ရွှေ့ပြောင်းသွားလာမှုဟာ ဘဝရဲ့ ဖြစ်စဉ်တစ်ခု၊ ကောင်းကျိုးဖြစ်ထွန်းဖို့အတွက် တွန်းအားတစ်ခု ဖြစ်ပါတယ်။ အသိပညာနဲ့ အကြံဉာဏ်တွေ ဖလှယ်မှုကို အားပေးသလို စီးပွားရေး တိုးတက်မှုကိုလည်း ဖော်ဆောင်ပေးပါတယ်။ ရွှေ့ပြောင်းသွားလာမှုကြောင့် လူသန်းပေါင်းများစွာဟာ အခွင့်အရေးတွေ အကောင်အထည်ဖော်လာနိုင်ပြီး သူတို့ရဲ့ ဘဝတွေလည်း တိုးတက်လာပါတယ်။
တချိန်တည်းမှာပဲ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ ရွှေ့ပြောင်းသွားလာမှုဟာ ဒုက္ခအကြီးအကျယ် ရောက်စေပါတယ်။ လူကုန်ကူးသူတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နယ်ပယ်အတွင်းကို တွန်းပို့ခံရပြီး၊ ခေါင်းပုံဖြတ်မှု၊ မတရားမှုနဲ့ သေဆုံးမှုအထိ တွေ့ကြုံကြရပါတယ်။ အစိုးရနဲ့ အဖွဲ့အစည်းတွေကို ယုံကြည်မှု လျော့ပါးစေပြီး၊ လူမှုရေးဆိုင်ရာ တင်းမာမှုတွေကို ပိုမိုကြီးထွားစေတဲ့အပြင် အပြန်အလှန် နားလည်စာနာတတ်တဲ့ ကျွန်တော်တို့ရဲ့ လူသားဆန်မှုကိုပါ ထိခိုက်စေပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့မှာ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာမှုတို့မှာ အမြစ်တွယ်နေတဲ့ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ဘေးကင်းလုံခြုံတဲ့ စီမံခန့်ခွဲမှု အရေးတကြီး လိုအပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြလိုပါတယ်။
ဘေးကင်းလုံခြုံပြီး စနစ်ကျတဲ့ တရားဝင် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (Global Compact for Safe, Orderly, and Regular Migration) ကို လွန်ခဲ့တဲ့ ၅ နှစ်က နိုင်ငံတကာ အသိုက်အဝန်းက လက်ခံကျင့်သုံးခဲ့ပါတယ်။ ဒီသဘောတူညီချက်ဟာ အဖွဲ့ဝင်နိုင်ငံတွေအတွက် လုပ်ဆောင်ချက်တွေကို အကဲဖြတ်ဖို့၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ ရွှေ့ပြောင်းသွားလာမှုအတွက် အခွင့်အရေးကို အခြေခံတဲ့ လမ်းကြောင်းတွေ ချဲ့ထွင်ဖို့တွေအတွက် အရေးပါတဲ့ ရည်ညွန်းချက်နဲ့ အရင်းအမြစ် တစ်ခု ဖြစ်လာပါတယ်။
ဒါပေမဲ့ အဲဒီ အစီအမံတွေဟာ စံသတ်မှတ်ချက် မဟုတ်သေးပဲ ခြွင်းချက်အဖြစ်သာ ရှိနေဆဲ ဖြစ်ပါတယ်။ မူရင်းဇစ်မြစ် အသိုက်အဝန်း၊ ဖြတ်သန်းသွားလာမှုနဲ့ ရောက်ရှိမယ့် ခရီးပန်းတိုင် အပါအဝင် အားလုံးရဲ့ ကောင်းကျိုးအတွက် ပိုမို လူသားဆန်ပြီး ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ စနစ်ကျတဲ့ စီမံခန့်ခွဲမှု တစ်ခု ပေါက်ပေါက်လာအောင် ဒီကနေ့က စပြီး နေ့စဥ်နေ့တိုင်း ကျွန်တော်တို့ လုပ်ဆောင်ကြရပါမယ်။
ကျွန်တော်တို့ အားလုံးအတွက် ပိုမို ဘေးကင်းလုံခြုံပြီး ပိုမို သာယာဝပြောတဲ့ အနာဂတ်တစ်ခု အတူ ဖန်တီးကြရအောင်ပါ။