ဝါးနှင့် မူးယစ်ဆေးဝါးကာကွယ်တားဆီးခြင်း - ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ မြန်မာ့ငလျင်ပြန်လည်ထူထောင်ရေး ပံ့ပိုးကူညီခြင်း
ရှမ်းပြည်နယ်တောင်ပိုင်း (မြန်မာ)။ ။ ၂၀၂၅ခုနှစ် မတ်လ ၂၈ ရက်နေ့ မြေငလျင် လှုပ်ခတ်သွားပြီးနောက်ကျန်ခဲ့တာကတော့ အပျက်အဆီးတွေအပြင် ၎င်းထက်ပိုတဲ့ နာကျင်မှုနဲ့ ဆုံးရှုံးမှုတွေပါပဲ။နှစ်တစ်ရာနီးပါးအတွင်းမြန်မာနိုင်ငံမှာ လှုပ်ခတ်တဲ့ အပြင်းထန်ဆုံး ငလျင်ဖြစ်ပြီး ၇.၇ ရစ်ချ်တာစကေးတောင်ရှိတာပါ။ဒီသဘာဝဘေးကြောင့် မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာရှိတဲ့လူပေါင်းထောင်ချီရဲ့ နေအိမ်တွေ ပျက်ဆီးသွားပါတယ်။ ပထတစ်ကြိမ်လှုပ်ပြီး မိနစ်ပိုင်းအတွင်း ၆.၄ ရစ်ချ်တာစကေးရှိတဲ့ငလျင်က နောက်တကြိမ် ခပ်ပြင်းပြင်း ထပ်လှုပ်လိုက်တဲ့အခါမှာတော့လူပေါင်း ၃၈၀၀ ကျော်သေဆုံးခဲ့ရပြီး၊ ၅၁၀၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။ အဲဒီ့အပြင် ယနေ့အထိ ပျောက်ဆုံးနေသူ ရာဂဏန်းရှိနေဆဲပါ။
အကြီးအကျယ်ထိခိုက်ခဲ့တဲ့နေရာတွေထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ အင်းလေးနဲ့ ပင်လောင်းမြို့နယ်တွေလည်းပါဝင်ပါတယ်။ရွာလုံးကျွတ်နေအိမ်တွေပျက်ဆီးတာရှိသလိုပဲ၊စာသင်ကျောင်းတွေ ကျန်းမာရေးဆေးပေးခန်းတွေပါ ပျက်ဆီးသွားခဲ့ပါတယ်။ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မြန်မာနိုင်ငံရုံးက ဦးဆောင်ကာ ငလျင်ဘေးတုံ့ပြန်မှုလုပ်ငန်းတွေကို ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ငလျင်ဘေးသင့် မိသားစုတွေ အရေးပေါ်လိုအပ်မဲ့အရာတွေနဲ့ ရေရှည်အကျိုးရှိစေမဲ့စိတ်ပိုင်းဆိုင်ရာအထောက်ပံ့တွေဆောင်ရွက်ပေးခဲ့ပါတယ်။
အင်းလေးကန်အနီးရွာငံကျေးရွာမှ မိခင်တစ်ဦးဖြစ်သူ ဒေါ်နန်းအတွက် ငလျင်နောက်ပိုင်းနေ့ရက်တွေမှာတော့ကြောက်ရွံ့စိုးရိမ်မှုတွေနဲ့ပြည့်နှက်နေပါတယ်။ “ငလျင်ပြီးသွားတော့ ကျွန်မကလေးတွေကို သူတို့စိတ်တည်ငြိမ်အောင် ဘယ်လိုနှစ်သိမ့်ရမှန်း ကျွန်မမသိခဲ့ဘူး၊ သူတို့က ညဆို နောက်ထပ်ငလျင်လှုပ်မှာကို ကြောက်ပြီးငိုနေကြတာ” လို့ဒေါ်နန်းက ပြောပါတယ်။ UNODC ရဲ့ ဘေးဒုက္ခကြုံတွေ့ရချိန် မိဘအုပ်ထိန်းမှုလမ်းညွှန်စာစောင်မှာပါတဲ့ အကြောင်းအရာတွေကို ပြောပြပေးခြင်းဖြင့် ညဘက်မှာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ ကလေးတွေကို နှစ်သိမ့်ပေးနိုင်ခဲ့တယ်လို့ ဒေါ်နန်း က ဆိုပါတယ်။
