အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဆိုတာ လူငယ်တွေရဲ့ စွမ်းပကားနဲ့ အရည်အသွေးတွေကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။
ဒီနှစ်မှာ အလေးပေးဖော်ပြလိုတာက ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့အတွက် နည်းပညာကို အသုံးချရာမှာ လူငယ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။
ရာသီဥတု ပြောင်းလဲမှုကနေ မြင့်တက်လာနေတဲ့ တန်းတူညီမျှမှု မရှိတာမှုတွေ၊ စိတ်ကျန်းမာရေး အကျပ်အတည်းတွေအထိ ပြည်တွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ရာမှာ ဒစ်ဂျစ်တယ် ကိရိယာ အတော်များများကို ဖန်တီးထုတ်လုပ်ပေးနေတာြဖစ်လို့ ကမ္ဘာတစ်ဝန်းမှာ လူငယ်တွေဟာ ဒစ်ဂျစ်တယ်ခလုပ်တွေကနေ တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်တွေ ပြည့်မီဖို့အတွက် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု လိုအပ်ပါတယ်။ အဲဒါကလည်း ကျွန်တော်တို့တတွေ လူငယ်တွေကို လုပ်ပိုင်ခွင့်တွေပေးပြီး ခွဲခြားမှုမရှိ သူတို့နဲ့ တသားတည်း လက်တွဲ လုပ်ဆောင်မှသာ ဖြစ်လာနိုင်မှာပါ။
အဲဒါက ခေတ်မီ သတင်း ဆက်သွယ်ရေး နည်းပညာ လက်လှမ်းမီမှု ကွာဟချက်တွေ (digital divides) ကို ပေါင်းကူးပေးတာ၊ ပညာရေး၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနဲ့ သတင်းအချက်အလက်ဆိုင်ရာ ကျွမ်းကျင်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်တာ၊ နည်းပညာနယ်ပယ်မှာ မကြာခဏဆိုသလို လွှမ်းမိုးကြီးစိုးတတ်တဲ့ ကျား-မ ဘက်လိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းတာနဲ့ ဒစ်ဂျစ်တယ် နည်းလမ်းတွေကို ချဲ့ထွင်ရာမှာ လူငယ် ဆန်းသစ်တီထွင်သူတွေကို ပံ့ပိုးကူညီပေးတာတွေကို ဆိုလိုပါတယ်။
အေအိုင် ဉာဏ်ရည်တုနည်းပညာက ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကို ပြောင်းလဲပုံဖော်နေသလို လူငယ်တွေကလည်း ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ မူဝါဒတွေနဲ့ အဖွဲ့အစည်းတွေကို ပုံဖော်ရာမှာ ရှေ့တန်းနဲ့ အဓိကနေရာမှာ ရှိနေရပါမယ်။
နောက်လမှာ ကျင်းပမယ့် “အနာဂတ် ညီလာခံ”ဟာ ပိုမို ကွန်ယက်ချိတ်ဆက်ပြီး ပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြေရှင်းရေး ယန္တရားတွေကို တည်ဆောက်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ကဏ္ဍတိုင်းမှာ လူငယ်တွေရဲ့ပါဝင်မှုကို မြှင့်တင်ဖို့၊ လူငယ်အကြံပေးအဖွဲ့တွေကို ဖွဲ့စည်းဖို့၊ မျိုးဆက်သစ်ပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲတွေကို အားပေးကူညီဖို့နဲ့ နေရာစုံက လူငယ်တွေအတွက် ရန်ပုံငွေထောက်ပံ့ရေး အခွင့်အလမ်းတွေကို ချဲ့ထွင်ဖို့တို့အတွက် ဒီညီလာခံကို အသုံးချကြပါရန် ခေါင်းဆောင်များကို တိုက်တွန်းလိုပါတယ်။
ကုလသမဂ္ဂ လူငယ်ရုံးနဲ့ ကုလသမဂ္ဂမိသားစု တစ်ခုလုံးက လူငယ်တွေအတွက်၊ လူငယ်တွေနဲ့အတူ၊ ရပ်တည်မယ်ဆိုတာကို ယုံကြည်ထားလို့ရပါတယ်။
အားလုံးအတွက် ပိုမို ရေရှည်တည်တံ့တဲ့ အနာဂတ်တစ်ခု ဖော်ဆောင်ရာမှာ လူငယ်တွေရဲ့ စွမ်းအင်နဲ့ စိတ်ကူးစိတ်သန်းတွေကို အတူတကွ အသုံးပြုကြရအောင်ပါ။