မိဘများအတွက် ရေကြီးရေလျှံမှုများဖြစ်ပွားသည့်အခါ ဘေးကင်းစွာနေထိုင်နိုင်ရေး သိကောင်းစရာအချက်များ
မုန်တိုင်းမတိုက်မီ၊ တိုက်နေစဉ်နှင့် တိုက်ပြီးနောက် သိထားရမည့်အချက်များ
ရေကြီးရေလျှံမှု ကြုံတွေ့ရခြင်းက လူတိုင်းအတွက် ခက်ခဲပြီး ပျက်စီးမှုများ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ ကလေးငယ်ရှိတဲ့မိသားစုတွေအတွက် ပိုပြီးခက်ခဲပါတယ်။ အကယ်၍ မိမိက ရေကြီးရေလျှံမှုအန္တရာယ်ရှိတဲ့နေရာမှာ နေထိုင်ပါက မိမိနဲ့မိမိရဲ့မိသားစု ဘေးကင်းလုံခြုံစေဖို့အတွက် ကျွမ်းကျင်သူတွေရဲ့အကြံပြုချက်တွေကို လိုက်နာပါ။
ရေကြီးရေလျှံမှုအကြောင်း အချက်အလက်များ
ရေကြီးတယ်ဆိုတာ ဘာလဲ
ရေကြီးတယ်ဆိုတာ အများအားဖြင့် ခြောက်သွေ့နေတတ်တဲ့ မြေပေါ်ကို ရေတွေလျှံကျစီးဆင်းလာတာ ဖြစ်ပါတယ်။ နာရီပိုင်း၊ ရက်ပိုင်းအတွင်း တဖြည်းဖြည်းနဲ့ ရေလွှမ်းမိုးပြီး ရေကြီးတာမျိုးရှိသလို ရုတ်တရက် သတိမပေးဘဲ ချက်ချင်း ရေကြီးလာတာမျိုးလည်း ရှိပါတယ်။ မြစ်ရေလျှံမှုဆိုတာက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်ဖြစ်ဖြစ်၊ နှင်းခဲတွေအရည်ပျော်လာတာကြောင့်ဖြစ်ဖြစ် ဖြစ်ပွားတတ်ပါတယ်။ ကမ်းရိုးတန်း ရေလွှမ်းမိုးမှုတွေကတော့ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတွေ၊ ဆူနာမီတွေနဲ့ ဆက်စပ်နေတဲ့ မုန်တိုင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပွားပြီး ပိုမိုပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဘာတွေက ရေကြီးရေလျှံမှုကို ဖြစ်စေတာလဲ
မိုးရွာသွန်းမှု များပြားလွန်းတဲ့အခါနဲ့ ဆည်တမံတွေ ကျိုးတဲ့အခါ ရေကြီးမှု ဖြစ်နိုင်ပါတယ်။
ရေကြီးရေလျှံမှုအတွက် ကြိုတင်ပြင်ဆင်ခြင်း
ရေကြီးတာနဲ့ပတ်သက်ပြီး မိသားစုနဲ့ စကားပြောပါ
ရေကြီးတဲ့အကြောင်းနဲ့ ရေကြီးရတဲ့အကြောင်းရင်းတွေကို မိသားစုနဲ့ ဆွေးနွေးပါ။
မိမိတို့ရဲ့ ဘေးကင်းလုံခြုံရေးအစီအစဉ်ကို လေ့ကျင့်ပါ