UNODCရဲ့ အဆင့်ဆင့် ချဉ်းကပ်နည်းမှာ စိတ်ခံစားမှုဆိုင်ရာအရေးပေါ်ကုသစောင့်ရှောက်မှုနဲ့ ခံနိုင်ရည်စွမ်းအားတည်ဆောက်မှုကို ဦးတည်တဲ့မိဘအုပ်ထိန်းစောင့်ရှောက်မှုဆိုင်ရာလမ်းညွှန်စာစောင်တွေကိုမြန်မာဘာသာပြန်ဆိုပြီးဖြန့်ဝေပေးတာလည်းပါပါတယ်။Caring for Children in Earthquake Response လို့ခေါ်တဲ့ဒီစာစောင်တွေဟာ အုပ်ထိန်းသူတွေ၊ ပြုစုစောင့်ရှောက်သူတွေအတွက်ရိုးရှင်းပြီး သက်သေအထောက်အထားပေါ်အခြေခံတဲ့နည်းလမ်းတွေနဲ့ ဘေးဒုက္ခကြုံတွေ့ရချိန် ကလေးတွေရဲ့စိတ်ခံစားမှုလိုအပ်ချက်တွေကိုပံ့ပိုးကူညီပေးနိုင်ဖို့ရည်ရွယ်ရေးသားထားတာဖြစ်ပါတယ်။
သုတေသနတွေအရစိတ်ဒဏ်ရာတွေ့ကြုံခဲ့ရတဲ့ကလေးတွေဟာ နောင်တချိန်ဘဝမှာ မူးယစ်ဆေးဝါးသုံးစွဲနိုင်ခြေအန္တရာယ်ပိုမိုမြင့်မားနိုင်ပါတယ်။စိတ်ခံစားမှုဆိုင်ရာ အထောက်အပံ့ပေးဖို့ အသုံးချနိုင်တဲ့ နည်လမ်းတွေနဲ့ မိသားစုတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းအားဖြင့်ရေရှည်အကျိုးဆက်များကိုတားဆီးကာကွယ်ပေးပြီး၊ငလျင်ဘေးကူညီရေးမှတဆင့်မူးယစ်ဆေးဝါးအသုံးပြုမှုကိုတားဆီးကာကွယ်ခြင်းဟူသောUNODC ရဲ့ကြီးမားကျယ်ပြန့်တဲ့ ရည်ရွယ်ချက်နဲ့လည်းကိုက်ညီပါတယ်။
“တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ကျန်းမာရေးအထောက်အကူပြုအရေးပေါ်ပစ္စည်းတွေပါတဲ့Dignity kit တွေနဲ့ မိဘအုပ်ထိန်းမှုဆိုင်ရာ အသိပညာပေးလမ်းညွှန်မှုတွေပါတဲ့စိတ်ပိုင်းဆိုင်ရာအထောက်အပံ့တို့လက်တွေ့ကျကျပေါင်းစပ်ထားတဲ့UNODC ရဲ့ အကူအညီတွေဟာ သဘာဝဘေးပြန်လည်ထူထောင်ရေးအတွက်ပြည့်စုံတဲ့ချဉ်းကပ်မှုတစ်ခုကိုကိုယ်စားပြုပါတယ်”.. “ချက်ချင်းလိုအပ်ချက်တွေရော ရေရှည်ခံနိုင်ရည်စွမ်းအားအတွက်ပါဖြေရှင်းဆောင်ရွက်ခြင်းဖြင့်ငလျင်ဘေးသင့်ပြည်သူတွေအတွက်ရေရှည်တည်တံ့တဲ့ ပြန်လည်ထူထောင်မှုကို အထောက်အပံ့ပြုဖို့ရည်ရွယ်ပါတယ်” လို့UNODC မြန်မာရုံး အကြီးအကဲ ယာတာဒါကိုဝါ က မှတ်ချက်ပြုပါတယ်။
ရေရှည်မျှော်မှန်းချက်
