဖြစ်နိုင်မယ်လို့ ခံစားလာရတယ်လို့ “ မြမြက ပြောပါတယ်။
အခုအချိန်မှာ မြမြဟာ အထက်တန်းကျောင်းနဲ့ ညီမျှတဲ့ လက်မှတ်ကို ရရှိထားပြီး ငွေစာရင်း လက်ထောက် အလုပ်လုပ်နေသလို ကျန်းမာရေးသိပ္ပံနဲ့ ပတ်သက်တဲ့ ဘွဲ့ယူဖို့ ဆက်လက်သင်ယူနေပါတယ်။ တစ်နေ့မှာ သူနာပြုတစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေပါတယ်။
လင်းထက်အတွက် FRY ကိုရောက်လာတဲ့ခရီးစဉ်က မြမြနဲ့မတူပေမဲ့၊ သူ့ဘဝကိုပြောင်းလဲစေခဲ့တာတော့ အတူတူဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ မော်လမြိုင်ဇာတိဖြစ်တဲ့ လင်းထက်ရဲ့ မိသားစုဟာ ရွှေ့ပြောင်းနေခဲ့တာ ကြာပြီ ဖြစ်ပါတယ်။ မိဘတွေက မြန်မာနဲ့ မဲဆောက်အကြား နယ်စပ်ကုန်သွယ်ရေးလုပ်တဲ့ အတွက် လင်းထက်ကလည်း ထိုင်းမှာ ပိုကောင်းတဲ့ အခွင့်အလမ်းအသစ်တွေ ရှာဖို့ ဖြစ်လာခဲ့ပါတယ်။
အစပိုင်း မဲဆောက်မှာ မိသားစုနဲ့အတူနေတဲ့အချိန်မှာတော့ လင်းထက်အတွက် ထိုင်းစာသင်ဖို့ လိုအပ်တယ်ဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့ နှစ်နှစ်အကြာမှာ အလုပ်အကိုင်အခွင့်အလမ်း ပိုကောင်းတဲ့ ဘန်ကောက်ကို ပြောင်းလာခဲ့ပါတယ်။ ထိုင်းစာမတတ်တာနဲ့ ပညာရေးလက်မှတ်မရှိတဲ့ အတွက် ရွေးချယ်နိုင်တဲ့အလုပ်တွေက အကန့်အသတ်ရှိနေပါတယ်။ နောက်ဆုံးတော့ အထည်ချုပ်စက်ရုံမှာ အလုပ်ရခဲ့ပြီး ဘာသာစကားတတ်ရင် အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းလာနိုင်တယ်ဆိုတာ သိလာခဲ့ပါတယ်။ ထိုင်းလူမျိုး လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီနဲ့ ထိုင်းဘာသာစကားကို စတင်လေ့လာခဲ့ပါတယ်။
ဒါပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ လုပ်အားခေါင်းပုံဖြတ်ခံရတာ နဲ့ ခက်ခဲကြမ်းတမ်းတဲ့ လုပ်ငန်းခွင်အခြေအနေတွေကို ရင်ဆိုင်လာရပါတယ်။ မြမြလိုပဲ လင်းထက်လည်း အလုပ်ချိန်အကြာကြီး လုပ်ရပြီး အနည်းဆုံးလစာထက်နည်းတဲ့ငွေကြေးပမာဏပဲ ရပါတယ်။ ထိုင်းစကားမတတ်တာကလည်း သူ့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို တောင်းဆိုဖို့ ပိုပြီးခက်ခဲစေခဲ့ပါတယ်။
"တနေ့ကို ၁၇ နာရီလောက် အလုပ်လုပ်ရပါတယ်။ အလုပ်ပြီးတာနဲ့ ကျွန်တော် နေတဲ့ နေရာမှာ ထိုင်းစာကို ကိုယ်တိုင် လေ့လာခဲ့ပါတယ်။ ထိုင်းလူမျိုးအလုပ်ဖော်တွေကလည်း အားပေးကြပါတယ်။ ထိုင်းစာမတတ်ရင် အခွင့်အလမ်းတွေက အကန့်အသတ် ရှိနေတာကို သိနေတာမို့ ကြိုးစားခဲ့တာပါ" လို့ သူက ပြောပါတယ်။
နောက်ဆုံးမှာ လင်းထက်ဟာ FRY ကို ရောက်လာခဲ့ပြီး ထိုင်းစာသင်တန်းတက်ဖို့ စာရင်းသွင်းခဲ့ပါတယ်။ အလယ်တန်းအောင်လက်မှတ်နဲ့ ညီတဲ့ လက်မှတ်လည်း ရထားပြီး သင်တန်းတွေလည်း ဆက်တက်နေပါတယ်။ FRY အနေနဲ့ လင်းထက်ကို ပညာရေးတွေတင် မကဘဲ သင်ယူမှုပတ်ဝန်းကျင်မှာ သူ့အတွက် နေရာရှိတယ်ဆိုတဲ့ ခံစားချက်တစ်ခုကို ပေးနိုင်ခဲ့ပါတယ်။
