အနာဂတ်မျိုးဆက်သစ်များအတွက် အမွေအနှစ်တရပ် ဖန်တီးခြင်း သို့မဟုတ် ကြိုတင်ကာကွယ်ရေး၌ ရင်းနှီးမြှုပ်နှံမှု
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအကျပ်အတည်းသည် လူတစ်ဦးချင်းစီ အထူးသဖြင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ (IDPs) အများအပြားကို သက်ရောက်မှုရှိသည်။
“ကျွန်မရဲ့ ကလေးတွေကို မေတ္တာ၊ ဂရုစိုက်မှုနဲ့ ပြုစုပျိုးထောင်ခြင်းဟာ အနာဂတ်မှာ သူတို့လေးတွေကို မူးယစ်ဆေးဝါး အလွဲသုံးစားမှု မဖြစ်အောင် တားဆီးနိုင်မယ်ဆိုတာ ကျွန်မ မသိခဲ့ပါဘူး။ ဒီသင်တန်းကနေ မိဘအုပ်ထိန်းခြင်းဆိုင်ရာ ချဉ်းကပ်မှု၊ မိသားစု စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့ စိတ်ဖိစီးမှု မြင့်မားမှု အဆင့်တွေဟာ ကလေးတွေမှာ စောစောစီးစီး မူးယစ်ဆေးဝါးကို သုံးစွဲလာစေနိုင်တာ လေ့လာသိရှိခဲ့ရပါတယ်။ ဒီလို လေ့လာခဲ့ရတော့ သူတို့ရဲ့အနာဂတ်အတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေလုပ်ဖို့ ကျွန်မကို တွန်းအားပေးပါတယ်” ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ခိုင်မာသော မိသားစုအစီအစဉ်တွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ IDP စခန်းတစ်ခုမှ မိခင်တစ်ဦးက ပြောကြားခဲ့သည်။
ဤအခြေအနေကိုကြည့်ခြင်းအားဖြင့် အထောက်အထားအခြေပြု မူးယစ်ဆေး၀ါးသုံးစွဲမှု ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ စီမံကိန်းများ၏ အရေးကြီးပုံကို မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ အထူးသဖြင့် လက်ရှိ ဆင်းရဲတကာ့အဆင်းရဲဆုံး နိုင်ငံသားများအပါအဝင် လူငယ်များပင် ရပ်ရွာအသိုက်အ၀န်း၌ ဘိန်းနှင့် ဓါတုပစ္စည်းမှ ထုတ်လုပ်သည့် ဆေး၀ါးများကို၊ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များအတွင်း မူးယစ်းဆေး၀ါးစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်နေကြပြီဖြစ်သည့် ဤအခြေအနေတွင် မူးယစ်ဆေး၀ါးသုံးစွဲမှု ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ စီမံကိန်းများမှာ ပိုမိုအရေးပါလျက်ရှိသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအကျပ်အတည်းသည် လူတစ်ဦးချင်းစီ အထူးသဖြင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ (IDPs) အများအပြားကို သက်ရောက်မှုရှိသည်။ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြောင့် ရွှေ့ပြောင်းအခြေချသူများ ပိုမိုများပြားလာကာ မူးယစ်ဆေးဝါးသုံးစွဲမှုသည် အခွင့်အလမ်းအကန့်အသတ်ရှိသော IDPs များကြားတွင် စိတ်ဒဏ်ရာများကို ကိုင်တွယ်ဖြေရှင်းသည့် ယန္တရားတစ်ခု ဖြစ်လာခဲ့သည်။ အကျပ်အတည်း၏ ပြင်းထန်မှုနှင့်အတူ မြန်မာနိုင်ငံသည် ကမ္ဘာ့ဘိန်းထုတ်လုပ်မှု၏ အဓိကရင်းမြစ် ဖြစ်လာပြီး အရှေ့တောင်အာရှတွင် မက်သမ်ဖတမင်း (methamphetamine) နှင့် ကတ်တမင်း (ketamine) ကဲ့သို့ ဓာတုပစ္စည်းသုံး လူလုပ်မူးယစ်ဆေး၀ါး ထုတ်လုပ်ရာတွင်လည်း ဗဟိုဌာန ဖြစ်လာခဲ့ပါသည်။ ဤအကြောင်းအရာနှင့်အတူ မူးယစ်ဆေးဝါး ဈေးနှုန်းများ ကျဆင်းလာခြင်းနှင့် မူးယစ်ဆေးဝါး အလွယ်တကူ လက်လှမ်းမီနိုင်မှုတို့ကြောင့် အထူးသဖြင့် ဆင်းရဲတကာ့အဆင်းရဲဆုံးနှင့် လူငယ်လူရွယ်များကြားတွင် မူးယစ်ဆေးဝါး သုံးစွဲမှု သိသိသာသာ မြင့်တက်လာခဲ့သည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။
“မူးယစ်ဆေးသုံးစွဲမှုဟာ လူတစ်ဦးချင်း၊ မိသားစု၊ လူမှုအသိုင်းအဝိုင်းနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေပါတယ်။ ၎င်းသည် ရာဇ၀တ်မှုများ တိုးမြင့်လာခြင်း၊ တင်းမာသော ဆက်ဆံရေးများနှင့် စီးပွားရေး မတည်ငြိမ်မှုများကို ဖြစ်စေသည်။ ထို့ပြင် လျှို့ဝှက်ဓာတ်ခွဲခန်းများတွင် ဓာတုဆေးဝါးများ အသုံးပြုကာ မူးယစ်ဆေးဝါးများအား ထုတ်လုပ်မှုသည် တာဝန်မဲ့စွန့်ပစ်သည့် အဆိပ်အတောက်ဖြစ်စေသည့် ဓာတုစွန့်ပစ်ပစ္စည်းများကို ထုတ်ပေးပြီး သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေကြောင်း” UNODC မြန်မာရုံးမှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ယတ်တာဒါကိုဝါက ပြောကြားခဲ့ပါသည်။
ဤအခြေအနေအရပ်ရပ်တို့ကို တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး သတ်မှတ်ရွေးချယ်ထားသော ပြည်နယ်၊ တိုင်းများဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် သက်သေအထောက်အထား အခြေပြု မူးယစ်ဆေးဝါးသုံးစွဲမှု တားဆီးကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ပါသည်။ UNODC ၏ ကြိုးပမ်းအားထုတ်မှုများတွင် HIV နှင့် အသည်းရောင်အသားဝါရောဂါ ကာကွယ်ရေးနှင့် စောင့်ရှောက်မှု အစပြုမှုများအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲမှု ကာကွယ်ရေးနှင့် ရပ်ရွာအခြေပြု ကုသရေးဆိုင်ရာ ပံ့ပိုးကူညီရေး အစီအစဉ်များ ပါဝင်သည်။ ကြိုးပမ်းမှုများရှိသော်လည်း၊ အထူးသဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ IDP စခန်းများရှိ အမျိုးသမီးများနှင့် လူငယ်များကဲ့သို့ ထိခိုက်လွယ်သော လူမှုအသိုက်အဝန်းများအတွက် ပိုမိုထိရောက်ပြီး လက်တွေ့ကျသော တားဆီးကာကွယ်ရေးနှင့် ကုသမှုဆိုင်ရာစီမံကိန်းများ လိုအပ်နေသေးသည်။