ငလျင်လှုပ်သွားပြီးနောက် အင်းလေးဒေသက လူထုမှာ အစားအသောက်ရရှိနိုင်မှု လုံးဝမရှိခဲ့ပါဘူး။ အထူးသဖြင့် စားသောက်ပုံဓလေ့ မတူညီတဲ့ ဒီလိုဒေသအတွက် နေ့စဉ်နေထိုင်စားသောက်မှုမှာ အလွန်ခက်ခဲခဲ့ပါတယ်။ UNODC မြန်မာရုံးက ယုံကြည်အားကိုးရတဲ့ ဒေသခံ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သယ်ယူပို့ဆောင်နိုင်တဲ့အရင်းအမြစ်တွေကို အမြန်ဆုံးစုစည်းကာ ညောင်ရွှေနဲ့ ပင်လောင်းမြို့နယ်တွေထဲက ကျေးရွာ ၃၆ ရွာကို ထောက်ပံ့ပေးခဲ့ပါတယ်။ တကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးပစ္စည်းတွေပါတဲ့ (dignity and hygiene kits) အိတ် ၂၀၀၀၊ ဒေသစားသောက်မှုဓလေ့နဲ့ ကိုက်ညီအောင် အသေအချာစီစဉ်ထားတဲ့ ဆန်အိတ်တွေကို မိသားစု ၃၇၅၀ အတွက် ထောက်ပံ့ပေးခဲ့ပါတယ်။
“ပြန်လည်ထူထောင်ရေးလုပ်ငန်းရဲ့အရေးကြီးတဲ့ကာလမှာစားနပ်ရိက္ခာပြတ်လပ်မှုကိုလျော့ပါးသက်သာစေဖို့ ဒေသရဲ့ဓလေ့နဲ့သင့်တော်အောင်ရောအာဟာရဆိုင်ရာဆီလျော်မှုရှိအောင်ပါသေချာစေတဲ့ ခုလိုအချိန်ကိုက် ပံ့ပိုးလုပ်ဆောင်ပေးတာမျိုးကအလွန်အရေးကြီးပါတယ်” လို့ယာတာဒါကိုဝါ က ဆိုပါတယ်။
ဒါပေမဲ့ထောက်ပံ့မှုဟာ ပစ္စည်းသက်သက်ကူညီမှုထက် ပိုမိုလေးနက်ပါတယ်။ UNODC က အရပ်ဘက်အဖွဲ့အစည်းစေတနာ့ဝန်ထမ်းတွေကို စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုနည်းတွေနဲ့အဆင့်ဆင့်သော မိဘအုပ်ထိန်းမှုဆိုင်ရာ နည်းလမ်းတွေလည်း သင်ကြားပေးခဲ့ပါတယ်။ ဒီသင်တန်းတွေက ရပ်ရွာအခြေပြု အုပ်ထိန်းစောင့်ရှောက်မှုကိုနောင်လာမဲ့ လများ၊ နှစ်များအတွင်း ပံ့ပိုးလုပ်ဆောင်နိုင်စေဖို့အရပ်ဘက်အဖွဲ့အစည်း စွမ်းဆောင်ရည်တည်ဆောက်ခြင်းကိုကြိုတင်ရည်ရွယ်တာဖြစ်ပါတယ်။
“ကျွန်မတို့က ဒီလူတွေရှင်သန်ရပ်တည်ဖို့အတွက်သာ ကူညီတာမဟုတ်ဘဲ သူတို့ စိတ်ဒါဏ်ရာတွေ ကုစားနိုင်ဖို့ပါ ရည်ရွယ်တာပါ”…“ဒီကလူတွေက သူတို့ကို နားလည်ပေးတယ်၊ နားလည်မှုနဲ့အတူ ကူညီပံ့ပိုးပေးတယ်လို့ ခံစားကြရပါတယ်၊ ဒါက သူတို့အားလုံးကို တခြားအနေအထားတစ်ခုဆီ ပြောင်းလဲပေးပါတယ်” လို့ UNODC ရဲ့သင်တန်းကို တက်ရောက်ခဲ့တဲ့ ဒေသခံစေတနာ့ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
အရေးပေါ်အကူအညီပေးအပြီးမှာတောင်ပေါ်လွိုင်လင်မြို့နယ်ထဲရှိ ကျေးရွာတခုမှာစည်းလုံးညီညွတ်မှုကိုပြတဲ့ဖြစ်ရပ်တစ်ခုလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ပန်ခေါက်ဝိုးရွာ ဝါးလုပ်ငန်းအဖွဲ့ (Bamboo Group) က အင်းလေးမှာရှိတဲ့ မိသားစုတွေအတွက် ယာယီဝါးအိမ်တွေတည်ဆောက်ဖို့ ထောက်ပံ့ပေးတဲ့ အစီအစဉ်ကို သိသိချင်း အလျင်အမြန်ပဲ ဝါးတွေပံ့ပိုးပေးခဲ့ပါတယ်။ အင်းလေးမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုနဲ့ပူးပေါင်ပြီးဝါးတိုင် ၅၀၀ ကို ပေးအပ်ကာ ပျက်ဆီးသွားတဲ့ အိမ်တွေ ပြန်လည်တည်ဆောက်ဖို့ အကူအညီပေးခဲ့ပါတယ်။