"FRY ကတစ်ဆင့် ကျွန်တော့ရဲ့ အခွင့်အရေးတွေကို သိလာခဲ့ပါတယ်။ အခုတော့ အလုပ်ခွင်မှာ ကိုယ့်အတွက် ကိုယ်တိုင် ပြောနိုင်လာပါတယ်။ ကျွမ်းကျင်မှုတွေ တိုးတက်လာရုံသာမကဘဲ ဆရာဆရာမတွေကလည်း မယုံနိုင်အောင် ပံ့ပိုးကူညီပေးကြပါတယ်။ ကိုယ်ရေးကိုယ်တာအကြောင်းတွေအထိ အကြံဉာဏ်တောင်းလို့ ရပါတယ်လို့” လင်းထက်က ပြောပြပါတယ်။
အခုအချိန်မှာတော့ လင်းထက်ဟာ စက်ရုံတစ်ခုမှာ အချိန်ပြည့် ဘာသာပြန်အလုပ်လုပ်နေပြီး၊ ထိုင်းအစိုးရ အဖွဲ့အစည်းအချို့အတွက်လည်း အချိန်ပိုင်းအလုပ်တွေ လုပ်နေပါတယ်။ သူ့ဇနီးနဲ့ သမီးငယ်လေးနဲ့အတူ ဘန်ကောက်မှာနေထိုင်နေပြီး၊ သားကြီးကတော့ မြန်မာမှာ မိခင်နဲ့အတူနေပါတယ်။
မတူညီတဲ့ လမ်းကြောင်းနဲ့ ရည်မှန်းချက် ပန်းတိုင် တွေ ရှိပေမဲ့လည်း မြမြနဲ့ လင်းထက်နှစ်ယောက်လုံးအတွက် ဘာသာစကားသင်ယူခြင်းက ဘဝကိုပြောင်းလဲပေးတဲ့ အရေးကြီးဆုံးအရာတစ်ခုဖြစ်ခဲ့ပါတယ်။
"ကျွန်တော်တို့ ကျွမ်းကျင်မှုတွေ တိုးတက်လာတာနဲ့အမျှ — ထိုင်းစာဖြစ်ဖြစ်၊ ချက်ပြုတ်ပညာပဲဖြစ်ဖြစ်၊ သံဂဟေဆက်တဲ့ လုပ်ငန်းဘဲ ဖြစ်ဖြစ် — ပိုကောင်းတဲ့အလုပ်အကိုင်တွေ ရနိုင်တယ်။ လခလည်း ပိုများ လာနိုင်တယ်၊ ဒါမှမဟုတ် ကိုယ့်တိုင်းပြည်ပြန်ပြီး စီးပွားရေး စလုပ်လို့ရတယ်” လို့ လင်းထက်က ပြောပါတယ်။
"ကျွန်မအတွက် ထိုင်းစာသင်ယူတာက အလုပ်အကိုင်နဲ့ ပညာရေးအတွက် တံခါးတွေ အများကြီး ဖွင့်ပေးခဲ့ ပါတယ်။ အခုတော့ ကိုယ့်အတွက် ကိုယ်ပြန်ရပ်တည်ပြောဆိုနိုင်တဲ့ ယုံကြည်မှု ရှိလာပါပြီ" လို့ မြမြက ပြောပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘာသာစကားနဲ့ ကျွမ်းကျင်မှုသင်တန်းတွေက ပညာရေးတင် မကပါဘူး — သူတို့ရဲ့စွမ်းရည်တွေကို အသုံးချနိုင်ဖို့နဲ့ ကိုယ်ပိုင်အနာဂတ်ကို တည်ဆောက်နိုင်ဖို့ လမ်းဖွင့်ပေးပါတယ်။
"အင်တာဗျူးဖြေဆိုသူ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန်အတွက် အမည်ကို ပြောင်းလဲ ထားပါသည်။
လင်းထက်နဲ့ မြမြက PROMISE လို့ခေါ်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုများလာစေဖို့နဲ့ ကာကွယ်မှုပိုကောင်းလာစေဖို့ ရည်ရွယ်ပြီး ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Swiss Agency for Development and Cooperation) မှ ငွေကြေးထောက်ပံ့ထားတဲ့ ဒေသအဆင့် အစီအစဉ်ရဲ့ အကျိုးခံစားခဲ့ရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၆၈၀,၀၀၀ ကျော်ထဲက နှစ်ယောက်ဖြစ်ပါတယ်။
*ဤဆောင်းပါးကို IOM website တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်၊။