မူးယစ်ဆေးဝါးတွေဟာ အဆုံးမရှိတဲ့ လူ့ဒုက္ခဆင်းရဲမှုတွေရဲ့အရင်းခံ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲမှုဟာ လူတွေရဲ့ ကျန်းမာရေးနဲ့ သုခချမ်းသာကို တဖြည်းဖြည်း ပျက်သုဥ်းစေပါတယ်။ အလွန်အကျွံသုံးစွဲခြင်းကြောင့်လည်းနှစ်စဉ် လူ့အသက်ပေါင်း သိန်းချီ ဆုံးရှုံးနေပါတယ်။
တချိန်တည်းမှာပဲ ဓာတု မူးယစ်ဆေးဝါး (synthetic drugs) တွေဟာ ပိုမို စွဲလမ်းစေတတ်ပြီး အန္တရာယ် ပိုများပါတယ်။ ဒါ့အပြင် တရားမဝင် မူးယစ်ဆေးဝါး စျေးကွက်ဟာ စံချိန်တင် ထုတ်လုပ်နေတာကြောင့် ကမ္ဘာတစ်ဝန်း လူမှုအသိုက်အဝန်းတွေမှာ အကြမ်းဖက်မှုတွေနဲ့ ပြစ်မှုတွေ တိုးလာနေပါတယ်။
ငယ်ရွယ်သူတွေအပါအဝင် အကာအကွယ်အမဲ့ဆုံးသူတွေဟာ အဲဒီအန္တရာယ်ရဲ့ သက်ရောက်မှုကို အမြဲတစေ အဆိုးရွားဆုံး ခံစားကြရပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတဲ့ဝေဒနာနဲ့ ရှင်သန် နေထိုင်နေကြရသူတွေဟာ မူးယစ်ဆေးဝါး ကိုယ်တိုင်ကြောင့်၊ နှိမ့်ချဆက်ဆံမှုနဲ့ ခွဲခြားဆက်ဆံခံရမှုတွေကြောင့်၊ နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုနဲ့ ပြဿနာအပေါ် လူမဆန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကြောင့် အကြိမ်ကြိမ် ထိခိုက်ခံစားကြရပါတယ်။
“ဒုက္ခစက်ဝန်းက လွတ်မြောက်ဖို့” ဆိုတဲ့ ဒီနှစ်ရဲ့ဆောင်ပုဒ်က မူးယစ်ဆေးဝါးရဲ့ သားကောင်မဖြစ်ခင် ကာကွယ်တားဆီးရေးပိုင်းမှာ ရင်းနှီးမြှုပ်နှံပြီး ကနဦးကတည်းက စတင်လုပ်ဆောင်ဖို့ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။
လူအများလက်ခံထားပြီးသား မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး အစီအစဥ်တွေဟာ လူသားတွေနဲ့ လူတွေရဲ့ ဒုက္ခရောက်မှုကနေ အမြတ်ထုတ်တဲ့ တရားမဝင် စီးပွားရေး လုပ်ငန်းတွေကို ဖယ်ရှားရှင်းလင်းနေတဲ့ လူမှုအသိုက်အဝန်းတွေကိုလည်း အကာအကွယ် ပေးနိုင်ပါတယ်။၊
ကျွန်တော် ပေါ်တူဂီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တုန်းက ဒီအန္တရာယ်ကို တိုက်ဖျက်တဲ့နေရာမှာ ကြိုတင်ကာကွယ်တားဆီးခြင်းရဲ့ တန်ဖိုးကြီးမှုကို ပြသခဲ့ပါတယ်။ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်ပေါင်းစည်းရေး ဗျူဟာတွေကနေ ပြည်သူ့ကျန်းမာရေး အသိပညာပေး လှုံ့ဆော်မှုအစီအစဉ်တွေ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ ပြုစုကုသရေးနဲ့ ဘေးအန္တရာယ်လျှော့ချရေး နည်းလမ်းတွေမှာ ငွေကြေးထည့်ဝင်မှုတွေကို တိုးမြှင့်တာတွေအထိ၊ ကြိုတင်ကာကွယ်တားဆီးခြင်းက အကျိုးရှိပါတယ်။
ဒါကြောင့် အခုလို အရေးပါတဲ့နေ့မှာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုရဲ့ ဘေးဆိုးကို အဆုံးသတ်စေရေးအတွက် အပြီးသတ် ဆက်လက် တိုက်ပွဲဝင်ကြရအောင်ပါ။