ဝါးစီမံကိန်းဆိုတာUNODC မြန်မာက ဆောင်ရွက်နေတဲ့ ယခင်က ဘိန်းစိုက်ပျိုးမှုအပေါ်မှီခိုနေရတဲ့ရပ်ရွာလူထုအတွက် ရေရှည်တည်တံ့ပြီး ဥပဒေနဲ့အညီ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းတွေဖန်တီးပေးဖို့ရည်ရွယ်တဲ့ ဘိန်းအစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။စီမံကိန်းအနေနဲ့ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းမှသည် ထုတ်လုပ်မှုနှင့် ဈေးကွက်ဖော်ဆောင်မှုအထိ ဝါးတန်ဖိုးကွင်းဆက် တည်ဆောက်မှုကို ထောက်ပံ့ခြင်းဖြင့် တရားမဝင်သီးနှံများအပေါ် မှီခိုနေရမှုကို လျှော့ချပေးကာ မိသားစုဝင်ငွေတိုးတက်စေပြီးရပ်ရွာရဲ့ ကိုယ်ပိုင်ခုခံနိုင်စွမ်းရည်ကိုအားကောင်းစေတာဖြစ်ပါတယ်။
ဒီစီမံကိန်းကလွိုင်လင်မြို့နယ်လိုသဘာဝအလျောက် ဝါးဖြစ်ထွန်းပေါက်ရောက်တဲ့ ဒေသတွေမှာ စီးပွားရေးအတွက်အခြားရွေးချယ်စရာတွေဖန်တီးပေးဖို့သာမကသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုပေါင်းစည်းညီညွတ်ရေးကိုပါအားဖြည့်ပေးပါတယ်။ “ကျွန်တော်တို့မှာ အကျိုးပြုနိုင်မဲ့ တစ်ခုခုရှိတယ်လို့ ကျွန်တော်တို့ သိခဲ့တယ်” လို့ဝါးလုပ်ငန်းအဖွဲ့ (Bamboo Group) အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ “ဒီလူတွေဟာ ကျွန်တော်တို့ အိမ်နီးချင်းတွေဖြစ်တယ်၊ ခုလို လိုအပ်ချိန်မှာ ကျွန်တော်တို့ သူတို့နဲ့အတူရှိနေပါတယ်” လို့သူကဆက်ပြောပါတယ်။
ဒီလိုကြိုးပမ်းအားထုတ်ပေမဲ့စိန်ခေါ်မှုတွေကတော့ ရှိနေဆဲပါဘဲ။ ငလျင်နောက်ဆက်တွဲ လှုပ်ခတ်မှုတွေ၊ ဝေးလံခေါင်ပါးတဲ့နေရာတွေဆီ ရောက်ရှိဖို့ခက်ခဲတာတွေနဲ့ ရံပုံငွေအကန့်အသတ်ရှိတာတွေကပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်ကြိုးပမ်းရာမှာ အားနည်းစေပါတယ်။
“ကျွန်မတို့အလုပ်က အရေးပေါ်ကာလမှာတင် ပြီးဆုံးသွားမှာ မဟုတ်ပါဘူး၊ ကျွန်မတို့ဟာ မြန်မာနိုင်ငံက မိသားစုတွေ သူတို့ရဲ့ဘဝတွေကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြန်လည်တည်ဆောက်ရာမှာ အထောက်အပံ့ပေးသွားဖို့၊ ရပ်ရွာလူထုအတွက် ခွန်အားရှိစေဖို့နဲ့ ချိတ်ဆက်မှုခိုင်မာစေဖို့ အတူရှိနေမှာဖြစ်ပါတယ်” လို့ယာတာဒါကိုဝါ က ပြောဆိုထားပါတယ်။
*ဤဆောင်းပါးကို UNODC ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။