ရေကြီးတဲ့အခါ ဘေးကင်းလုံခြုံတဲ့ နေရာကို ရွှေ့ပြောင်းဖို့ စိတ်ချရတဲ့လမ်းကြောင်းကို မိသားစုနဲ့အတူ တိုင်ပင်ပြီး ရှာဖွေထားပါ။ လူကွဲသွားခဲ့တဲ့အခါ ဆုံရမယ့်နေရာတစ်ခုကို ကြိုပြီး သတ်မှတ်ထားပါ။ ကိုယ့်နေရာကနေ ရွှေ့ပြောင်းဖို့လိုလာတဲ့အခါပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုတွေ ပြတ်တောက်ပြီး မရရှိတော့တဲ့အခါပဲဖြစ်ဖြစ် ရက်အတန်ကြာ လိုလိုမယ်မယ် အသုံးပြုနိုင်အောင် ကြာရှည်ခံတဲ့အစားအစာ၊ ဆေးဝါး၊ ရှေးဦးသူနာပြုပစ္စည်း၊ ဓာတ်မီး၊ ဓာတ်ခဲနဲ့ ရေအပါအဝင် အရေးပေါ်ပစ္စည်းအိတ်တစ်ခု ပြင်ထားပါ။ ရေကြီးတဲ့အခါ သင့်ကလေးကျောင်းကို စုံစမ်းပြီး ကျောင်းက ဘယ်လိုစီစဉ်ထားလဲ သိအောင်လေ့လာပါ။
မိမိအန္တရာယ်ကို သိထားပါ
ကိုယ့်ဒေသမှာ ဖြစ်ပေါ်နိုင်တဲ့ ရေကြီးမှုအမျိုးအစားအကြောင်း လေ့လာပြီး ရေကြီးမှုဖြစ်လာတဲ့အခါ အကူအညီရယူနိုင်ဖို့ မိမိရဲ့ ဒေသခံ အရေးပေါ် အဆက်အသွယ်တွေကို သိအောင်လုပ်ထားပါ။ ရေကြီးရေလျှံမှုဖြစ်နိုင်ခြေရှိကြောင်း ကြိုတင်ခန့်မှန်းချက်တွေကို အမြဲစောင့်ကြည့်ပါ။ ဒေသခံ သတိပေးစနစ်တွေနဲ့ပတ်သက်ပြီး ဘယ်သူတွေက သတိပေးတယ်၊ ဘယ်လိုထုတ်လွှင့်အသိပေးတယ်၊ အချိန်ဘယ်လောက်ကြိုတင်ပြီး သတိပေးတယ်ဆိုတာတွေကို သေချာလေ့လာပြီး သိအောင်လုပ်ထားပါ။ ကိုယ့်အိမ်ရဲ့ အန္တရာယ်ရှိနိုင်တဲ့အနေအထားကို သိထားဖို့လည်း အရေးကြီးပါတယ်။
ကလေးတွေကို ရေကူးတတ်အောင်သင်ပေးပါ
ရေကြီးရေလျှံမှုတွေအတွင်း သေဆုံးမှု အများစုဟာ ရေနစ်သေဆုံးမှုကြောင့် ဖြစ်ပါတယ်။ ကလေးတွေကို ရေကူးတတ်အောင် သင်ကြားပေးခြင်းက အရေးပေါ်အခြေအနေတွေမှာ သူတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
စာရွက်စာတမ်းတွေကိုလုံခြုံအောင်ထားပါ
အပျက်အစီးအနည်းဆုံးဖြစ်အောင် မှတ်ပုံတင်ကတ်လို အရေးကြီး စာရွက်စာတမ်းတွေကို အမြင့်နေရာမှာ သိမ်းပါ ဒါမှမဟုတ် ရေမစိုနိုင်တဲ့နေရာတစ်ခုခု (ဥပမာ အလုံပိတ်ပလစ်စတစ်အိတ်) ထဲ ထည့်သိမ်းထားပါ။
ရေကြီးနေချိန်အတွင်း ဘာလုပ်ရမလဲ
ဒေသဆိုင်ရာအာဏာပိုင်တွေ ပြောတာကိုနားထောင်ပါ
နောက်ဆုံးရ မိုးလေဝသသတင်းတွေနဲ့ တရားဝင်အကြံပြုချက်တွေကို ဒေသခံ သတင်းတွေ၊ ရေဒီယိုတွေကနေ အမြဲနားထောင်ပါ။ မိမိကို ထွက်ခွာဖို့ပြောတဲ့အခါ အရေးပေါ်ပစ္စည်းအိတ်နဲ့ မှတ်ပုံတင် စာရွက်စာတမ်းတွေကို ယူပြီး ချက်ချင်းထွက်ခွာပါ။ ကယ်ဆယ်ရေးတာဝန်ရှိသူတွေက အတားအဆီးတွေ ချထားတဲ့အခါ ဖြတ်ဖို့မကြိုးစားပါနဲ့ ။ ဒီအတားအဆီးတွေက လူတွေကို အန္တရာယ်ရှိတဲ့နေရာတွေအနီးမှာ ဘေးအန္တရာယ်ကင်းကင်းသွားနိုင်ဖို့ ချထားတာဖြစ်ပါတယ်။
သင့်အိမ်ကိုလုံခြုံအောင်လုပ်ပါ
