သတင်းထုတ်ပြန်ချက်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ဌာနေကိုယ်စားလှယ်အသစ် ရောက်ရှိတာဝန်ထမ်း‌ဆောင်

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်။

ရန်ကုန်မြို့ – ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် စတင်တာဝန်ထမ်းဆောင်မည့် Mr. Michael Dunford ကို ကြိုဆိုလိုက်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ယခင့်ယခင်ထက် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြုံတွေ့ရင်ဆိုင်နေရချိန်၊ နိုင်ငံအတွက်အရေးကြီးသောအခိုက်အတန့်တွင် Mr. Dunford ကို WFP ၏ ဌာနေကိုယ်စားလှယ်အဖြစ် ရာထူးခန့်အပ်လိုက်ခြင်းဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် လူဦးရေပေါင်း ၁၃.၃ သန်း သည် စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃.၅ သန်းနီးပါးမှာ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေရပ်စွန့်စွာတိမ်းရှောင်နေကြရသည်။

"မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ကျော်ဖြတ်နေကြရပေမဲ့ အံ့သြရလောက်အောင် ကြံ့ကြံ့ခံနိုင်ရည်နဲ့ မျှော်လင့်ချက်တွေရှိကြတာတွေ့ရတော့ ကျွန်တော်တကယ့်ကို အထင်ကြီးလေးစားမိပါတယ်။” ဟု Mr. Dunford က ပြောပါသည်။ “လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဝန်ထမ်းတွေအနေနဲ့ ကျွန်တော်တို့ WFP ဟာ ကျွန်တော်တို့ရဲ့ အကူအညီအထောက်အပံ့တွေ နေရာဒေသမရွေးက ထိခိုက်လွယ်ဆုံးလူတွေဆီ အသေအချာရောက်ရှိနိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို ရှာဖွေသွားမှာဖြစ်သလို ဘက်ပေါင်းစုံနဲ့ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမှာလည်းဖြစ်ပါတယ်။" ဟု ၎င်းက ပြောသည်။

Mr. Dunford ၏ ပထမဦးစားပေးမှာ WFP ၏ ကယ်ဆယ်ရေးအထောက်အပံ့များသည် အရေးပေါ်အကူအညီလိုအပ်နေသူများထံ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ရပ်ရွာလူထုထံသို့ အသေအချာ ရောက်ရှိနိုင်ရေးဖြစ်ပါသည်။ Mr. Dunford ၏ ဦးဆောင်မှုအောက်တွင် WFP သည် ရပ်ရွာလူထုနှင့်အတူ ဒေသခံအဖွဲ့အစည်းများနှင့်လက်တွဲကာ အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များမှတစ်ဆင့် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ သန်းခန့်အား အကူအညီများပေးအပ်ရန် စီစဥ်ထားရှိပါသည်။ 

ဤခန့်အပ်မှုမတိုင်မီ Mr. Dunford သည် WFP အရှေ့အာဖရိက ဒေသဆိုင်ရာဗျူရို၏ ညွှန်ကြားရေးမှူးအဖြစ် အာဖရိကအရှေ့ပိုင်းရှိ WFP ၏ အထောက်အပံ့လုပ်ငန်းများကို ဦးဆောင်ခဲ့ပါသည်။ ဩစတေးလျနိုင်ငံသားဖြစ်သူ Mr. Dunford သည် WFP တွင် လုပ်သက် ၂၅ နှစ်နှင့်အတူ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အတွေ့အကြုံကောင်းများရှိသူဖြစ်ပါသည်။ သူသည် ၂၀၁၇ခုနှစ် ရိုဟင်ဂျာဒုက္ခသည်အရေးစတင်ချိန်တွင် Cox’s Bazar ၌ WFP ၏ အရေးပေါ်အခြေအနေတုံ့ပြန်ရေး ပေါင်းစပ်ညှိနှိုင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ 

ဓာတ်ပုံများကို ဤ link တွင် ရယူနိုင်ပါသည်။ 

အယ်ဒီတာများအတွက် ဖြည့်စွက်ဖော်ပြချက်

WFP သည် မြန်မာနိုင်ငံတွင် အကူအညီများပေးအပ်နေသည့် အကြီးမားဆုံးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းဖြစ်ပါသည်။ WFP ၏ အထောက်အပံ့များတွင် ပဋိပက္ခဒဏ်ခံစားရသူများအတွက် အရေးပေါ်ကယ်ဆယ်ရေး အထောက်အပံ့များအပြင် ကလေးငယ်များ၊ မိခင်များနှင့် HIV/TB ဆေးကုသမှုခံယူနေသူများအတွက် အာဟာရအထောက်အပံ့များပေးအပ်ခြင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအတွက် ကျောင်းတွင်းနေ့လယ်စာကျွေးမွေးခြင်း နှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များ ပါဝင်ပါသည်။ WFP သည် ဇွန်လမှစတင်ခဲ့သည့် ရေကြီးရေလွှမ်းမိုးမှု တုံ့ပြန်ရေးအနေဖြင့် ရေဘေးသင့်ပြည်သူ လူဦးရေပေါင်း ၃၇၀,၀၀၀ ထံ အရေးပေါ် စားနပ်ရိက္ခာနှင့် အာဟာရ အကူအညီများ ပေးအပ်နိုင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်အတွင်း လက်ရှိအချိန်အထိဆိုရပါလျှင် နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းခန့်သည် WFP ထံမှ အထောက်အပံ့များ ရရှိခဲ့ပြီး ဖြစ်ပါသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက်ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့်  ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။  

WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။    

Elise Gibergues-Newton

WFP
Communications Officer
Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