“မူးယစ်ဆေးဝါးသုံးစွဲမှု တားဆီးကာကွယ်ရေးသည် ကလေးများနှင့် လူငယ်များအတွက် မူးယစ်ဆေးဝါး အန္တရာယ်မှ အကာအကွယ်ပေးသည့် အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရန် ထိရောက်သော မဟာဗျူဟာများ ဖော်ဆောင်ရန် ရည်ရွယ်ပါသည်။ အဓိက ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါး စတင်သုံးစွဲမှုကို တားဆီးရန် သို့မဟုတ် နှောင့်နှေးစေပြီး ဆေးဝါးသုံးစွဲမှု စတင်နေပြီဖြစ်ပါက မူးယစ်ဆေးစွဲမှု၊ အန္တရာယ်ရှိသော သုံးစွဲမှုနှင့် မူးယစ်ဆေးဝါးအပေါ်မှီခိုမှုတို့ တိုးပွားလာမှုကို တားဆီးရန်ဖြစ်သည်” ဟု UNODC မြန်မာနိုင်ငံရုံးမှ မူးယစ်ဆေးနှင့် ကျန်းမာရေး ကျွမ်းကျင်သူ ဒေါက်တာဝင်းမာကပြောဆိုပါသည်။
ကြိုတင်ကာကွယ်ရေးဆိုင်ရာ အားထုတ်ကြိုးပမ်းဆောင်ရွက်မူများက အကျိုးကျေးဇူးများစွာ ရရှိနေပါသည်။ ထို့ပြင်ကြာရှည်ခိုင်မြဲသော အကျိုးသက်ရောက်မူကိုလည်း ဖန်တီးသည့် အလားအလာရှိပါသည်။ ကြိုတင်ကာကွယ်ရေး၌ ရင်းနှီးမြုပ်နှံခြင်းက မူးယစ်ဆေးဝါးသုံးစွဲမှုစက်ဝန်းကို ဖြတ်တောက်ရာတွင် ယင်း၏ အရင်းခံအကြောင်းများနှင့် ဘေးအန္တရာယ်အညွှန်းကိန်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ မိသားစုနှင့် ရပ်ရွာအသိုက်အဝန်း အစီအစဥ်ပရိုဂရမ်များအား မူးယစ်ဆေးသုံးစွဲမှုကို တိုက်ဖျက်ရန် ထောက်ကူမှုများကို ပံ့ပိုးလျက် အနာဂတ်မျိူးဆက်သစ်များအတွက်ပင် အကျိူးတရားရရှိစေမည်ဖြစ်ပါသည်။ ထိုမျှသာမက သက်သေအထောက်အထားအခြေပြု မူးယစ်ဆေးသုံးစွဲမှု တားဆီးကာကွယ်ရေးလုပ်ငန်းများသည် ကုန်ကျစရိတ်သက်သာပြီး မူးယစ်ဆေးဝါးသုံးစွဲမှု တားဆီးကာကွယ်ရေးလုပ်ငန်းများအတွက် သုံးစွဲလိုက်သော တစ်ဒေါ်လာတိုင်းသည် အနာဂတ်ကျန်းမာရေးစရိတ်အတွက် အနည်းဆုံး ၁၀ ဒေါ်လာကို ချွေတာနိုင်မည်ဖြစ်ပါသည်။
UNODC ၏ မူးယစ်ဆေးဝါးသုံးစွဲမှု တားဆီးကာကွယ်ရေး ပံ့ပိုးကူညီမှုသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ IDPs အပါအဝင် လူမှုအသိုင်းအဝိုင်းများတွင် ဒေသတွင်း CSO များ၊ NGO များနှင့် ရပ်ရွာခေါင်းဆောင်များအား ၎င်းတို့၏ လူမှုအသိုက်အဝန်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းရန်နှင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲမှု အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ပံ့ပိုးကူညီသောစီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ UNODC သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ထိခိုက်လွယ်ဆုံးသော ရပ်ရွာအဖွဲ့ဝင်များ အထူးသဖြင့် IDPs များ၏ ကျန်းမာရေးနှင့် လူ့အခွင့်အရေးများကို ပိုမိုထိရောက်သည့် တုံ့ပြန်မှုများနှင့် ပံ့ပိုးကူညီသွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ပါသည်။
UNODC မြန်မာနိုင်ငံရုံးအကြောင်းပိုမိုသိရှိနိုင်ရန် လင့်ခ် - here.