အသုံးအဆောင်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားပါ၊ လျှပ်စစ်မီး၊ ဂက်စ်မီးဖိုတွေနဲ့ ထိန်းသိမ်းဖို့လိုတဲ့ အရေးကြီးပစ္စည်းတွေကို ပိတ်ထားပါ။
မြေမြင့်ရာနေရာကို သွားပါ
တန့်နေတဲ့၊ စီးနေတဲ့ ဒါမှမဟုတ် မြင့်တက်လာတဲ့ရေကို ရှောင်ဖို့ ပိုမြင့်တဲ့နေရာကို သွားပါ။ အမြန်နှုန်းနဲ့တက်လာတဲ့ရေထဲ လမ်းမလျှောက်ပါနဲ့၊ ရေမကူးပါနဲ့၊ ကားဖြတ်မမောင်းပါနဲ့။ ရေစီးမြန်နေတဲ့အချိန်မှာ ရေတိမ်ပိုင်း၊ ရေပိုလွှဲပေါက်၊ တံတား၊ မြေအောက်ပိုက်လိုင်း ဒါမှမဟုတ် လမ်းမကြီးတွေကို ဖြတ်ကူးဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ ရေကြီးနေတဲ့ နေရာမှာ ပြောင်းရွှေ့ရမယ်ဆိုရင် အသက်ကယ်အင်္ကျီ ဒါမှမဟုတ် တခြား ရေပေါ်မှာ ပေါလောပေါ်နေတဲ့ အရာဝတ္ထုတွေကို အသုံးပြုရပါမယ်။ ကားထဲမှာ ရေတွေပြည့်လာရင် အမိုးပေါ်ကိုတက်ပါ။ အဆောက်အအုံထဲမှာ ပိတ်မိနေရင် အမြင့်ဆုံးအဆင့်ကို တက်ပြီး လိုအပ်မှသာ အိမ်ခေါင်မိုးပေါ်ကို တက်ပါ။ တက်လာတဲ့ရေတွေကြောင့် ပိတ်မိနိုင်တဲ့အတွက် သင့်အိမ်ရဲ့ အမြင့်ဆုံးမှာရှိတဲ့ အပိတ်နေရာတစ်ခု ဥပမာ အပေါ်ထပ်ထပ်ခိုးလိုနေရာမျိုးမှာ မနေပါနဲ့။
ကလေးတွေကို တက်လာနေတဲ့ ဒါမှမဟုတ် ငြိမ်နေတဲ့ ရေထဲသွားခွင့်မပြုပါနဲ့
ရေကြီးတဲ့အခါ တက်လာတဲ့ရေတွေက ထင်ရတာထက် ပိုနက်ပြီး ရေစီးပိုမြန်တဲ့အတွက် မတော်တဆဖြစ်ဖို့ လွယ်ကူတာကြောင့် ကလေးတွေကို ရေလွှမ်းမိုးနေတဲ့နေရာတွေ ဒါမှမဟုတ် ရေစီးဆင်းနေတဲ့နေရာတွေကို ဖြတ်ပြီး ကစားတာ၊ ရေကူးတာမျိုး မလုပ်ဖို့ အနီးကပ် စောင့်ကြည့်ပြီး သတိပေးပါ။
ချစ်ရသူတွေကို အသိပေးပါ
သင် ဘေးကင်းပြီး ဆက်သွယ်နိုင်တဲ့နေရာတစ်ခုခုကို ရောက်တာနဲ့ ကိုယ့်ရဲ့တခြားမိသားစုဝင်တွေ၊ ကိုယ်နဲ့ရင်းနှီးသူတွေကို အသိပေးပါ။
ရေကြီးပြီးနောက်ပိုင်း ဘာလုပ်ရမလဲ
နောက်ဆုံးရသတင်းတွေကို နားထောင်ပါ
ဒေသဆိုင်ရာအာဏာပိုင်တွေဆီက နောက်ဆုံးရသတင်းတွေကို စောင့်ကြည့်ပြီး ဘေးကင်းကြောင်း ကြေညာပြီးမှသာ မိမိတို့အိမ်ကိုပြန်ပါ။
မိသားစုရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ
ရေလွှမ်းမိုးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းတဲ့ရေတွေဟာ မိမိနဲ့မိသားစုတွေကို ကာလဝမ်းရောဂါနဲ့ အူရောင်ငန်းဖျားရောဂါလို ရေကြောင့်ဖြစ်တဲ့ ရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါတယ်။ ရေတွေက ညစ်ညမ်းပြီး ရောဂါပိုးမွှားတွေ ပါနိုင်တဲ့အတွက် ကလေးတွေကို တတ်နိုင်သမျှ ရေနဲ့ဝေးရာမှာ ထားပါ။ ကလေးက ရေကြီးနေတဲ့ရေတွေနဲ့ ထိတွေ့မိခဲ့ရင် တတ်နိုင်သမျှ အမြန်ဆုံးရေချိုးပေးပြီး လက်တွေကို မကြာခဏဆေးခိုင်းပါ။ မိမိနဲ့ မိမိရဲ့ မိသားစုဝင်တစ်ဦးဦး နေမကောင်းဖြစ်ပါက အဆင်ပြေတာနဲ့အမြန်ဆုံး ဆရာဝန်နဲ့ပြပါ။
အစားအစာနှင့်ရေကို လုံခြုံအောင်ထားပါ
အစားအစာနဲ့ ရေညစ်ညမ်းမှုမဖြစ်အောင် ဖုံးအုပ်ထားပြီး သန့်စင်ထားခြင်းမရှိတဲ့ ရေထွက်ပင်ရင်းက ခပ်ထားတဲ့ ရေကို အသုံးမပြုခင် အနည်းဆုံး သုံးမိနစ်ခန့် ကြိုချက်ပါ။ အစားအစာတွေကို ချက်ပြုတ်ဖို့နဲ့ အိုးခွက် ပန်းကန်တွေနဲ့ အစာစားရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဆေးကြောဖို့ ကျိုချက်ထားတဲ့ရေကို အသုံးပြုပါ။ ညစ်ညမ်းတဲ့ရေကို မသောက်ပါနဲ့၊ ရေစိုနေတဲ့ အစားအစာတွေကို ဘယ်တော့မှ မစားပါနဲ့။
ဘေးကင်းလုံခြုံစွာ သန့်ရှင်းရေးလုပ်ပါ
သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ ရာဘာလက်အိတ်နဲ့ ဘွတ်ဖိနပ်အပါအဝင် အကာအကွယ်ပေးတဲ့ ပစ္စည်းတွေကို အသုံးပြုပါ။ အိမ်ထဲကနေ ရေစုပ်ထုတ်မယ်ဆိုရင် သတိထားပါ။ ဖြည်းဖြည်းချင်းစုပ်ထုတ်ပြီး အပျက်အစီးအစအနတွေနဲ့ လျှပ်စစ်ဝါယာကြိုးလို အန္တရာယ်ရှိတာတွေကို သတိထားကြည့်ပါ။ ဖြစ်နိုင်ရင် ၂၄ နာရီကနေ ၄၈ နာရီအတွင်း ခြောက်နိုင်သလောက် မြန်မြန်ခြောက်အောင်လုပ်ပါ။ စိုစွတ်တဲ့နေရာတွေကို လေဝင်လေထွက်ကောင်းအောင်ထားပါ။ ခြောက်အောင်လုပ်လို့မရနိုင်တော့တဲ့၊ ပြင်လို့မရနိုင်တော့တဲ့ ပစ္စည်းတွေကို စွန့်ပစ်ပါ။
သန့်ရှင်းရေးလုပ်တဲ့အခါ တတ်နိုင်သမျှ ကလေးတွေကို မပါခိုင်းပါနဲ့။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ ပြန်မလာခင်မှာ ကစားစရာတွေ၊ အဝတ်အစားတွေနဲ့ နေထိုင်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ထားသင့်ပါတယ်။ ရေကြောင့် ဆိုးဆိုးရွားရွား ညစ်ညမ်းပျက်စီးသွားတဲ့ ပစ္စည်းတွေကို စွန့်ပစ်သင့်ပါတယ်။
ရေကြီးပြီးနောက် ကလေးတွေကို အားပေးနှစ်သိမ့်ပါ
ပွင့်ပွင့်လင်းလင်း စကားစပြောပါ
