သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအတွင်း စူပါတိုင်ဖွန်း ရာဂီ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရေဘေးတုံ့ပြန်မှုအကူအညီများ WFP စတင်ပေးအပ်မည်

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။

WFP သတင်းထုတ်ပြန်ချက်

ရန်ကုန်- လွန်ခဲ့သည့်ရက်ပိုင်းအတွင်း စူပါတိုင်ဖွန်း ရာဂီ ဖြတ်သန်းပြီးနောက် မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံလျက်ရှိသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ရန် ရေဘေးတုံ့ပြန်မှုလုပ်ငန်းတစ်ရပ်ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယခုသီတင်းပတ်တွင် စတင်သွားမည်ဖြစ်ပါသည်။ WFP သည် ဇူလိုင်လမှစတင်၍ ရေဘေးတုံ့ပြန်ရေးအကူအညီများ ပေးအပ်လျက်ရှိရာ ယခုအခါ လုပ်ငန်းပမာဏ သိသိသာသာ တိုးချဲ့ကာ အကူအညီများ ပေးအပ်သွားမည်ဖြစ်ပါသည်။

စက်တင်ဘာ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့သည့် စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးကြီးမှုများ၊ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ကြုံတွေ့ခဲ့ရသည်။ ရေလွှမ်းမိုးမှုများကြောင့် လက်ရှိအချိန်အထိ လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ကြရပြီး နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး လူပေါင်း ၆၃၁,၀၀၀ ခန့် ဘေးသင့်ခဲ့ကြရသည်။

“စူပါတိုင်ဖွန်း ရာဂီကြောင့်ဖြစ်ခဲ့တဲ့ ဒီရေ‌ဘေးဟာ  မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးရေဘေးပါပဲ။ နိုင်ငံရဲ့ နေရာအတော်များများမှာ ရေလွှမ်းမိုးခံနေရပြီး တချို့နေရာတွေမှာဆိုရင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအဖြစ် ရေလွှမ်းမိုးတာကို ကြုံတွေ့ရတာ ဖြစ်ပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောသည်။ “ဒီရေဘေးရဲ့ စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုက အင်မတန် ပြင်းထန်ဆိုးရွားလှပါတယ်။ ရေကြီးမှုတွေ မဖြစ်ပွားခင် သြဂုတ်လမှာကတည်းက မြန်မာနိုင်ငံမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့နေရတာပါ။ အခုလို တိုးပွားလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မတို့ဝန်ထမ်းအဖွဲ့တွေဟာ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေကြပါတယ်။” ဟု ၎င်းက ပြောသည်။

WFP သည် အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ရေဘေးသင့်ပြည်သူ ၅ သိန်းခန့်အထိအတွက် ဆန်၊ အားဖြည့်ဘီစကစ်များနှင့် အာဟာရ အထောက်အပံ့များ ပါဝင်သည့် တစ်လစာ စားနပ်ရိက္ခာများကို တိုက်ရိုက် ဖြန့်ဝေ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် WFP ဝန်ထမ်းအဖွဲ့များသည် သီးနှံစိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာလက်လှမ်းမီရရှိရေးတို့အပေါ် ရေဘေး၏ အကျိုးသက်ရောက်မှုအခြေအနေများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကဲဖြတ်လေ့လာလျက်ရှိပါသည်။

တိုင်ဖွန်း ရာဂီ မတိုင်မီက WFP သည် ဇူလိုင်နှင့် သြဂုတ်လအတွင်း လယ်ဧက သောင်းနှင့်ချီ ရေလွှမ်းမိုးခံခဲ့ရသော ရေဘေးအတွင်း အရေးပေါ်အကူအညီအနေဖြင့် ရေဘေးသင့်ပြည်သူ ၁၈၅,၀၀၀ ခန့်အား စားနပ်ရိက္ခာအထောက်အပံ့များ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ 

ဓာတ်ပုံများကို ဤ link တွင် ရယူနိုင်ပါသည်။

Elise Gibergues-Newton

WFP
Communications Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