- ကလေးတွေကို ရေကြီးမှုကြောင့် သူတို့ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်း ပြောပြဖို့ အခွင့်အရေးပေးပါ၊ သူတို့မှာ စိတ်ပူပင်မှုတွေ၊ ထိတ်လန့်မှုတွေရှိနေရင်လည်း မျှဝေပြောပြဖို့ အားပေးပါ။
- သူတို့ပြောပြတာကို သေချာနားထောင်ပေးပြီး သူတို့ခံစားချက်ကို အလေးအနက် ဂရုစိုက်တဲ့အကြောင်း ပြသပါ။
စိတ်အေးအောင်အားပေးပါ
- ရေကြီးတာနဲ့ နောက်ဆက်တွဲပြဿနာတွေက အမြဲတမ်းဖြစ်နေမှာ မဟုတ်တဲ့အကြောင်း သိအောင်ပြောပြပါ။ ရေကြီးတယ်ဆိုတာ သဘာဝဖြစ်ရပ်တစ်ခုပဲဖြစ်ပြီး ဘယ်သူ့အပြစ်မှ မဟုတ်ဘူးဆိုတာ ရှင်းပြပါ။
- ကလေးတွေကို အချိန်ပေးပြီး ကြင်နာဖေးမပါ။
စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုလက္ခဏာတွေကို စောင့်ကြည့်ပါ
ကလေးအတော်များများက ကပ်ဘေးတစ်ခုဖြစ်ပြီးနောက်ဖြစ်စေ၊ တစ်လလောက်အကြာမှာဖြစ်စေ ဘာမှမဖြစ်ဘူးထင်ရပေမယ့် မတုန်မလှုပ်ခံစားချက်က တဖြည်းဖြည်းပျောက်သွားပြီး စိတ်ဒဏ်ရာ လက္ခဏာတွေ စပြီး ပြသလာတတ်ပါတယ်။ စိုးရိမ်မှုတချို့ ဆက်ဖြစ်နိုင်နေသေးပေမယ့် လပိုင်းလောက်အကြာအထိ ပျောက်မသွားခဲ့ရင်ဖြစ်ဖြစ်၊ ကလေးက ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ အကြောက်လွန်ပြီး တိုက်ခိုက်တာ၊ သူတို့ကိုယ်ကိုနဲ့ တခြားသူကို ထိခိုက်အောင် လုပ်တာလို လက္ခဏာတွေ ခံစားလာရရင် မိသားစုဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။
စိတ်တည်ငြိမ်စေမယ့် လေ့ကျင့်ခန်းတွေကို အတူတူလေ့ကျင့်ပါ
ဝမ်းဗိုက်နဲ့ အသက်ပြင်းပြင်းရှူခြင်းက သိပ်ကိုအထောက်အကူပြုပါတယ်၊ ကိုယ့်ရဲ့ နည်းနည်းကြီးတဲ့ ကလေးငယ်တွေနဲ့အတူတူ လေ့ကျင့်ကြည့်ပါ။ အကယ်၍ ပိုငယ်တဲ့ကလေးငယ်တွေရှိရင် ကစားနည်းတစ်ခုအဖြစ်နဲ့ လုပ်ကြည့်လို့ရပါတယ် - နာရီတိုင်းရဲ့အစမှာ အသက်ရှူနှုန်းကို တဖြည်းဖြည်းချင်း လျှော့ရင်းနဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဘယ်လောက် တည်ငြိမ်အောင် လုပ်နိုင်တယ်ဆိုတာကို ကြည့်ပါ။
လုပ်ရိုးလုပ်စဉ်တစ်ခုထားရှိဖို့ကြိုးစားကြည့်ပါ
တော်တော်လေး ခက်ခဲနိုင်ပေမယ့် အချိန်မှန် အိပ်ရာဝင်တာ၊ အချိန်မှန်ထမင်းစားတာက ကလေးတွေကို ရေဘေးမတိုင်ခင်က သူတို့ဘဝနဲ့ နည်းနည်းပိုပြီး ဆက်စပ်မိတယ်လို့ ခံစားမိစေနိုင်ပါတယ်။
*ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။